ပထမဆုံး အင်တာဗျူးမှာပဲ ယူနိုက်တက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တစ်ခုကို ရိုက်ချိုးသွားတဲ့ နည်းပြသစ် ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြသစ် ဖြစ်လာသူ ရဲ့လ်ဖ် ရန်းဂနစ် က လာမယ့် အပြောင်း အရွှေ့မှာ ကစားသမားသစ် ခေါ်ယူ အင်အား ဖြည့်တင်းဖို့ ရှိနေသလားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ ငြင်းဆန်စကား ဆိုသွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ယာယီ နည်းပြသစ် ဖြစ်လာသူ ရဲ့လ်ဖ် ရန်းဂနစ်ဟာ ဒီနေ့နံနက် ယူနိုက်တက်တို့ အာဆင်နယ် အသင်းကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ပြီး ယူနိုက်တက်တို့ ခရစ္စတယ် ပဲလေ့စ် အသင်းကို ရင်ဆိုင်မယ့်ပွဲမှာ ပထမဆုံး အကြိမ် ကိုင်တွယ် နည်းပြသွားဖို့ ရှိနေပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ဆိုတာ RB လက်ပ်ဇစ် အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ကစားသမားကောင်းတွေကို သက်သက်သာသာ ခေါ်ယူနိုင်ခဲ့ဖူးတဲ့ အတွက် ချီးကျူးမှုတွေကို ရရှိထားခဲ့သူပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်တို့ဟာ နွေမှာ ဒန်နီယယ် ဂျိမ်းစ် တစ်ဦးထဲကိုသာ ရောင်းချထားခဲ့ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက် အဆင့် 4 နေရာမှ ဝက်စ်ဟမ်း အသင်းအောက် 3 မှတ် အကွာမှာ ရပ်တည်နေခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ အရှိန်မြှင့်နိုင်ဖို့ ၊ ပိုမို တောင့်တင်းနိုင်ဖို့ ကစားသမား အချို့ ခေါ်ယူသင့်နေတာ အမှန်ပါပဲ ။

ယူနိုက်တက် ပရိသတ်တွေကတော့ ကွင်းလယ်ခံစစ် ၊ ညာခံစစ်တွေကို အင်အား ဖြည့်တင်းစေလိုကြပါတယ် ။ ဒါပေမဲ့ အခုတော့ ယူနိုက်တက် နည်းပြသစ် ရန်းဂနစ်က လူသစ် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ကောင်း ပြုလုပ်သွားဖွယ် ရှိနေပေမဲ့ ဆောင်းရာသီ ဈေးကွက်ထဲမှာ ကစား သမားသစ် ခေါ်ယူခြင်းဆိုတာက ဦးစားပေးတော့ မဟုတ်ကြောင်း ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ကစားသမားသစ်တွေအကြောင်း ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး ။ ဒါက ကစားသမားသစ် ခေါ်ယူရေး အကြောင်းကို ပြောဆို ဆွေးနွေးရမဲ့ အချိန် မဟုတ်သေးပါဘူး ။ အခုအချိန်က အသင်းရဲ့ ကစားသမားတွေအကြောင်းကို အသေးစိတ်သိအောင် လုပ်ရမဲ့ အချိန်ပါ ”

” အဲ့တာက လာမယ့်ရက်သတ္တပါတ်တွေအတွင်းမှာ ကျွန်တော်ဟာ အဲ့ဒီအပေါ်မှာပဲ အလေးအနက်ထား အာရုံစိုက်သွားဖို့ ရှိနေပါတယ် ။ ကျွန်တော့် အသင်းမှာ အခု ရှိနေတဲ့ ကစားသမားတွေ အကြောင်းကို အသေးစိတ် သိရှိနိုင်ဖို့ ဆိုတာက တစ်ကယ်ပဲ အရေးကြီးလှတယ်လေ ”

” အသင်းရဲ့ ကစားသမား စာရင်းဟာ သေချာပေါက် မသေးငယ်လှပါဘူး ။ ဒီအသင်းမှာ လုံလောက်တဲ့ ကစား သမား စာရင်း ရှိနှင့်ပြီးသားပါ ။ ခရစ္စမတ် ၊ ဒါမှမဟုတ် ခရစ္စမတ် ပြီးမှ ကစားသမား ခေါ်ယူရေး အကြောင်းကို ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ”

” ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်တော့ ဆောင်းရာသီမှာ လူဝယ်ခြင်းက အကောင်းဆုံးတွေကို မဖြစ်စေနိုင်ပါဘူး ။ လက်ရှိ အသင်းရဲ့ ကစားသမား အင်အားစုကို ကြည့်လိုက်မယ်ဆိုရင် အသင်းရဲ့ အရည်အသွေးတွေကို သေချာပေါက် တိုးတက်အောင် အာမခံပေးနိုင်တဲ့ ကစား သမားမျိုးပဲ ခေါ်ယူကောင်း ခေါ်ယူသင့်ပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော့်ရဲ့ အတွေ့အကြုံ အရတော့ ဆောင်းရာသီမှာ လူဝယ်ရတာက တကယ့်ကိုပဲ ခက်ခဲလှပါတယ် ” လို့ ရန်းဂနစ် က ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။ လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ 9 ပွဲမှာ 2 ပွဲမျှသာ နိုင်အောင် ကစားထားနိုင်ခဲ့ပါသေးတယ် ။

#Sports_Myanmar