နော်ဝှစ်ချ် စီးတီး ကို အနိုင်ရခဲ့တဲ့ ပွဲက မန်ချက်စတာ ယူနိုက်တက် ရဲ့ လိုအပ်ချက်တွေကို ထောက်ပြသွားတဲ့ နည်းပြ ရန်းနစ်


မန်ချက်စတာ ယူနိုက်တက် ယာယီ နည်းပြကြီး ရပ်ဖ် ရန်းနစ် ကတော့ မနေ့ ညက နိုင်ပွဲဟာ သူတို့ အတွက် ကံကောင်း ခဲ့တဲ့ အရာ ဖြစ်တယ်လို့ ပြောဆို ခဲ့ပြီး အသင်းမှာ တိုးတက်ဖို့ လိုအပ် နေတဲ့ အရာ များစွာ ရှိနေကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ ညက နောဝှစ်ချ် ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ ပါတယ် ။

ဒုတိယပိုင်း မိနစ် ၇၀ ကျော် မှာတော့ ရိုနယ်ဒို ကို ဧရိယာ အတွင်း ဆွဲလှဲ ခဲ့တာကြောင့် ယူနိုက်တက် တို့ ပင်နယ်တီ ရခဲ့ပြီး အဆိုပါ ပင်နယ်တီ ကို ရိုနယ်ဒို က ကန်သွင်းကာ အနိုင် ၃ မှတ်ကို ရယူပေးခဲ့ ပါတယ် ။

 

ဒီနိုင်ပွဲကြောင့် ယူနိုက်တက် ဟာ ပွဲရွှေ့ဆိုင်းလိုက်တဲ့ စပါး ကို ကျော်ကာ အဆင့် ၅ နေရာကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် နည်းပြ ရန်းနစ် ကတော့ သူတို့ အသင်းရဲ့ ကစားပုံ အပေါ် အားရမှု မရှိကြောင်း ၊ ကစားသမားတွေ ရဲ့ ကိုယ်ဟန် အမူ အရာ နဲ့ တိုးတက်ဖို့ လိုအပ် နေသေးတာတွေ ရှိနေကြောင်း ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ပထမပိုင်းပြီးတော့ အသင်းသားတွေကို ပိုပြီး သွက်သွက် ကစားဖို့ ၊ အားထည့် ကစားဖို့ ကျွန်တော် ပြောခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာ ကစားပုံ နည်းနည်း တက်လာခဲ့ ပေမယ့် အဆုံးသတ် မှာတော့ ပေးဂိုးမရှိဘဲ နိုင်ခဲ့တာက တော်တော်လေး ကံကောင်းခဲ့တယ်လို့ပဲ ပြောရမှာပါ ။

ဒဟေးယား အတွက်တော့ ထိုက်တန်တဲ့ နေ့တနေ့ ပါပဲ”

“ကျွန်တော်တို့ တိုးတက်စရာတွေ အများကြီး ရှိပါသေးတယ် ။ ဒုတိယပိုင်း ကစားပုံ ကိုလည်း ကျွန်တော် မပျော်ရွှင် မိခဲ့ ပါဘူး ။

ပြိုင်ဘက် ကိုလည်း ထောင့်ကန်ဘောတွေ လိုတာထက် ပိုပြီး ပေးခဲ့ရ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ၃ မှတ် ရလိုက်တာကတော့ ကောင်းတဲ့ အချက် ပါပဲ”

 

“ထိပ်ဆုံး ၁၀ သင်းထဲမှာ ကျွန်တော်တို့က ဂိုးပေး အများဆုံး ပါ ။ အခုမှ Cleansheet နည်းနည်းပဲ ရပါသေးတယ် ။

ဒီအရေအတွက် ကို ထပ်ပြီး များလာစေချင် ပါတယ် ။

နောက်ပြီးတော့ ကစားသမားတွေရဲ့ ကာယပိုင်းရော ကိုယ်ဟန် အမူအရာတွေ ကိုရော ကျွန်တော် အားမရ သေးပါဘူး ။ ဒီထက် ပိုကောင်းအောင် လုပ်လို့ ရပါတယ်” လို့ ရပ်ဖ် ရန်းနစ် က ပြောဆို သွားခဲ့ ပါတယ် ။

နောဝှစ်ချ် နည်းပြ ဒင်းစမစ် ကတော့ ယူနိုက်တက် တို့ ရခဲ့တဲ့ ပြစ်ဒဏ်ဘောတွေ မှာ ကစားသမားတွေဟာ ဒိုင်လူကြီး ကို ဖိအားပေးမှုတွေ ရှိခဲ့ပြီး ညင်သာတဲ့ ပြစ်ဒဏ် ( soft foul ) ကနေ ပင်နယ်တီ ကန်ခွင့် ရရှိ ခဲ့တာဟာလည်း အလွန် ကံကောင်း ခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

ဒီရာသီမှာ အခုလို Soft Foul တွေ ကို ပင်နယ်တီ အဖြစ် မသတ်မှတ်ဖို့ ရာသီမစတင်ခင် ကတည်းက ဒိုင်လူကြီး အဖွဲ့က ဆွေးနွေး သဘောတူထားခဲ့ ပေမယ့် ပွဲ ကစားချိန် မှာတော့ ဒိုင်တွေဟာ စက္ကန့် အနည်းငယ် အတွင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် နိုင်ဖို့ ခက်ခဲ နေဆဲ ဖြစ်နေတာကို တွေ့မြင် ခဲ့ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် အင်္ဂါနေ့ မှာတော့ ဘရန့်ဖိုဒ့် အသင်းနဲ့ နောက်ထပ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပြီး ရန်းနစ် ကတော့ ကစားသမားတွေ အနေနဲ့ လက်ရှိ မှာ အနားယူ အားမွေးကာ ရှေ့လာမယ့် ပွဲဆက်တွေ အတွက် ကာယပိုင်း ကို ကြံ့ခိုင် နိုင်သလောက် ကြံ့ခိုင် နေဖို့ ပြင်ဆင် ထားရမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR