ပရီးမီးယားလိဂ်ရဲ့ ရာသီဝက် ချန်ပီယံ ဘယ်သူဖြစ်မလဲ ?

ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ကတော့ ပွဲစဉ် ၁၆ အထိ ပြီးစီး သွားခဲ့ ပါပြီ ။ လွန်ခဲ့တဲ့ ပွဲစဉ် အနည်းငယ် ကတည်းကပဲ ဒီရာသီဟာ မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့ ၃ သင်းသာ ချန်ပီယံဆု အတွက် အဓိက ယှဉ်ပြိုင် ရမယ်ဆိုတာ အဖြေ ထွက်ပေါ် ခဲ့ပြီးသားပါ ။

ဒါကြောင့် ချန်ပီယံ ဆု အတွက် ခန့်မှန်း သုံးသပ်မှုတွေ အားလုံးဟာ ဒီ ၃ သင်း အပေါ် မှာပဲ ကျန်ရှိ နေတော့ပြီး အခြား အသင်းတွေ ကတော့ အဆင့် ၄ နေရာကို ရနိုင်မလား ဆိုတဲ့ မေးခွန်း ဖြစ်လာခဲ့ရ ပါတယ် ။

 

ခရစ္စမတ် ၊ ဘောက်ဆင်ဒေး ပွဲစဉ်တွေ နီးကပ်လာတာနဲ့ အမျှ စိတ်ဝင်စား စရာ ကောင်းတဲ့ မေးခွန်း တခု ထွက်ပေါ် လာခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ ရာသီဝက် ချန်ပီယံက ဘယ်သူ ဖြစ်မလဲ ဆိုတာပါပဲ ။

 

ပရီးမီးယားလိဂ် မှာ ရာသီဝက် ချန်ပီယံ ဆိုတာဟာ ဂုဏ်ပုဒ် တခုမျှ မဟုတ်ပါဘူး ။ ရာသီကုန် ချန်ပီယံ ကိုပါ အဖြေထုတ်ပေး နိုင်လောက်တဲ့ အထိ အစဉ်အလာ ကြီးမားခဲ့တာပါ ။

ဒါကြောင့် ရာသီတိုင်းမှာ နှစ်ဝက် ချန်ပီယံ ဖြစ်ဖို့ဟာ ချန်ပီယံဆုကို မျှော်မှန်းတဲ့ အသင်းတိုင်း အတွက် အရေးပါတဲ့ ရည်မှန်းချက် တခု အဖြစ် ရှိလို့ နေခဲ့ ပါတယ် ။

 

နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် သမိုင်း တလျောက်မှာ ရာသီဝက် ချန်ပီယံတွေ ကသာ နှစ်ကုန်မှာ ဗိုလ်စွဲ တတ်တဲ့ အစဉ်အလာ ရှိပါတယ် ။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ဒီအစဉ် အလာ ကျိုးပျက်မှု ၂ ကြိမ်သာ ရှိခဲ့ပြီး ၂ ကြိမ်စလုံး ကတော့ လီဗာပူး အသင်းနဲ့ပဲ ဖြစ်ခဲ့ ပါတယ် ။

ဒါကြောင့် ၂၀၁၉ တုန်းက လီဗာပူး တို့ နှစ်ဝက် ချန်ပီယံ ဖြစ်ချိန်မှာ ရှေ့တုန်းက ၂ ကြိမ်ကလို အဆုံးသတ်ရမှာကို လီဗာပူး ပရိသတ်တွေ စိုးရိမ်ခဲ့ကြ ပေမယ့် ဒီတကြိမ် မှာတော့ အခက်အခဲ မရှိ ပန်းဝင်ကာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း ခဲ့ရတဲ့ အမှတ်ပေး ချန်ပီယံ ဖလားကြီးကို ရယူ နိုင်ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ကလည်း ပွဲစဉ် ၁၉ အပြီးမှာ မန်စီးတီး က အဆင့် ၁ နေရာကို ( ၁၉ ပွဲ ကစားပြီးချိန် ) ရယူ နိုင်ခဲ့ပြီး ရာသီ အကုန်မှာ ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒါကြောင့် ရာသီဝက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ပရီးမီးယားလိဂ် မှာတော့ အစဉ်အလာကြီးမားတဲ့ ဟောကိန်း တခုလို့ တောင် ဆိုချင် ဆိုရမှာပါ ။

ဒီနှစ် မှာတော့ မန်စီးတီး ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ရာသီဝက် မကျိုးခင်မှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းစွာနဲ့ အမှားမခံ ယှဉ်ပြိုင် နေကြပါတယ် ။

ပွဲစဉ် ၁၆ အပြီးမှာ မန်စီးတီး က ၃၈ မှတ် နဲ့ အဆင့် ၁ နေရာမှာ ရှိနေပြီး လီဗာပူး က ၁ မှတ်အကွာ ၃၇ မှတ် ၊ ချဲလ်ဆီး က ၂ မှတ် အကွာ ၃၆ မှတ် နဲ့ အသီးသီး ရပ်တည်နေကြတာကြောင့် တပွဲ မှားလိုက်တာနဲ့ အဆင့် တွေ ဇောက်ထိုးမိုးမျှော် ဖြစ်သွားမှာ အသေအချာပါပဲ ။

