ပရီးမီးယားလိဂ် ချန်ပီယံ နဲ့ အဆင့် ၄ နေရာ ရမယ့် အသင်းတွေကို ခန့်မှန်းသုံးသပ်ခဲ့ကြတဲ့ ဂျိုကိုးလ် နဲ့ ဂျီးနပ်စ်

ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂျိုကိုးလ် နဲ့ ဂျာမိန်း ဂျီးနပ်စ် တို့ကတော့ မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူး သွားနိုင် လိမ့်မယ်လို့ ယမန်နေ့ ညက ကစားခဲ့တဲ့ ပွဲတွေ အပြီးမှာ ပြောဆို သွားခဲ့ ကြပါတယ် ။

စီးတီး ဟာ ကြားရက်မှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ လိဒ်ယူနိုက်တက် ကို ၇-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နေခဲ့ ပါတယ် ။

မနေ့ ညက ပွဲတွေမှာတော့ လီဗာပူး ဟာ နယူးကာဆယ် ကို အနိုင် ကစားကာ မန်စီးတီး ကို ၁ မှတ် အကွာ ကနေ ဆက်လက် ဖိအားပေး နေခဲ့ပေမယ့် ချဲလ်ဆီး ကတော့ အဲဗာတန် နဲ့ ၁ ဂိုးစီ သရေ ကျသွား ခဲ့တာကြောင့် မန်စီးတီး နဲ့ ၄ မှတ် ကွာဟ သွားခဲ့ရ ပါတယ် ။

ရာသီ အစတုန်းက ချဲလ်ဆီး ကို ဒီရာသီမှာ ဗိုလ်စွဲ နိုင်မယ်လို့ ခန့်မှန်း ခဲ့တဲ့ ဂျိုကိုးလ် ကတော့ လက်ရှိ မှာ သူ့ရဲ့ အမြင်ကို ပြောင်းလဲ လိုက်ပြီး မန်စီးတီး က ဗိုလ်စွဲမယ့် အသင်း ဖြစ်တယ်လို့ ယုံကြည်လာ မိကြောင်းနဲ့ ဘာကြောင့် မန်စီးတီး က ဗိုလ်စွဲ နိုင်ချေ ရှိတယ် ဆိုတဲ့ အကြောင်း ကိုလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အစတုန်းက ချဲလ်ဆီး ရမယ်လို့ ကျွန်တော် ထင်ခဲ့ ပါတယ် ၊ ဒါပေမယ့် အခုတော့ မန်စီးတီး လို့ပဲ ပြောရမှာပါ ။

ချဲလ်ဆီး က အမှတ်တွေ လျော့နေတဲ့ အချိန်မှာ လိဒ် နဲ့ ကစားတဲ့ မန်စီးတီး ပွဲကို ကျွန်တော် ကြည့်ဖြစ် ခဲ့ပါတယ် ။ တကယ်ကို မယုံကြည်နိုင် စရာပါပဲ ။

မန်စီးတီး နဲ့ အခြား အသင်းတွေ ကွာသွားတာက စီးတီး မှာ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲနဲ့ ပတ်သက်ပြီး အတွေ့ အကြုံကောင်း ရှိသူတွေ ပိုများ နေတာပါ”

“ဒီလို အကြိတ်အနယ် အမှားမခံ တဲ့ အနေအထားမျိုးကို စီးတီး ကစားသမား အများအပြားက ရှေ့ပိုင်း နှစ်တွေ ကတည်းက ကြုံထားခဲ့ ပြီးပါပြီ ။

ဒီလို အခြေအနေတွေကို ဘယ်လို ကျော်ဖြတ် ရမယ် ဆိုတာ သူတို့ ကောင်းကောင်း နားလည် ထားကြပါတယ်” လို့ ဂျိုကိုးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး အသင်းဟောင်း ချဲလ်ဆီး ရဲ့ အဓိက အခက်အခဲ ကတော့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ကန်တီ နဲ့ ကိုဗာဆစ် တို့ မကစားနိုင်တဲ့ အချိန်က စတင်ခဲ့တာ လို့ ဂျိုကိုးလ် က သုံးသပ်ခဲ့ ပါတယ် ။

