နောက်ကျဂိုးနဲ့ ဂျိုတာကို အိုရီဂီ Save လုပ်ပေးခဲ့တဲ့..ဝုဖ် ဝ-၁ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက ဝုဖ်ကို Molineux မှာ လူစားဝင် ကစားသမား ဖြစ်သူ အိုရီဂီရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အတူ အနိုင်ရရှိခဲ့ကာ ခြေချော်ခဲ့တဲ့ ထိပ်ဆုံးက ချဲလ်ဆီးရဲ့ အမှားကို အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မှာ အခွင့်အရေးကောင်း များစွာ ရရှိခဲ့ပေမယ့်လည်း ဂျိုတာ ဆာလား မာနေး တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အပြင် ဂိုးသမား ဂျိုဆေးဆာ ကလည်း အကောင်းဆုံး လက်စွမ်းပြခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပွဲပြီးမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း လူစားဝင် ကစားသမား ဖြစ်သူ အိုရီဂီဟာ ပွဲချိန် ၉၄ မိနစ်မှာ ဆာလားရဲ့ ဖန်တီးပေးမှုကနေ တဆင့် နောက်ကျ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး လီဗာပူးဟာ လာမည့် ပွဲကျပ်တွေ မတိုင်မီ ပြိုင်ပွဲစုံမှာ နောက်ဆုံး ငါးပွဲဆက် အနိုင်ရရှိခဲ့ပြီး အရှိန်အဟုန်ကောင်းကို ရရှိနေပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~နောက်ကျအနိုင်ဂိုးနဲ့ ကလော့ကို ပေးဆပ်ခဲ့ပြန်တဲ့ အိုရီဂီ

တကယ့်ကို ကောင်းမွန်လှတဲ့ လူစားထိုးမှု ပါပဲ။ ယာဂန်ကလော့ဟာ title race မှာ အမှတ်တွေ မဆုံးရှုံးစေဖို့ အတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ထုတ်ကာ အိုရီဂီကို လူစားဝင်စေခဲ့ပြီး တိုက်စစ်မှုး ၄ ဦးနဲ့ ဂိုးရဖို့ ကြိုးစား ခဲ့ပါတယ်။

အိုရီဂီဟာ လူစားဝင်လာတဲ့ အချိန်ကတည်းက ထက်မြက်မှု ရှိနေခဲ့ပြီး အသင်းဖော်တွေကို အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ကာ ပွဲပြီးဖို့ ၁ မိနစ် အလိုမှာတော့ ဆာလားရဲ့ ဖန်တီးမှုကနေ လီဗာပူး အတွက် တကယ့်ကို အရေးပါတဲ့ ဂိုးကို ရယူပေးခဲ့ပါတယ်။ အိုရီဂီဟာ လီဗာပူးမှာ ဘယ်တော့မှ ပုံမှန် ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမား မဟုတ်ခဲ့ပေမယ့်လည်း သူ့ရဲ့ သွင်းဂိုးတွေဟာ အမြဲတမ်း အရေးပါတဲ့ဂိုးတွေ ဖြစ်လေ့ ရှိခဲ့ပါတယ်။

၂~ရင်ခုန်စရာ မရှိခဲ့တဲ့ ပထမပိုင်း

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဖြေဖျော်မှု ရသ အပေးနိုင်ဆုံး အသင်း အဖြစ် ရပ်တည်လျက် ရှိနေပေမယ့်လည်း Molinuex ကွင်းမှာ ကစားခဲ့တဲ့ ပထမပိုင်းကတော့ ဒီလို မဟုတ်ခဲ့ပါဘူး။

နှစ်သင်းစလုံးဟာ ထိန်းကစားနေခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ များများစားစား မရရှိခဲ့ဘဲ ဝုဖ်ဟာ ပထမပိုင်း ပြီးခါနီးမှသာ အခွင့်အရေးကောင်း တစ်ခု ရခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေက ဂိုးသွင်းကြမ်းခဲ့တဲ့ လူစာရင်းကို ဆက်လက် အသုံးပြုခဲ့ပေမယ့်လည်း ဒီပွဲမှာ အထနှေးနေခဲ့တာကတော့ အံ့သြစရာ ဖြစ်ခဲ့ပါတယ်။

၃~မွေးနေ့မှာ ပုံစံကောင်းပျောက်ခဲ့တဲ့ ဂျိုတာ

ဝုဖ်နဲ့ပွဲနေ့မှာ ၂၅ နှစ် ပြည့်ခဲ့တဲ့ ဂျိုတာဟာ လွန်ခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလက ဝုဖ်ကနေ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးထိ သွင်းယူထားခဲ့ပေမယ့်လည်း မနေ့က အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရာမှာတော့ ခက်ခဲတဲ့ ညနေခင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဂျိုတာဟာ အလက်ဇန်းဒါးအာနိုးရဲ့ ဖြတ်တင်ဘောကို အပိုင်ခေါင်းတိုက်ရာမှာ လွဲချော်ခဲ့တဲ့ အပြင် ဒုတိယပိုင်းမှာလည်း ဂိုးသမား မရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းရာမှာ ဂိုးစည်းပေါ်က ကိုဒီထံ တည့်တည့်ကန်မိခဲ့ပါတယ်။ အသက် ၂၅ နှစ်ပြည့် မွေးနေ့မှာ ဂျိုတာ အနေနဲ့ သူ အလိုချင်ဆုံး သွင်းဂိုးကိုတော့ မရခဲ့ပါဘူး။

၄~အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကိုဒီ

ဒီပွဲစဉ်မှာ ဝုဖ်တို့ လီဗာပူး တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ရာမှာ ကိုဒီရဲ့ ထူးချွန်တဲ့ ခံစစ် စွမ်းဆောင်ရည်ကိုလည်း လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။ ဝုဖ်အသင်းခေါင်းဆောင်ဟာ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကို လျစ်လျူရှုကာ ပွဲချိန်ပြည့် ကစားသွားခဲ့တာ ဖြစ်ပြီး ခံစစ်မှာ အကောင်းဆုံး ဦးဆောင် ကစားသွားခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ ကိုဒီဟာ အန်ဖီးမှာ ၂ ပွဲသာ ကစားခွင့် ရခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ပုံမှန်ကစားခွင့် အတွက် ဟယ်ဒါဖီးကို ပြောင်းရွေ့ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ ဝုဖ်ကို ပြောင်းရွေ့ခဲ့ကာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက် သူ့ရဲ့ မြင့်မားလှတဲ့ အရည်အသွေးတွေကို တောက်လျှောက် ပြသနိုင်ခဲ့ပါတယ်။

၅~ပရီးမီးယားလိဂ်ဖလား အတွက် အသင့် ဖြစ်နေကြောင်း ပြသခဲ့တဲ့ လီဗာပူး

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မတိုင်မီ ဝက်ဟမ်းကို ၃-၂ နဲ့ရှုံးခဲ့ပြီးနောက် လီဗာပူး အနေနဲ့ title race မှာ မန်စီးတီး ချဲလ်ဆီး တို့နဲ့ ကာလရှည် ယှဉ်ပြိုင်နိုင်ပမလား ဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဝုဖ်ကို အနိုင်ရခဲ့ပြီးနောက် လီဗာပူးဟာ ထိပ်ဆုံးက ချဲလ်ဆီးကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာနဲ့ တစ်မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ Moleneux လို ကစားရ ခက်ခဲလှတဲ့ ကွင်းမှာ ရမှတ်တွေ စုဆောင်းနိုင်ခဲ့ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ အရှိန်ကောင်းကောင်းနဲ့ ခရီးဆက်နေပါတယ်။ လီဗာပူး အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် သိမ်းပိုက်နိုင်ရန် လုံလောက်တဲ့ အရည်အသွေး နဲ့ မာကျောမှုတွေ ရှိနေတာ သေချာပါတယ်။

၆~ကွင်းလယ်ဗိုလ်ချုပ် ဖြစ်နေတဲ့ တီယာဂို

ခံစစ်ကို အထိုင်ကျပြီး ကစားတဲ့ အသင်းမျိုးတွေဟာ တီယာဂိုနဲ့ အံကိုက်ဖြစ်ပြီး ၎င်းရဲ့ line breaking pass တွေဟာ ပြိုင်ဘက်တွေ အတွက် အန္တရာယ်ပါပဲ။ တီယာဂိုဟာ ဒီပွဲမှာ ကွင်းလယ်ကနေ ကစားကွက်ကို ချုပ်ကစားသွားခဲ့ပြီး လီဗာပူးတို့ စိတ်ရှည်ရှည်နဲ့ တိုက်စစ်ဆင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် တီယာဂိုဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမား ဖြစ်သူ ထရာအိုရေးဆီက ဘောလုံးတွေ လုယူနိုင်ခဲ့ပြီး ဒါဟာ လုံး၀ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

တီယာဂိုဟာ ဒီပွဲစဉ်မှာလည်း အကောင်းဆုံး ခြေစွမ်းကို ပြသသွားခဲ့ကာ title race မှာ လီဗာပူးအတွက် အတော် အရေးပါတဲ့လူ ဖြစ်လာနိုင်ပါတယ်။

SM