နှစ်ဟောင်းကို ၃ မှတ်ယူပြီး နှုတ်ဆက်တဲ့ ယူနိုက်တက် ၊ တိုက်ခိုက်ခံရတဲ့ ကန်ဆယ်လို ၊ ဘာဆာ ရဲ့ တိုက်စစ်မှူးပစ်မှတ်သစ်တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘန်လေ အသင်းကို ၃-၁ နဲ့ အနိုင် ရရှိပြီး ၂၀၂၁ ကို အနိုင် ရလဒ်နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တော်မီနေး က အဖွင့်ဂိုး စသွင်းခဲ့ပြီး ရိုနယ်ဒို ကလည်း တတိယ မြောက်ဂိုးကို သွင်းပေးခဲ့ ပါတယ် ။ ဆန်ချို ရဲ့ ဂိုးကတော့ ဘန်လေ နောက်ခံလူ ဘီမီ ရဲ့ O.G အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေဟာ ဒီကနေ့မှာ ကျရောက်မယ့် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ၈၀ နှစ်ပြည့် မွေးနေ့ အတွက် မနေ့ညက အိုးထရက်ဖိုဒ့် ကွင်းထဲမှာ ဂုဏ်ပြု စာတမ်းကြီးကို ယူဆောင် ဖော်ပြ သွားခဲ့တယ်လို့လည်း သိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းရဲ့ နောက်ခံလူ ကန်ဆယ်လို ဟာ နေအိမ်မှာ မိသားစုဝင်တွေနဲ့ အတူ ရှိနေစဉ် အတွင်း လူ ၄ ယောက်ရဲ့ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး မျက်နှာမှာ ဒဏ်ရာ ရရှိခဲ့သလို လက်ဝတ်လက်စားတွေလည်း လုယက်ခံ ခဲ့ရတယ်လို့ သိရ ပါတယ် ။

လက်ရှိ မှာတော့ မန်ချက်စတာ ရဲတပ်ဖွဲ့ က အဆိုပါ ဖြစ်ရပ် အပေါ် စုံစမ်းမှု ပြုလုပ်နေတယ် လို့ သိရပါတယ် ။

စီးတီး နောက်ခံလူ ကိုင်လ် ဝေါ်ကာ ကတော့ အဖျား ဝေဒနာ ကနေ သက်သာ လာပြီ ဖြစ်တာကြောင့် အသင်းနဲ့ ပြန်လည် လေ့ကျင့် နေပြီလို့ ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး ကွန်တီ ကတော့ ဂိုးသမားကြီး ဟူဂို လိုရစ် ဟာ စပါး ကို ချစ်မြတ်နိုး သလို အသင်းမှာလည်း ဆက်လက် ကစားလိုသူ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

လိုရစ် ဟာ စပါး နဲ့ ရာသီအကုန်မှာ စာချုပ် ပြည့်မှာ ဖြစ်ပြီး သက်တမ်း မတိုးဖြစ်ပါက ငယ်ဘ၀ ကလပ် နိုက်စ် ကို ပြန်သွားဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

နာပိုလီ အသင်းကတော့ ဗီလာ မှာ အငှား သွားကစား နေတဲ့ ယူနိုက်တက် နောက်ခံလူ တွမ်ဇီဘီ နဲ့ စတင် ချိတ်ဆက် ဆွေးနွေး နေပြီလို့ သိရ ပါတယ် ။

လိုင်ယွန် အသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေ ကြောင့် လီဗာပူး ကနေ ပေါင် ၉.၅ သန်း နဲ့ ဝယ်ယူ ထားတဲ့ ဆွစ်ဇာလန် တိုက်စစ်မှူး ရှာကွီရီ ကို ဇန်နဝါရိ မှာတင် ပြန်လည် ရောင်းထုတ်ဖို့ စိတ်ကူး နေပြီလို့ သိရ ပါတယ် ။

ရှာကွီရီ ဟာ လိုင်ယွန် မှာ တပတ်ကို ပေါင် ၃ သိန်း အထိ ရရှိနေသူ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ အစား ယူဗင်တပ် မှာ အငှားလာ ကစားနေတဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ကို ပြောင်းလဲ စိတ်ဝင်စား လာခဲ့တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ မိုရာတာ ကို အလဲအထပ် နဲ့ ကမ်းလှမ်း သွားဖို့ ရှိနေပြီး နယ်သာလန် တောင်ပံ ကစားသမား မမ်းဖစ် ဒီပိုင်း ကို အပြောင်းအရွှေ့မှာ ထည့်သွင်းဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

အင်တာ မီလန် အသင်းကတော့ မိုချန်ဂလာဘတ် မှာ ကစားနေပြီး စာချုပ်သက်တမ်း ၆ လသာ ကျန်တော့တဲ့ ဂျာမန် လက်ရွေးစင် မက်သီးယပ် ဂင်တာ ကို ရာသီအကုန်မှာ အလွတ် နဲ့ ခေါ်ယူ နိုင်ဖို့ ကြိုးစား နေတယို့ သိရ ပါတယ် ။

လက်စတာ စီးတိး နဲ့ နောဝှစ်ချ် တို့ ရဲ့ နှစ်သစ်ကူး ပွဲစဉ် ကတော့ ကိုဗစ် နဲ့ ဒဏ်ရာ ကစားသမား များပြား နေမှုတွေကြောင့် ရွှေ့ဆိုင်း လိုက်ပြီလို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR