ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ ပေါ်တူဂီ ကစားသမားကို ခေါ်ယူသင့်ကြောင်း အာဆင်နယ်အသင်းထံ အကြံဉာဏ်ပေးလိုက်တဲ့ ကမ်းဘဲလ်

ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် က အာဆင်နယ် အသင်း အနေနဲ့ လိုင်လီ အသင်း နဲ့ ပေါ်တူဂီ အသင်းကြယ်ပွင့် ရီနာတို ဆန်းချက်စ် ကို အရ ခေါ်ယူ သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် ရီနာတိုဆန်းချက်စ် ဟာ ဘိုင်ယန်မြူးနစ် ၊ ဆွမ်စီး အသင်းတွေ ကစားခဲ့ဖူးသူ ဖြစ်ပြီး ထင်သလောက် ထွန်းပေါက်နိုင်ခဲ့ခြင်း မရှိပါဘူး ။ လိုင်လီ အသင်းမှာတော့ ရီနာတိုဆန်းချက်စ် ဟာ ထိပ်တန်း ခြေစွမ်းတွေ ပြသပြီး မနှစ်က လီဂူး ၁ ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

ဆန်းချက်စ် ဟာ ဒီရာသီ အကုန်မှာတော့ လိုင်လီ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ အီတလီ က သတင်းတွေမှာတော့ အေစီမီလန် အသင်းဟာ လိုင်လီ ကြယ်ပွင့်ကို အလွတ် နဲ့ ခေါ်နိုင်ဖို့ အလားအလာ ကောင်းနေတယ်လို့ ဖော်ပြ နေကြပါတယ် ။

La Gazetta dello Sports ရဲ့ဖော်ပြချက်အရ ရီနာတို ဆန်းချက်စ်ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီး အေစီမီလန် အသင်းကို ပြောင်းရွှေ့ဖို့ကိုပဲ ပိုမို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် ကတော့ အသက် ၂၄ နှစ်အရွယ် ရီနာတိုဆန်းချက်စ်ကိုသာ ခေါ်နိုင်ခဲ့ရင် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ Football Insider မှာ သုံးသပ် သွားခဲ့ပါတယ် ။

” အာဆင်နယ် သာ ဆန်းချက်စ် ကို ခေါ်နိုင်ခဲ့ရင် အသင်းအတွက် သိပ်ကို ကောင်းမွန် သွားပါလိမ့်မယ် ။ သူက ဒဏ်ရာတွေကြောင့် ရုန်းကန် နေခဲ့ရပေမယ့် အသက်က ငယ်ငယ်လေးပဲ ရှိပါသေးတယ် ၊ အာဆင်နယ် အသင်းကွင်းလယ်မှာ အားအင်အပြည့်နဲ့ ကစားနိုင်မယ့်သူပါ ။ ”

” သူက ဘောလုံးကို ရှေ့ရောက်အောက် ဆွဲပြေးနိုင်တယ် ၊ ဂိုးပေါက် ကန်သွင်းနိုင်တယ် ၊ ဂိုးဖန်တီးမှုလည်း လုပ်နိုင်ပါတယ် ။ သူ့လို power ကောင်းတဲ့ ကစားသမားမျိုး ကွင်းလယ်မှာ ရှိနေရင် လုံးဝ ခြားနားမှု ဖြစ်သွား စေမှာပါ ။ ”

” ကျွန်တော် မလေးမစား ပြောတာတော့ မဟုတ်ဘူးနော် ၊ လီဗာပူး နဲ့ ပွဲမှာ ကွင်းလယ်မှာ ကစားခဲ့တဲ့ လိုကွန်ဂါ ကို အာတီတာ လူစားလဲလိုက်ရပါတယ် ၊ လိုကွန်ဂါ ကို လီဗာပူး ကစားသမားတွေက စိတ်ကြိုက် စိုးမိုး ကစားသွားခဲ့တာကြောင့် လူစားလဲရမယ့် အခြေအနေ အထိ ဖြစ်သွားတာပါ ။ ”

” အာဆင်နယ် အသင်း ကွင်းလယ်မှာ အတွေ့အကြုံရင့် ကစားသမား လိုအပ် နေပါတယ် ၊ ဆန်းချက်စ် က အဲ့ဒီ အတွေ့အကြုံကို ယူဆောင်လာပေးနိုင်ပါတယ် ။ ဆန်းချက်စ် က စာချုပ်ကုန်တော့မှာဆိုတော့ အာဆင်နယ် အတွက် အခွင့်အရေး ကောင်းပါပဲ ၊ သူတို့ အခု အဆင့် ၅ ပဲ ရှိပါသေးတယ် ၊ ထိပ်ဆုံး ၄ သင်းထဲ ဝင်ချင်ရင်တော့ ဒီထက် ပိုမိုတိုးတက်အောင်လုပ်ဖို့ လိုအပ် နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM