ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ အကောင်းဆုံး ဂျာမနီ ကစားသမား ၁၁ ဦးကို ရွေးချယ် ပေးလိုက်တဲ့ မန်စီးတီး ကြယ်ပွင့် ဂန်ဒိုဂန်

မန်ချက်စတာ စီးတီး အသင်း ကွင်းလယ်လူ ဂန်ဒိုဂန် ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဂျာမန် ကစားသမား ၁၁ ဦး ကို ရွေးချယ် ပေးလိုက်ပြီး နာမည်ကျော် ကစားသမား အများအပြား ပါဝင် လာခဲ့ပါတယ် ။

ဂန်ဒိုဂန် ဟာ သူ့ရဲ့ ဂျာမန် ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းကို ၃-၄-၃ နဲ့ ရွေးချယ် ပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ လီဗာပူး နဲ့ တော့တင်ဟမ် က ကစားသမားတွေ ပါဝင် ခဲ့ပါတယ် ။

ဂန်ဒိုဂန် က မန်စီးတီး website နဲ့ အင်တာဗျူးမှာ ” ဂိုးသမား နေရာမှာတော့ ကျွန်တော် ယန်းလေးမန်း ကို ရွေးချယ် ချင်ပါတယ် ။ ခံစစ် သုံးယောက်တန်းမှာတော့ ကျွန်တော် နဲ့ ဂျာမနီ အသင်းမှာ အခု အတူ တွဲကစားနေတဲ့ အန်တိုနီယို ရူဒီဂါ ကို ရွေးချယ် သွားပါမယ် ။ ”

” နောက်တစ်ဦးကတော့ ကျွန်တော် အများကြီး လေးစား အားကျရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ပါမာတီဆက်ကာပါ ။ သူက တကယ်ကောင်းတဲ့ နောက်ခံလူ တစ်ဦးပါ ၊ ဂျာမနီ အသင်းမှာလည်း နှစ်တွေ အကြာကြီး ကစားခဲ့သူ ဖြစ်သလို အာဆင်နယ်မှာလည်း ကစားခဲ့သူ ဖြစ်ပါတယ် ။ ”

” နောက်ထပ် အနေနဲ့ ဂျရုန်း ဘိုတန် ကို ရွေးချယ် ချင်ပါတယ် ၊ သူနဲ့လည်း နိုင်ငံ လက်ရွေးစင် အသင်းမှာ အတူ တွဲကစားခဲ့ဖူးပါတယ် ၊ သူက အရည်အသွေးကောင်းတွေ အများကြီး ရှိပြီး တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ ”

 

” ကွင်းလယ်မှာတော့ ကစားသမား ၄ ဦး အထိ ထားပါမယ် ၊ holding midfielder အဖြစ် အမ်မရီကန် နဲ့ မိုက်ကယ်ဘားလက် ကို ရွေးချယ် ချင်ပါတယ် ၊ အမ်မရီ အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ် ၊ ကျွန်တော်တို့ နှစ်ယောက်က အရမ်း ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ ၊ သူ လီဗာပူး ကစားခဲ့စဉ်တုန်းက အတော်လေးလည်း ကောင်းခဲ့ပါတယ် ။ ”

” သူတို့ နှစ်ဦး ရှေ့မှာတော့ ကျွန်တော် ကိုယ်တိုင် နဲ့ မီဆွတ် အိုဇေးလ် ကို ရွေးပါမယ် ၊ အိုဇေးလ် က မယုံနိုင်စရာ အရည်အသွေးကို ပိုင်ဆိုင် ထားသူပါ ၊ သူ့ရဲ့ဘောလုံး ထိန်းသိမ်းပုံက အံ့မခန်းပါပဲ ၊ သူနဲ့ နိုင်ငံ အသင်းမှာ အတူ တွဲကစားခဲ့ရတာက တကယ့် အခွင့်ထူးပါပဲ ။ ကျွန်တော့်ရဲ့ သူငယ်ချင်းလည်း ဖြစ်သလို အံ့ဖွယ် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ ”

” ဘယ်တောင်ပံမှာတော့ ဆာနေးပေါ့ဗျာ ၊ ခင်ဗျားတို့ သူ့ကို မှတ်မိပါ့မလားတော့ မသိပါဘူး။ တိုက်စစ်မှူး နေရာမှာတော့ ကလင်းစမန်းပါ ၊ သူက ဂျာမနီမှာ ဂန္တဝင် ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် သူ ကစားနေတဲ့ အချိန်တုန်းက ကျွန်တော်က အရမ်းငယ်နေသေးတာကြောင့် အများကြီးတော့ မမှတ်မိပါဘူး ။ ”

” သူ ဂျာမနီ ဝတ်စုံ နဲ့ သွင်းဂိုး အချို့ သွင်းတာလောက်ပဲ မှတ်မိပါတော့တယ် ၊ အဲ့ဒါကလွဲလို့ ကျွန်တော် အများကြီး မမှတ်မိတော့ပါဘူး ၊ ဒါပေမယ့် သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ”

” ညာတောင်ပံမှာတော့ နာဘရီ ပေါ့ဗျာ ၊ သူ ပရီးမီးယားလိဂ်မှာ ပွဲအများကြီးတော့ ကစားခွင့် မရခဲ့ပါဘူး ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေ အတွင်း သူ့ရဲ့တိုးတက်လာမှု ၊ ဘိုင်ယန်မြူးနစ် မှာ ပြသနေတဲ့ ခြေစွမ်းတွေက အံ့မခန်းပါပဲ ။ ” လို့ ရွေးချယ် ပေးသွားခဲ့ပါတယ် ။

SM