လက်ကျန် ၃ ပွဲ ( ပွဲစဉ် ၁၉ အထိ ) အနေအထား မှာတော့ မန်စီးတီး က ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ၉ မှတ် အပြည့်ရဖို့ သေချာပေါက် ပြောလို့ မရတဲ့ အနေအထားမှာ ရှိနေကြပါတယ် ။

စီးတီး ဟာ လာမယ့် ပွဲစဉ် ၁၇ မှာ လိဒ်ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပါ ။ ဘီယေဆာ ရဲ့ လိဒ် ဟာ စနေနေ့ တုန်းက ချဲလ်ဆီး ကို ဒုက္ခပေး နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ ထပ်ပေးလိုက်ရတဲ့ ပင်နယ်တီ ကြောင့်သာ မဟုတ်ခဲ့ရင် သရေ ၁ မှတ်ရဖို့ ထိုက်တန်ခဲ့ ပါတယ် ။ ဒါပေမယ့် စီးတီး ဆီက အမှတ်လုယူဖို့ ကတော့ မလွယ်ပါဘူး ။

ဒါပြီးရင် နယူးကာဆယ် ( အဝေးကွင်း ) ၊ လက်စတာ ( အိမ်ကွင်း ) တို့နဲ့ မန်စီးတီး ဆက်ပြီး ကစားရမှာပါ ။ လက်စတာ က မနှစ်ကအထိ အသင်းကြီးတွေကို ဒုက္ခပေးနေ ပေမယ့် ဒီနှစ်မှာတော့ အကျဘက်ရောက်နေ ပါတယ် ။ အသင်းမှာလည်း ကိုဗစ် ကူးစက်မှုဒဏ်ကို ခံနေရတာကြောင့် မန်စီးတီး ကို အံ့အားသင့်အောင် လုပ်နိုင်ဖို့ မလွယ်ပါဘူး ။

လီဗာပူး ကတော့ နယူးကာဆယ် ( အိမ်ကွင်း ) ၊ စပါး ( အဝေးကွင်း ) ၊ လိဒ် ( အိမ်ကွင်း ) ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး စပါး နဲ့ ကစားမယ့် အဝေးကွင်း ပွဲဟာ လီဗာပူး အတွက် အခက်အခဲ ရှိလာ နိုင်ပါတယ် ။

ချဲလ်ဆီး ကလည်း အဲဗာတန် ( အိမ်ကွင်း ) ၊ ဝုဗ် ( အဝေးကွင်း ) ၊ ဗီလာ ( အဝေးကွင်း ) ပွဲတွေ ကစားရမှာပါ ။

လီဗာပူး ကို ၁ ဂိုးတည်းနဲ့ ကပ်ရှုံး ခဲ့တဲ့ စတီဗင် ဂျရတ် ရဲ့ ဗီလာ ကို လျော့တွက်လို့ မရသလို မန်စီးတီး ကို ပင်နယ်တီ နဲ့ ကပ်ရှုံး ခဲ့တဲ့ ဝုဗ် ကလည်း လူမစုံလို့ အကောင်းဆုံး ခြေကို မရနိုင်တဲ့ ချဲလ်ဆီး အတွက် ခက်ခဲတဲ့ ပွဲတွေ ဖြစ်လာ နိုင်ပါတယ် ။

ပွဲစဉ် အနေအထားအရတော့ မန်စီးတီး က ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံးလို့ ဆိုရမှာပါ ။

ဒါပေမယ့် ဘာမဆို ဖြစ်သွားတတ်တဲ့ ဘောလုံး ၊ အထူးသဖြင့် ပရီးမီးယားလိဂ် မှာ အသင်းကြီးတွေလည်း ခြေချော်ကာ အမှတ်တွေ ဆုံးရှုံးလေ့ ရှိတာကြောင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ ဒီ ၃ သင်း အကြားမှာ အားပြိုင်မှုတွေ ပွဲစဉ်တိုင်း ဖြစ်ပေါ် နေမှာ ကတော့ အသေအချာပါပဲ ။

 

ဒီရာသီမှာ ရာသီဝက် ချန်ပီယံ ဘယ်သူပဲ ဖြစ်ဖြစ် ရာသီ အကုန်မှာ အဲ့ဒိ အသင်းဗိုလ်စွဲပြီး မှန်တာများတဲ့ အစဉ်အလာ ဟောကိန်း ကို ဆက်လက် အားကောင်းအောင် ပံ့ပိုးပေး နိုင်မလား ဆိုတာ ကိုတော့ မေလ အထိ စောင့်ကြည့် ရဦးမှာပဲ ဖြစ် ပါတယ် . . . . . ။

 

SPORTS MYANMAR