ကန်တီ ဟာ ယူဗင်တပ် နဲ့ ကစားခဲ့တဲ့ နိုဝင်ဘာလ တုန်းက ပွဲမှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ကိုဗာဆစ် ကတော့ ကိုဗစ် ကူးစက် ခံထားရတာကြောင့် မကစား ပေးနိုင်တာပဲ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ် ကတော့ လီဗာပူး ဟာ ဒီရာသီမှာ စီးတီး ကို အနီးကပ်ဆုံး စိန်ခေါ် နိုင်မယ့် အသင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ယာဂင် ကလော့ ရဲ့ အသင်းဟာ ဥရောပ မှာ ပိုမို အောင်မြင်ဖွယ် ရှိနိုင်တယ် လို့လည်း ပြောဆို ခဲ့ ပါတယ် ။

“လီဗာပူး က ဥရောပ မှာရော ပြည်တွင်းမှာပါ တကယ် အားကောင်းနေပါတယ် ။ ကျွန်တော့ အကြိုက် ပြောရရင်တော့ သူတို့ ဥရောပ မှာ ပိုပြီး အောင်မြင် နိုင်မယ်လို့ ထင်ပါတယ်” လို့ ဂျီးနပ်စ်က ပြောဆိုခဲ့ ပါတယ် ။

ဂျိုကိုးလ် ၊ ဂျီးနပ်စ် တို့နဲ့ အတူ BT Sport ကနေ တင်ဆက်ခဲ့တဲ့ မန်စီးတီး နောက်ခံလူဟောင်း လက်စကော့ ကလည်း ဒီနှစ် ပရီးမီးယားလိဂ် ဟာ အသင်း ၃ သင်း အားပြိုင်ပွဲလို့ ဆိုနေကြပေမယ့် ချဲလ်ဆီး အနေနဲ့ ဖေဖော်ဝါရီ မကုန်ခင် အထိ အထူးသတိထား ကစားဖို့ လိုကြောင်း ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

အဲ့ဒိနောက် မှာတော့ သူတို့ဟာ ချန်ပီယံလိဂ် လက်ကျန် ဝင်ခွင့် တနေရာ ဖြစ်တဲ့ အဆင့် ၄ နေရာ အတွက် ဆက်လက် သုံးသပ် သွားခဲ့ကြပါတယ် ။

လက်ရှိ မှာ အာဆင်နယ် အသင်းက ဝက်စ်ဟမ်း ကို အနိုင် ကစားပြီး အဆင့် ၄ နေရာကို ရယူထား ပေမယ့် ဂျိုကိုးလ် ကတော့ ရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် က အဆင့် ၄ ကို ရယူ နိုင်မယ်လို့ ထင်ကြောင်း ပြောဆိုခဲ့ ပါတယ် ။

“ကျွန်တော် ကတော့ အာဆင်နယ် Top Four ထဲ ဝင်မယ်လို့ မထင်ပါဘူး ။ ဒါပေမယ့် သူတို့ ရဲ့ ဒီရာသီ တိုးတက်လာမှု ကတော့ အထင်ကြီး လေးစားစရာပါ ။

ဒီနေရာ ( အဆင့် ၄ ) အတွက် ရာသီကုန် အထိ အကြိတ်အနယ် ဖြစ်နေမယ်လို့ ထင်ပါတယ် ။ စပါးရော ဝက်စ်ဟမ်း ပါ ဒီနေရာ အတွက် ဆက်ပြီး တိုက်ပွဲ ဝင်နိုင် ကြဦးမှာပါ ။

နောက်ဆုံးမှာ မန်ချက်စတာ ယူနိုက်တက် က ဒီနေရာ ကို ရသွားမယ်လို့ ထင်ပါတယ် ။

ဘာလို့လည်း ဆိုတော့ ရိုနယ်ဒို ကြောင့်ပါ ။ သူက သွင်းဂိုး အာမခံချက် ပေးနိုင်သူပါ ၊ တကယ် အရေးပါတဲ့ ပွဲတွေမှာ သူ့ဆီက ရတဲ့ ဂိုးတွေနဲ့ ယူနိုက်တက် တို့ အဆင့် ၄ နေရာကို ရယူသွားနိုင် ပါလိမ့်မယ်” လို့ ဂျိုကိုးလ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR