ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ ယူနိုက်တက် 3-2 အာဆင်နယ် ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 14 အဖြစ် မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ သရဲနီ တို့ဟာ လိုအပ်နေတဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ ပွဲစဥ်စတင်ကတည်းက နှစ်ဖက် အသင်းဟာ အပြန်အလှန် တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေကို ပြုလုပ်ခဲ့ကြတဲ့ အတွက် ပွဲစဥ်က တကယ်ပဲ ကြည့်ကောင်းခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 13 မိနစ်မှာပဲ ဒီဂီယာ နဲ့ ဖရက်ဒ် တို့ အချင်းချင်း ခိုက်မိသွားခြင်းက ပွဲဆူသွားစေခဲ့ပါတယ် ။

ဒါဟာ အသင်းသား အချင်းချင်း ခိုက်မိတာ ဖြစ်ပြီး ကွင််းလယ်ဒိုင်သာ ဒါကို ချက်ချင်းမြင် ၊ ပွဲခန နားခဲ့မယ်ဆိုရင် ယူနိုက်တက်တို့ ဂိုးပေးရမှာ မဟုတ်ပါဘူး ။ ဒါ့အပြင် ဒီလို အနေအထားမှာ စမစ်ရိုရဲ့ ကန်ချက်ကို ဂိုးပေးမလား ၊ fair play ကစားခိုင်းမလားဆိုပြီး ဒွိဟ ဖြစ်စရာ အကြောင််း ရှိခဲ့ပါသေးတယ် ။

ဒါပေမဲ့ VAR နဲ့ စစ်ဆေးခဲ့တဲ့ ကွင်းလယ်ဒိုင် က ဒီအဖြစ်ကို fair play လို့ မသတ်မှတ်ပဲ အာဆင်နယ်ကို ဂိုးပေးခဲ့တဲ့ အတွက် ယူနိုက်တက်တို့ နောက်ကနေ ပြန်လိုက် ကစားခဲ့ရပြီး ဘရူနို ရဲ့ ခြေပဂိုးကြောင့် ပထမပိုင်းကို သရေရလဒ် နဲ့ ကုန်ဆုံးစေနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန်ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းမှုတွေ အားရစရာ မကောင်းခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက ရပ်ရှ်ဖို့ ခင်ပေးခဲ့တဲ့ ဘောလုံးကို ချက်ချင်း ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရရှိသွားစေခဲ့ ပါတယ် ။ ဒါပေမဲ့ 2 မိနစ် အကြာမှာပဲ အိုဒီဂတ် က အာဆင်နယ် အတွက် ခြေပဂိုး ပြန်သွင်း သွားခဲ့ပါတယ် ။

ဒါပေမဲ့ ခြေပဂိုး သွင်းယူခဲ့တဲ့ အိုဒီဂတ် ကပဲ ပွဲချိန် မိနစ် 70 မှာ ဂိုးဧရိယာထဲ ဖရက်ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက်် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ကြပါတယ် ။ ဒါကို ဆုံးဖြတ်ရာမှာလည်း ကွင်းလယ်ဒိုင်က ကြန့်ကြာနေခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါသေးတယ် ။

ဒီတစ်ကြိမ် ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ဘရူနို ဖာနန်ဒက်စ် က မကန်ပဲ ရော်နယ်ဒိုက ကန်သွင်းရင်း အနိုင် ရလဒ်ကို ဖော်ဆောင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် နှစ်ဖက် အသင်း ဂိုးထပ် မသွင်းနိုင်ခဲ့ကြတဲ့ အတွက် ပွဲစဥ်ဟာ 3 – 2 နဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်မှ နှစ်ဖက် ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် (MEN)

ဒီဂီယာ (6)

အဖွင့်ဂိုးပေးရာမှာ ဒီဂီယာ အမှားမကင်းခဲ့သလို ဒုတိယဂိုး ပေးရာမှာလည်း နေရာယူ မှားခဲ့ပြန်ပါတယ် ။ အရှေ့မှာ ပိတ်နေသူတွေ ရှိနေခဲ့ပေမဲ့ ဘောလုံးလမ်းကြောင်းကို ကြိုတင် တွက်ဆနိုင်စွမ်း အားနည်းခဲ့ပါတယ် ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေနဲ့ ဖာထေးပြနိုင်ခဲ့ပါတယ် ။

ဒါးလော့ (8)

ခံစစ်ပိုင်း အတော်လေး လုံခြုံအောင် ကစားပေးနိုင်ခဲ့ပြီး တိုက်စစ်ဆင်ရာမှာလည်း ဖိအားပေး ကစားနိုင်စွမ်း ရှိနေခဲ့ပါတယ် ။ နေရာယူ ကစားပုံ ၊ ပေးပို့မှု တွေက ဘစ်ဆာကာ ထက် သာနေတာ ထင်ရှားခဲ့ပါတယ် ။

လင်ဒီလော့ဖ် (7)

အလွတ်တည်ကန်ဘောတွေ ကာကွယ်ရာမှာတော့ သက်သောင့်သက်သာ ဖြစ်မနေခဲ့ပါဘူး။ ဒါပေမဲ့ လူကပ်ကစားပုံ ၊ ပိတ်ဆို့ဟန့်တားပုံတွေက အားရကျေနပ်စရာ ကောင်းခဲ့ပါတယ် ။

ဟယ်ရီ မက်ဂွားယား (7)

အသင်းဖော်တွေရဲ့ ဂိုးပေါက် ကန်ချက်ကို အားမလိုအားမရ ဖြစ်နေခဲ့တဲ့ မက်ဂွားယားဟာ အစောပိုင်း မိနစ်တွေထဲက တိုက်စစ် ခနခန တက်ပြီး ဖိအားပေး ကစားမှု ၊ ဂိုးပေါက်် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ် ။ ခံစစ်ပိုင်းလည်း တာဝန်ကျေခဲ့ပြီး တိုးတက်လာခဲ့တာ ထင်ရှားနေခဲ့ပါတယ် ။

တဲလက်စ် (6)

တိုက်စစ်ပိုင်း တက်ရောက်မှု ၊ ချိတ်ဆက် ကစားပုံတွေက ဒါးလော့ နည်းတူ တကယ်ပဲ ကောင်းမွန်ခဲ့ ပါတယ် ။ ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ နေရာလွတ်တွေ မကြာခန ဖြစ်စေခဲ့ပြီး လုံခြုံမှု ပေးနိုင်စွမ်း အားနည်းခဲ့ပါတယ် ။

မက်တော်မီနေး (7)

ကြိုးစားအားထုတ်မှု ၊ တွန်းတွန်းတိုက်တိုက် ကစားဟန်အပြည့်နဲ့ မာမာထန်ထန် ကစားပေးရင်း အသင်းဖော် ဖရက်ဒ်ကို တိုက်စစ် တက်ရောက်ခွင့်တွေ ပေးဆောင်သွားခဲ့ပါတယ် ။ ဒါပေမဲ့ စည်းကမ်းတကျ ကစားတတ်ဖို့တော့ လိုအပ်နေပါသေးတယ် ။ ပထမပိုင်းမှ မလိုအပ်တဲ့ အဝါကဒ်တွေကြောင့် ဒုတိယပိုင်းမှာ ကစားအား ချလိုက်ရတာ 2 ပွဲ ဆက်ခဲ့ပါပြီ ။

ဖရက်ဒ် (7)

အစောပိုင်းမိနစ်တွေမှာ ဘောလုံး အပျက်များခဲ့ပေမဲ့ အဖွင့်ဂိုး ဖန်တီးပေးခဲ့တယ် ၊ တိုက်စစ် ခနခန တက်ပြီး ပြိုင်ဖက်တွေကို ဖိအားပေးရင်း အလုပ်ရှုပ်စေခဲ့ပါတယ် ။ ဒါ့အပြင် အနိုင် ရလဒ်ကို ဖော်ဆောင်ပေးတဲ့ ပင်နယ်တီကိုလည်း ရရှိစေခဲ့ပါတယ် ။

ဆန်ချို (6)

အသင်းရဲ့ သွင်းဂိုးတွေနဲ့ တိုက်ရိုက် ပတ်သက်နိုင်စွမ်း မရှိခဲ့ပေမဲ့ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံ ကောင်းခဲ့သလို စိတ်လှုပ်ရှားဖွယ် ပေးပို့မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ် ။ ခြေပဂိုး ရရှိစေရေးမှာ တဖက်တလမ်းကနေ ပါဝင််ကူညီပေးနိုင်ခဲ့ပါတယ် ။

ဘရူနို (6)

ခြေပဂိုး သွင်းယူပေးခဲ့တာက လွဲရင် ထူးထူးခြားခြား ကောင်းပြခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ပါတေး ၊ အယ်နန်နေ တို့နဲ့ ယှဥ်ကစားနိုင်စွမ်း မရှိခဲ့သလို ပွဲရှိန်တက်အောင်လည််း ကူညီပေးနိုင်စွမ်း နည်းပါးခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (6)

ကြိုးစားတယ် ၊ ရုန်းပြတယ် ။ ဒါပေမဲ့ အလုပ် မဖြစ်ခဲ့ပါဘူး ။ ဒါပေမဲ့ ရော်နယ်ဒို အတွက် ဂိုးကိုတော့ အကွက်ကျကျ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို (8)

အစောပိုင်း မိနစ်တွေမှာ အားရစရာ မကောင်းတဲ့ ဂိုးပေါက််ကန်သွင်းမှုမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး တကိုယ်ကောင်းဆန််သူဆိုတဲ့ နာမည်ကို ရယူခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ အဖိုးတန်် ​ဦးဆောင်ဂိုးတွေ ပြန်လည် သွင်းယူပေးရင်း ဟီးရိုး ဖြစ်သွားနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ …

လင်ဂတ် (5)
မာရှယ် (6)
ဒွန်နီ (-)

အာဆင်နယ် (The Sun)

ရမ့်စ်ဒေးလ် (6)

ဂိုးတွေကို ဟန့်တားနိုင်ခွင့် နည်းပါးခဲ့တာက လွဲရင် ရပ်ရှ်ဖို့ ၊ ရော်နယ်ဒို ၊ မက်ဂွားယား တို့ရဲ့ ကန်ချက်တွေကို ဟန့်တားပြနိုင်ခဲ့ပါတယ် ။

တိုမီယာစု (6)

မာကျောတဲ့ ကစားဟန်ကို ပြသရင်း မမောနိုင် မပမ်းနိုင် ကြိုးစား ကစားပြခဲ့ပါတယ် ။ သူ့အတွက် ဆိုးရွားတဲ့ ပွဲစဥ် တစ်ပွဲ မဖြစ်ခဲ့ပေမဲ့ လိုအပ်ချက် အချို့ ရှိနေသေးဆဲပါပဲ ။

ဘန်ဝှိုက် (5)

ရပ်ရှ်ဖို့ရဲ့ ခေါင်းတိုက်ခွင့် ရော်နယ်ဒိုရဲ့ နောက်ပြန် ကန်ခွင့်တွေကို ဟန့်တားရှင်းထုတ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ခြေပဂိုး ၊ ဦးဆောင်ဂိုးတွေမှာ အမှားမကင်းသူ ဖြစ်ခဲ့ရပါတယ် ။

ဂါဘရီယယ် (6)

ဂိုးပေါက် ခြိမ်းခြောက်မှု လုပ်ခဲ့ပေမဲ့ ဒီဂီယာမှ ကာကွယ်ပြသွားနိုင်ခဲ့ ပါတယ် ။ ခံစစ်ပိုင်း ကစားပုံ သင့်တင့်ရုံသာ ကောင်းခဲ့ပြီး ပေးဂိုးများတဲ့ပွဲ ပိုင်ဆိုင်ခဲ့ရပါတယ် ။

တာဗာရက်စ် (6)

ဘောလုံးကိုင် ကစားပုံ ၊ စကေးပြသပုံ ၊ တိုက်စစ်ဆင်ပုံတွေ ကောင်းခဲ့ပေမဲ့ ခံစစ် ကစားပုံကတော့ တီယာနေးကို ယှဥ်နိုင်စွမ်း မရှိ​သေးကြောင်း ထင်ရှားခဲ့ပါတယ် ။ ရှေ့ဆက််ပွဲထွက်ခွင့်ရဖို့ ပိုမို ကြိုးစားပြရပါတော့မယ် ။

ပါတေး (6)

ကစားပုံ ကောင်းခဲ့ပြီး ဘရူနိုကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အယ်နန်နေ နဲ့ တွဲဖက် ကစားရာမှာ အားနည်းချက်တွေ ရှိခဲ့ပြီး ဖရက်ဒ်ကို နေရာလွတ်တွေ ပေးခဲ့ရပါတယ် ။

အယ်နန်နေ (6)

ခံစစ် ကစားပုံ အတော်လေး ကောင်းမွန်ခဲ့ပေမဲ့ တိုက်စစ််ဆင်ရာမှာတော့ အားနည်းချက်တွေ ရှိနေသေးဆဲပါပဲ ။ ဒီပုံစံအတိုင်း ဆက်ကစားရင် လိုကွန်ဂါ နဲ့ နေရာ တစ်ခု လုရကိန်း ကြုံရပါလိမ့်မယ် ။

စမစ်ရို (7)

ဒီဂီယာ မလိုအပ်တဲ့ အမှားကို ကျူးလွန်နေခဲ့ချိန် အခွင့်အရေးယူပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ယူနိုက်တက််ခံစစ်ကို အလုပ်များစေခဲ့ပါတယ် ။

အိုဒီဂတ် (6)

ခြေပဂိုး သွင်းယူပြီး ဟီးရိုး ဖြစ်နိုင်ခဲ့ပေမဲ့ ဖရက်ဒ်ကို ပြစ်ဒဏ်ကျူးလွန်ပြီး ဗီလိန် ဖြစ်သွားခဲ့ပြန်ပါတယ် ။ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်ခဲ့ပေမဲ့ အပြည့်မပျော်ခဲ့ရပါဘူး ။

မာတင်နယ်လီ (7)

ညာတောင်ပံမှာ ကစားရင်း တဲလက်စ်ကို အထူးဒုက္ခပေးနိုင်ခဲ့သလို အိုဒီဂတ်ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

အူဘာမီယန်း (3)

အိုဒီဂတ် ဂိုးသွင်းချိန် လမ်းကြောင်းဖွင့်ပေးခဲ့တာကလွဲရင် ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ပါဘူး ။ အခွင့်အရေးတွေ ဖြုန်းတီးခဲ့သလို ပုံစံကောင်း ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

ဆာကာ (5)
အန်ကီးတီးယား (5)
လာကာဇက် (5)

#Sports_Myanmar