နောက်ကျ ပင်နယ်တီနဲ့ ခြင်္သေ့ပြာတို့ အမှတ်ပြည့် ရခဲ့တဲ့ ချဲလ်ဆီး ၃ – ၂ လိဒ်စ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ပြီးခဲ့တဲ့ တပတ်က အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရတဲ့ ချဲလ်ဆီး အသင်း ဟာ လိဒ်စ်ယူနိုက်တက် အသင်းကို နောက်ကနေ လိုက်ကစားရင်း ၊ နာကျင် အချိန်ပိုမှာ ရခဲ့တဲ့ ပင်နယ်တီနဲ့ အတူ ၃ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ အဆင့် ၁ နဲ့ ၂ နေရာက မန်စီးတီးနဲ့ လီဗာပူး အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

အဖွင့် ပင်နယ်တီဂိုး မပေးရင် ၊ ရာဖင်ဟာရဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက် တကြိမ်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပေမယ့် ၊ လိဒ်စ်ရဲ့ ဒုတိယ သွင်းဂိုးမှာတော့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ ပေးခဲ့ရတဲ့ ဂိုးတွေက လွဲရင် ၊ လိဒ်စ်ဆီကနေ အန္တရာယ်ရှိတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု လောက်လောက်လားလား မရှိခဲ့ပါဘူး ။

နောက်တန်း – အက်ဇ်ပီလီကွီတာ ( Rating – 6 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 7 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

မနေ့ညက ပွဲမှာတော့ ၃ယောက်တန်း ခံစစ် က အမှားအယွင်း နည်းခဲ့ပေမယ့် ၊ ၂ဂိုးပေးခဲ့ရတာ က စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။ ပင်နယ်တီ ဟာ ၎င်းတို့ ၃ဦးလုံးနဲ့ ဘာမှ မသက်ဆိုင်ခဲ့ပေမယ့် ၊ လိဒ်စ်ရဲ့ ဒုတိယ သွင်းဂိုးမှာတော့ သီယာဂို ဆေးလ်ဗားရဲ့ လူကပ်ပုံ အနည်းငယ် အားနည်းမှု ရှိခဲ့ပါတယ် ။

သို့ပေမယ့် ယင်း ဘရာဇီး ဝါရင့် ခံစစ်မှူး ဟာ အရေးပါတဲ့ ဖြတ်ထုတ်မှု တကြိမ် စွမ်းဆောင်ခဲ့သလို ၊ ထုံးစံအတိုင်း ခံစစ်ကို ပွဲချိန် အများစုမှာ တည်ငြိမ်မှု ရှိအောင် ဦးဆောင်မှု ပေးခဲ့ပါတယ် ။ ခရစ်တန်ဆန် ကို ကျော်ပြီး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ အက်ဇ်ပီလီကွီတာ ဟာလည်း ပထမပိုင်းမှာ ခံစစ် တိုက်စစ် အချိုးမျှမျှ ကစားနိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ ကလပ် အသင်းခေါင်းဆောင်ထံမှ ပွဲအပေါ် အာရုံစိုက်မှု အနည်းငယ် လျော့ကျလာတာ တွေ့ခဲ့ရလို့ ၊ တူချယ်မှ ၎င်းကို ခရစ်တန်ဆန်နဲ့ လူစားလဲခဲ့ပါတယ် ။ ရူဒီဂါ ကတော့ မနေ့ည က 3 backs မှာ အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပြီး ၊ ခြေပျက်နေတဲ့ အလွန်ဆို အတွက်ပါ ၂ယောက်စာ အလုပ်လုပ်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။

လိဒ်စ်စတား ရာဖင်ဟာ ကို တတ်နိုင်သလောက် ထိန်းသွားခဲ့သလို ၊ ချဲလ်ဆီးဖက်က ရခဲ့တဲ့ ပင်နယ်တီ ၂ကြိမ်လုံးဟာလည်း ရူဒီဂါနဲ့ တိုက်ရိုက် ပတ်သက်မှု ရှိခဲ့ပြီး ၊ ၎င်းရဲ့ ပါးနပ်မှုတွေ အပြည့်အဝ ပါဝင်ခဲ့ပါတယ် ။

 

ကွင်းလယ် – ရိစ်ဂျိမ်းစ် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ဂျော်ဂျင်ဟို ( Rating – 7 ) ၊ မားကို့စ် အလွန်ဆို ( Rating – 5 )

ဘန်ချေဝဲလ် ဒဏ်ရာရနေပြီး ၊ ဘယ် wing-back နေရာမှာ အစားထိုးစရာ ကစားသမား လောက်လောက်လားလား မရှိတဲ့ အတွက် ခြေကျနေသည့်တိုင် အလွန်ဆို ဟာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် ၊ ပင်နယ်တီ ဧရိယာ အတွင်း လိဒ်စ် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ် အပေါ် ရူးမိုက်တဲ့ ဖြတ်ထုတ်မှုမျိုး လုပ်ခဲ့ကာ ၊ ချဲလ်ဆီး အတွက် ရုန်းကန်ရစေခဲ့ပါတယ် ။

ပထမပိုင်းပြီးခါနီးမှာ ရခဲ့တဲ့ ချေပဂိုးမှာတော့ အလွန်ဆိုရဲ့ ပါးနပ်မှုကို မြင်တွေ့ခဲ့ရပေမယ့် ၊ လူကာကူနဲ့ လူစားအလဲ မခံရခင် ၎င်းရဲ့ စွမ်းဆောင်ရည် က သာမန်လောက်ပဲ ရှိခဲ့ပြီး ၊ ဘောလုံး အထိန်းအသိမ်း အရမ်းဆိုးခဲ့သလို ၊ ကစားပုံ လေးလံလွန်းတာကြောင့် မကြာခဏ ဘောလုံးပျက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။

တဖက် ညာ wing-back မှာတော့ ရိစ်ဂျိမ်းစ် ဟာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ပေးဆပ်ခဲ့ပြီး ၊ ၎င်းရှိနေခဲ့လို့ ၊ ညာဖက် တိုက်စစ် လုံလုံလောက်လောက် အလုပ်ဖြစ်ခဲ့ပါတယ် ။ ကွင်းလယ် အတွဲမှာတော့ ဂျော်ဂျင်ဟိုရော ၊ လော့ဖ်တပ်စ်ချိခ်ပါ ဘောလုံး အထိန်းအသိမ်း နိုင်နိုင်နင်းနင်း ကစားပြသွားခဲ့ပါတယ် ။

ကြားရက် ချန်ပီယံလိဂ်ပွဲကထက် ၊ မနေ့ည က ကွင်းလယ် က ထိန်းချုပ်မှု ကောင်းကောင်း ပြသနိုင်ခဲ့ပြီး ၊ အမှားအယွင်း နည်းခဲ့ပါတယ် ။ သို့ပေမယ့် ထိရောက်တဲ့ ဖန်တီးမှုတွေတော့ လိုအပ်နေဆဲ ဖြစ်ကာ ၊ လော့ဖ်တပ်စ်ချိခ် အနေနဲ့ တိုက်စစ် အတွက် ဂိုးဖန်တီးမှု သို့မဟုတ် သွင်းဂိုး တခုခုနဲ့ ပံ့ပိုးနိုင်ဖို့ လိုနေဆဲ ဖြစ်ပါတယ် ။

တိုက်စစ် – တီမို ဗာနာ ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ၊ မေဆင်မောင့် ( Rating – 7 )

ကြားရက်မှာ ၂ဂိုးသွင်းခဲ့လို့ ၊ ပုံစံကောင်း ပြန်ရပြီလို့ ထင်ထားခဲ့ပေမယ့် ၊ ဗာနာ ဟာ မနေ့ည က ပွဲမှာ လမ်းပျောက်နေခဲ့တာကို တွေ့ရပါတယ် ။ ဘယ်ခြမ်း တိုက်စစ်မှာ အလွန်ဆိုနဲ့ chemistry မမိခဲ့သလို ၊ တဦးချင်း စွမ်းဆောင်ရည်မှာလည်း လိဒ်စ် ညာနောက်ခံလူ ရှက်ကယ်တန် ကို ထိထိရောက်ရောက် အလုပ်မရှုပ်စေခဲ့ပါဘူ ။

ဒီမတိုင်ခင် က နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲမှာ သွင်းဂိုး ၂ဂိုး ၊ ဂိုးဖန်တီးမှု ၂ကြိမ် ရထားတဲ့ မောင့် ဟာ မနေ့ည က ပွဲမှာလည်း ဂိုးထပ်ရခဲ့ပေမယ့် ၊ ကျန်တဲ့ ပွဲချိန်တွေမှာ ဘောလုံး အထိန်းအသိမ်းပိုင်း အားနည်းခဲ့တာကို တွေ့ရပါတယ် ။ သို့ပေမယ့် ချေပဂိုး သွင်းယူပုံ သေသပ်ခဲ့ပြီး ၊ press ကစားပုံလည်း ကောင်းခဲ့ပါတယ် ။

လူကာကူ အစား ပွဲထွက်ခွင့် ရခဲ့တဲ့ ကိုင်ဟာဗက်ဇ် ကတော့ ပထမပိုင်းပြီးခါနီးမှာ အပိုင် အခွင့်အရေး တကြိမ် ရခဲ့ပြီး ၊ ထိထိမိမိ အဆုံးမသတ်နိုင်ခဲ့ပါဘူး ။ ကျန်တဲ့ ရှုထောင့်မှာတော့ ၎င်းဟာ လုပ်အားနှုန်း ကောင်းခဲ့ပြီး ၊ လိဒ်စ် ခံစစ်မှူးတွေကို ကြံ့ခိုင်မှု အရ စိန်ခေါ်မှုတွေ လုပ်နိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 5 ) ၊ ရိုမီလူ လူကာကူ ( N/A )

SPORTS MYANMAR