ပရီးမီးယားလိဂ်ပြိုင်ဘက်ကို ပြောင်းရွေ့ရန် မန်ယူနိုက်တက်စတားကို တိုက်တွန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က အင်္ဂလန် စတား ဂျယ်စီလင်ဂတ် အနေနဲ့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာကာ နယူးကာဆယ် ထက်စာရင် ၀က်ဟမ်းကိုပဲ ပြန်လည် ပြောင်းရွေ့သင့်တယ်လို့ တိုက်တွန်း သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အိုးထရပ်ဖို့ဒ်မှာပဲ နေရာ တစ်နေရာ အတွက် တိုက်ပွဲ၀င်သွားဖို့ အံံ့အားသင့်ဖွယ် ဆုံးဖြတ်ချက် ချခဲ့တဲ့ လင်ဂတ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် မှာကော ချန်ပီယံလိဂ် မှာပါ ပွဲထွက်ခွင့် မရသေးဘဲ နေရာရဖို့ ရုန်းကန် နေရပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီ၀က်က ၀က်ဟမ်းမှာ အထူး ခြေစွမ်းပြ ကစားခဲ့တာကြောင့် မိုရက်ဟာ လင်ဂတ်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ကြိုးစား ခဲ့ပေမယ့်လည်း ၎င်းဟာ အိုလီဂန်နာဆိုးရှားရဲ့ လက်အောက်မှာ နေရာရလိမ့်မယ်လို့ ယုံကြည်နေတာကြောင့် ယူနိုက်တက်မှာ ဆက်နေခဲ့တာ ဖြစ်ပါတယ။်

ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာကြောင့် ယခုဆိုရင် လင်ဂတ်ဟာ သူ အသက် ၇ နှစ် အရွယ် ကတည်းက ရောက်ရှိလာခဲ့တဲ့ ကလပ်ကနေ ထွက်ခွာဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မိုရက်ရဲ့ ၀က်ဟမ်း နဲ့ အက်ဒီဟောင်းရဲ့ နယူးကာဆယ် တို့ဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ လင်ဂတ်ကို ခေါ်ယူဖို့ အတွက် စိတ်၀င်စားနေကြတယ်လို့ သိရပြီး ဂွန်ဆင်က အင်္ဂလန် စတား အနေနဲ့ ဟမ်းမားကိုသာ ပြန်သွားရန် အကြံပေးလိုက်ပါတယ်။

ဂျွန်ဆင်က “၀က်ဟမ်းမှာ ဂျယ်စီလင်ဂတ် ဘယ်လောက်တောင် ပျော်ရွှင်စွာ ကစားနိုင်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အဲဒီမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြန်ရခဲ့ပါတယ်။ ဒီအချိန်မှာ ပေါင် ၁၀ သန်း ဆိုတဲ့ ပမာဏနဲ့ ကစားသမားကောင်း တစ်ဦးကို ရနိုင်လို့လား? ယနေ့ခေတ်မှာ ဒီလို ကစားသမားတွေ သိပ်ပြီး များများစားစား မရှိနိုင်ပါဘူး။

အကယ်၍ ၀က်ဟမ်းတို့ သူ့ကို ခေါ်ယူလိုက်မယ် ဆိုရင် လင်ဂတ်ဟာ ဒီကလပ် အကြောင်းကို ကောင်းကောင်း သိထားပြီး ဖြစ်တဲ့အပြင် ကလပ်ဟာ ဒီအချိန်မှာ ကောင်းကောင်း လုပ်ပြနေပါတယ်။ ဒါဟာ လင်ဂတ် အတွက် နယူးကာဆယ်ကို ပြောင်းရွေ့တာထက်စာရင် ပိုမို စွန့်စားမှု နည်းပါးတဲ့ အပြောင်းအရွေ့ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ ၀က်ဟမ်းကိုပဲ သွားသင့်တယ်လို့ ထင်ပါတယ်။ သူဟာ အဲဒီမှာ ပျော်ရွှင်ခဲ့တာ အသေအချာ ဖြစ်ပြီး ၀က်ဟမ်းဟာ သူ့အပေါ် ဘယ်လို ဆက်ဆံခဲ့သလဲ ဆိုတာ သူသိပါတယ်။ သူ့ဘက်ကလည်း အဲဒီကို ပြန်ပြောင်းချင်မှာ သေချာပါတယ်။

၀က်ဟမ်း နဲ့ နယူးကာဆယ်ဟာ လက်ရှိမှာ လုံး၀ ခြားနားတဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။ ဒါပေမယ့် နယူးကာဆယ်ရဲ့ Plan တွေကြောင့် အရာအားလုံးဟာ လျှင်မြန်စွာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ နယူးကာဆယ် အကြောင်းကို သူမသိပါဘူး။ တစ်ခါတစ်ရံ ကိုယ်သိထားတဲ့ ကလပ်က အကောင်းဆုံး ဖြစ်တက်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ယခုလအစောပိုင်းမှာ ၀က်ဟမ်းကို လင်ဂတ် ပြန်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပက်သက်ပြီး မိုရက်က “သူဟာ မန်ယူနိုက်တက် ကစားသမားပါ။ ကျွန်တော့် အနေနဲ့ အခြားကလပ်က ကစားသမားတွေ အကြောင်း ပြောသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ လင်ဂတ်နဲ့ အလုပ်အတူ လုပ်ခဲ့တာကို တကယ် ပျော်ရွှင်ခဲ့ပါတယ်။ သူဟာ အသင်းကို ကောင်းစွာ အကျိုးပြုပေးခဲ့ပြီး ကောင်းစွာ ကူညီခဲ့ပါတယ်။ အခု ကျွန်တော်တို့ ကိုယ့်လမ်း ကိုယ်လျှောက်နေပါတယ်။ ဂျယ်စီဟာ မန်ယူနိုက်တက် ကစားသမားပါ။ အနာဂတ်နဲ့ပက်သက်ပြီး သူနဲ့ သူ့ကလပ်ကပဲ ဆုံးဖြတ်သွားရမှာပါ။”

SM