ပင်နယ်တီ နဲ့ ဒဟေးယား တို့ကြောင့် ၃ မှတ်ရခဲ့တဲ့ နောဝှစ်ချ် နဲ့ ပွဲက မန်ယူနိုက်တက် ရဲ့ ကောင်းကွက်ဆိုးကွက်များ

ညက မန်ချက်စတာ ယူနိုက်တက် ရဲ့ အနိုင် ၃ မှတ်ဟာ ဒါးဗစ် ဒဟေးယား တဦးတည်း အတွက်သာ ထိုက်တန်တယ် လို့ ဆိုရမှာပါ ။

အမှတ်ပေး ဇယားရဲ့ အောက်ဆုံးက နောဝှစ်ချ် စီးတီး ကို ယူနိုက်တက် တို့ ဂိုးရအောင် မသွင်း နိုင်ဘဲ မိနစ် ၇၀ ကျော်မှာ ရလာတဲ့ ပင်နယ်တီ ကြောင့်သာ မဟုတ်ခဲ့ရင် သေချာပေါက် အမှတ်လျော့မယ့် ပွဲမျိုး ဖြစ်ခဲ့ ပါတယ် ။

နောဝှစ်ချ် စီးတီး ဟာ ဒုတိယပိုင်းမှာ ပိုကောင်း လာခဲ့ပြီး ဂိုးသွင်းခွင့် ကလည်း ယူနိုက်တက် ထက်တောင် ပိုရခဲ့တာပါ ။

ဒါပေမယ့် ဒဟေးယား ကို မကျော်နိုင်ခဲ့ ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ကျေနပ် အားရစရာ ကောင်းတဲ့ နိုင်ပွဲ တခု မဟုတ်ခဲ့မှာ အသေအချာပါပဲ ။ ဒီပွဲ မှာ မြင်ခဲ့ရတဲ့ ကောင်းတဲ့ အရာတွေ နဲ့ မကောင်းတဲ့ အရာတွေ ကတော့ –

 

၁ ။ တွဲ ကစားလို့ မရသေးတဲ့ ရိုနယ်ဒို နဲ့ ရက်ဖိုဒ့်

 

ရန်းနစ် ဟာ တိုက်စစ်မှူး ၂ ဦး ထားပြီး ကစားရတာကို နှစ်သက်သူပါ ။ သူ့ရဲ့ ကစားကွက် အတော်များများ ကလည်း တိုက်စစ်မှူး ၂ ယောက်နဲ့ ကစားခဲ့တာ ပါပဲ ။

ပြဿနာက လက်ရှိ မန်ယူနိုက်တက် က တိုက်စစ်မှူးတွေ က ဒါမျိုး သိပ် မကစားဖူးကြတာပါပဲ ။

ရိုနယ်ဒို ရော ရက်ဖိုဒ့် ပါ ၄-၂-၃-၁ နဲ့ အသားကျ ခဲ့ကြသူတွေ ဖြစ်တာကြောင့် တိုက်စစ်မှူး အချင်းချင်း အပေးအယူမျှအောင် မကစားတတ် ကြသေးပါဘူး ။

 

ဒီရာသီမှာ တိုက်စစ်မှူး ၂ ယောက် အတွဲညီညီ ကစားနိုင်တဲ့ တခုတည်းသောပွဲက စပါး ကို ၃ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲပါ ။

အဲ့ဒိပွဲမှာ ကာဗာနီ က ရိုနယ်ဒို ကို ကြည့်ပြီး ဟန်ချက် ညီညီ လှုပ်ရှား ခဲ့တာကြောင့် ၂ ယောက်စလုံး ခြေစွမ်းပြ ဂိုးတွေ ရခဲ့ကြပါတယ် ။

မနေ့ညက ပွဲမှာတော့ ရိုနယ်ဒို ရော ရက်ဖိုဒ့် ပါ အနာခံ မကစားခဲ့ကြသလို မလိုအပ်တဲ့ လိမ်ခေါက်မှုတွေကြောင့် ကစားရှိန် ကိုလည်း ကျစေခဲ့ပါတယ် ။

ပိုဆိုးတာက ၂ ဦး အကြားက နားလည်မှု နဲ့ ချိတ်ဆက် နိုင်စွမ်းပါပဲ ။ မကန်ရမယ့် အခြေအနေတွေကို ကန်ပစ် ခဲ့ကြသလို တကိုယ်ကောင်းဆန်ဆန် ကန်သွင်းရမယ့် နေရာမျိုးတွေမှာတော့ မဟာမေတ္တာရှင်ကြီးတွေ အလား ဖန်တီးမှုတွေ လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ် ၊ တိကျလားဆိုတော့ မတိကျပါဘူး ။ ဒီ ၂ ယောက်ကြောင့် ယူနိုက်တက် တိုက်စစ် သေခဲ့ရတာပါ ။

၂ ။ တိုးတက်လာတဲ့ ဖရက်ဒ်

 

မနေ့ညက ပွဲမှာ ချီးကျုးရမယ့် ယူနိုက်တက် ကစားသမား နည်းနည်း ရှိပါတယ် ။ အဲ့ဒိ အထဲက တယောက် ကတော့ ဖရက်ဒ် ပါပဲ ။

ဆိုးရှား လက်ထက် မှာ ကွင်းလယ် ခံစစ်သမား အဖြစ် အဓိက ကစားခဲ့ရတဲ့ ဖရက်ဒ် ဟာ ဆိုးရှား နောက်ပိုင်း ကာရစ် ၊ အခု ရန်းနစ် တို့ လက်ထက်မှာ ရှေ့ကို ပိုတက် ကစားခွင့် ရခဲ့ပြီး ပိုလည်း ကောင်းလာခဲ့ ပါတယ် ။

ဆိုးရှား ထွက်သွားပြီး နောက်ပိုင်း ကစားခဲ့တဲ့ ချဲလ်ဆီး ၊ အာဆင်နယ် ၊ ပဲလေ့စ် နဲ့ အခု နောဝှစ် ပွဲတွေ မှာ ဖရက်ဒ် ရဲ့ စွမ်းဆောင်ရည် က တိုက်စစ်မှာရော ခံစစ်မှာပါ ( ယူနိုက်တက် ကစားသမားတွေ အထဲမှာ ) အကောင်းဆုံး စာရင်း ဝင်ခဲ့တာပါ ။

၃ ။ နေရာ ရလာတော့မယ့် ဒါးလော့

 

ဖရက်ဒ် ကတော့ ခြေပေါ်သည် ဖြစ်စေ မပေါ်သည် ဖြစ်စေ နေရာရနေမှာ ဖြစ်ပေမယ့် ( ကွင်းလယ် ခံစစ်သမား မရှိလို့ ) ဒီယေဂို ဒါးလော့ ရဲ့ အနေအထား ကတော့ မတူညီ ပါဘူး ။

ဆိုးရှား လက်ထက် မှာ ဘစ်ဆာကာ ကို နေရာပေးမှုကြောင့် အခွင့်အရေး သိပ်မရခဲ့တဲ့ ဒါးလော့ ဟာ ဆိုးရှား မရှိတော့ချိန်မှာတော့ တိုက်စစ်ရော ခံစစ်ပါ အားကိုး နိုင်ကြောင်း ကို ပြသပြီး ညာနောက်ခံလူ နေရာကို ဘစ်ဆာကာ နဲ့ ယှဉ်ပြိုင် လာနိုင်ခဲ့ ပါတယ် ။

မနေ့က ပွဲမှာလည်း ဧရိယာ အတွင်းက ကန်ချက် တကြိမ် အပြင် ဖြတ်တင်ဘောတွေ ပြုလုပ် နိုင်ခဲ့သလို နောဝှစ်ချ် ရဲ့ ထိုးဖောက်မှုတွေ ကိုလည်း ကာကွယ် တားဆီး နိုင်ခဲ့ ပါတယ် ။

၄ ။ မရှိ မဖြစ် ဒဟေးယား

 

ဘယ်သူတွေ ဘယ်လောက် ကောင်းတယ် ပြောပြော ဒါးဗစ် ဒဟေးယား ကတော့ အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေတုန်းပါပဲ ။

မနေ့ ညက ပွဲမှာ စပိန်သားဟာ ကန်ချက် ၅ ကြိမ်ကို ကာကွယ် တားဆီး နိုင်ခဲ့ ပါတယ် ။

ပင်နယ်တီ က မိနစ် ၇၀ ကျော်မှ ရခဲ့တာပါ ။ အဲ့ဒိ မတိုင်ခင်မှာ ရိုနယ်ဒို ရဲ့ ကန်ချက် တကြိမ်သာ ခြိမ်းခြောက် နိုင်ခဲ့ ပါတယ် ။ နောဝှစ်ချ် ရဲ့ ပြန်လည် ခြိမ်းခြောက်မှုကတောင် အရေအတွက် ပိုများ ခဲ့တာပါ ။

ဒါးဗစ် ဒဟေးယား သာ မဟုတ်ခဲ့ဘူး ဆိုရင် မနေ့ညက ယူနိုက်တက် တို့ ၃ မှတ်နဲ့ အိမ်ပြန် နိုင်ပါ့မလား ဆိုတာ မတွေးကြည့်ဝံ့ စရာပါပဲ ။

၅ ။ Pressing ကစားပုံ နဲ့ ၄-၂-၂-၂

 

ရန်းနစ် ဟာ သူ အားသန်တဲ့ ၄-၄-၂ ကစားပုံ ကို ပွဲထုတ် ခဲ့ ပါတယ် ။ ဒါပေမယ့် အခြေအနေကို မူတည်ပြီး တောင်ပံ ၂ ယောက်က အတွင်းကို ဝင် ကစားတဲ့ ၄-၂-၂-၂ ကစားပုံ ကိုလည်း ပြောင်းသုံး သွားခဲ့ ပါတယ် ။

သေချာတာ ကတော့ ဒီကစားကွက် နဲ့ ယူနိုက်တက် အံမဝင် သေးပါဘူး ။

အထူးသဖြင့် ပြေးနှုန်း ကို အားကိုးချင်တဲ့ ရက်ဖိုဒ့် အတွက် တော်တော်လေး ကစားရခက် စေတဲ့ ပုံစံလို့ ပြောရမှာပါ ။ ရိုနယ်ဒို ကလည်း ဘောလုံးဆွဲလာပြီ ဆိုရင် အတွင်းကို ဝင်မသွားဘဲ တောင်ပံ ကို ပြေးထွက်သွားတာက ဆွဲလာတဲ့ သူနဲ့ လမ်းကြောင်းထပ်စေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွား စေပါတယ် ။ ဒါတွေကို ပြင်ဆင်ရဦးမှာပါ ။

Pressing ကစားပုံကတော့ ကာရစ် ကိုင်ကတည်းက သုံးလာတာ ဖြစ်ပေမယ့် အခု ရန်းနစ် လက်ထက်မှာ နည်းနည်း ပိုကောင်းလာခဲ့ပါတယ် ။

မနေ့ညက ပွဲမှာ ဒီလို ဖိအားပေးမှု ကနေ ဖာနန်ဒက်စ် အခွင့်အရေး ၁ ကြိမ် ရခဲ့တာဟာ အပေါင်းလက္ခဏာ ဆောင်မှုပါ ။

ဒါပေမယ့် ယူနိုက်တက် တို့ တိုးတက်ဖို့ အများကြီး လိုအပ် နေတုန်းပါပဲ ။

 

SPORTS MYANMAR