နယူးကာဆယ် နဲ့ပွဲက ပေါ်တူဂီသား ၂ ယောက်ကို ဝေဖန် ပြောဆိုသွားခဲ့တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် ဟာ မနေ့ညက စိန့်ဂျိမ်းပါ့ခ် မှာ ကစား ခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲက မန်ချက်စတာ ယူနိုက်တက် ကစားသမား ၂ ယောက် ဖြစ်ခဲ့ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ကို ဦးဆောင်မှု မပြုလိုမှု ၊ လူငယ်တွေ အတွက် စံပြုလောက်ဖွယ် မဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နယူးကာဆယ် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့ပြီး အဖိုးတန် အမှတ်တွေ ဆုံးရှုံး ခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ နောဝှစ်ချ် နဲ့ ပွဲ အပြီးမှာ ကိုဗစ် ကူးစက် ခံရမှုကြောင့် ပွဲစဉ် ၂ ပွဲကို ရွှေ့ဆိုင်း ခဲ့ရပြီး ၁၆ ရက်ကြာအောင် ပွဲမကစားဘဲ နားခဲ့ရ ပါတယ် ။

ရှေ့ရက်တွေမှာ အနားရထားသလို နယူးကာဆယ် ရဲ့ ဒီရာသီ အနေအထားတွေကြောင့် ဒီပွဲဟာ ယူနိုက်တက် တို့ အနိုင်ရမယ့်ပွဲ ဖြစ်တယ်လို့ အားလုံးက ထင်မှတ် ထားခဲ့ ကြပါတယ် ။

ဒါပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ယူနိုက်တက် ဟာ ပုံမှန် ခြေစွမ်း မရခဲ့ဘဲ နယူးကာဆယ် ရဲ့ ဗျူဟာ ကျကျ ကစားပုံအောက်မှာ အဖွင့်ဂိုး ပေးခဲ့ရပြီး ရုန်းကန် ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာတော့ လူစားလဲ ကစားကွက် ပြောင်းမှုတွေနဲ့ အတူ ယူနိုက်တက် တို့ အခွင့်အရေးတွေ ပိုရလာခဲ့ပြီး မိနစ် ၇၀ မှာတော့ ကာဗာနီ က ချေပဂိုး ပြန်သွင်းပေး နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် နောက်ထပ် ဂိုးမသွင်း နိုင်တော့သလို ဒဟဲယား ကလည်း နယူးကာဆယ် ရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ် နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးထပ် မပေးရဘဲ သရေ ရလဒ် နဲ့ အဆုံးသတ် ခဲ့ပါတယ် ။

ရိုနယ်ဒို ဟာ ဒီပွဲမှာ ပုံစံကောင်း မရခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှုလည်း မလုပ် နိုင်ခဲ့ ပါဘူး ။

ပေါ်တူဂီသားကြီး ဟာ အသင်းဟောင်းဆီ တကျော့ပြန် ခရီးမှာ ၁၂ ဂိုးအထိ သွင်းပေးထားပေမယ့် မနေ့ညက ပွဲမှာတော့ ဂိုးပေါက် ပျောက်ခဲ့သလို စိတ်ပိုင်းဆိုင်ရာ မှာလည်း အကောင်းဆုံးပုံစံမှာ ရှိမနေ ခဲ့တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ပွဲ အပြီးမှာတော့ ရိုနယ်ဒို ဟာ အဝေးကွင်းကို လိုက်ပါလာတဲ့ ပရိသတ်တွေကို နှုတ်မဆက်ဘဲ ဥမင်ထဲ တန်းဝင် သွားခဲ့ပြီး ဒါဟာ ဂယ်ရီ နဗီးလ် ကို သဘောမကျ ဖြစ်စေခဲ့ ပါတယ် ။

“Body Language အကြောင်းကို ကျွန်တော် ပြောနေတာပါ ၊ ရာသီ အစကတည်းက ဒါကို ပြောလာခဲ့ တာပါ ။

အဲဗာတန် နဲ့ သရေကျတဲ့ ပွဲအပြီးမှာ ရိုနယ်ဒို ကွင်းထဲကနေ ( ပရိသတ်တွေကို နှုတ်မဆက်ဘဲ ) ထွက်သွားခဲ့ ပါတယ် ။ အခု ဒီညလည်း သူ ထပ်လုပ် ပြန်ပါပြီ ။

ဝက်ဖိုဒ့် ကို ရှုံးပြီး နည်းပြ ထုတ်ခံရတော့မှာကို လူတိုင်း သိနေတဲ့ ပွဲတုန်းကလည်း သူ ဒီလို လုပ်ခဲ့ ပါတယ် ။

နောဝှစ်ချ် နဲ့ ပွဲမှာလည်း တူတူပါပဲ”

 

“ဘရူနို ဖာနန်ဒက်စ် လည်း မထူးပါဘူး ။ သူတို့ ဟာ စီနီယာ ကစားသမားတွေပါ ။ သူတို့က လူငယ်တွေ အတွက် စံပြ ဖြစ်နေရမှာပါ ။ ဘာလို့လည်း ဆိုတော့ လူငယ်တွေက သူတို့ ဘာလုပ်တယ် ၊ ဘာကိုင်တယ် ဆိုတာကို ကြည့်ပြီး လေ့လာ သင်ယူ နေတာကြောင့် ပါပဲ”

“ကိုယ် ဘယ်လိုပဲ ကစားခဲ့ ကစားခဲ့ ၊ ပွဲပြီးသွားရင်တော့ ပရိသတ်တွေ ကို ပြန်ပြီး နှုတ်ဆက် ရမှာပါပဲ ။ အထူးသဖြင့် ကိုယ့်ကို ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား တယောက်လို့ သတ်မှတ် ထားကြတဲ့ အခါမျိုးတွေ မှာဆိုရင် ပိုပြီးတောင် လုပ်ဖို့ သင့်ပါသေးတယ် ။

ကာဗာနီ က ဒါမျိုးကို လုပ်သွားပါတယ် ။ သူက ကွင်းထဲမှာ ကျန်ခဲ့ပြီး ကျန်တဲ့ လူငယ် ကစားသမားတွေကို ကူညီပေးခဲ့ ပါတယ် ။ သူ့လို လူမျိုးတွေ ယူနိုက်တက် မှာ လိုအပ်နေပါတယ်” လို့ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နှစ်သစ်ကူး ကာလမှာ ဘန်လေ အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး မနေ့ည ပွဲမှာ အဝါကတ် ထိခဲ့တဲ့ ဖာနန်ဒက်စ် ကတော့ ဒီရာသီမှာ ၅ ဝါ ပြည့်သွားတာကြောင့် တပွဲပယ် ပြစ်ဒဏ်ထိ ခဲ့ပြီး ဘန်လေ ပွဲကို လွဲချော် ရတော့မှာ ဖြစ်ပါတယ် ။

ဟယ်ရီ မက်ဂွဲယား နဲ့ ရိုနယ်ဒို တို့ဟာ လည်း မနေ့ညက ပွဲမှာ အဝါကိုယ်စီ ပြသခံ ခဲ့ရပြီး ၄ ဝါစီ ထိထားပြီးတာကြောင့် ဘန်လေ နဲ့ ပွဲမှာ အဝါကတ် ထပ်ထိ ပါက လာမယ့် ဝုဗ် နဲ့ ပွဲကို ပွဲပယ် ခံရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR