နယူးကာဆယ်နဲ့ ပွဲစဉ်အတွက် ယူနိုက်တက် နည်းပြ ရန်းဂနစ် ခေါင်းခဲရမယ့် ပြဿနာ 5 ခု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်တလော ရက်စွဲတွေမှာ ကိုဗစ်ဒဏ် ခံနေခဲ့ရတဲ့ အတွက် ပွဲကစားခွင့်တွေ ရွှေ့ဆိုင်းခံခဲ့ရပါတယ် ။ ယူနိုက်တက်တို့ဟာ နောဝှစ်ချ် နဲ့ ကစားပြီးနောက် ဘရန်းဖို့ဒ် ၊ ဘရိုက်တန် အသင်းတွေနဲ့ ကစားခွင့်တွေ ဆက်တိုက် လွှဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းဟာ လာမယ့် ဒီဇင်ဘာ 28 ရက်နေ့မှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒီပွဲ မတိုင်မီ ပြင်ဆင်ချိန်တွေ များစွာ ရရှိထားတဲ့ ယူနိုက်တက် နည်းပြ ရန်းဂနစ် အနေနဲ့ ဖြေရှင်းရမယ့် ပြသနာ 5 ခု ရှိနေတာကို ဖော်ပြပေးလိုက်ပါတယ် ။

(1) ညာခံစစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရဲ့လ်ဖ် ရန်းဂနစ် ရောက်လာကတည်းက ဒီယိုဂို ဒါးလော့ဟာ ပွဲထွက်ကစားခွင့်တွေ ဆက်တိုက် ရရှိသူ ဖြစ်နိုင်ခဲ့ပါတယ် ။ သူဟာ ဒီနေရာမှာလည်း ပုံစံကောင်း အချို့ တကယ်ပဲ ပြသနိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို အကူအညီ ပေးနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ သူဟာ လာမယ့် တစ်ပါတ်မှာ ပွဲထွက်ခွင့် တစ်နေရာ ရရှိနိုင်ရေး အတွက် အသင်းဖော် ဝမ် ဘစ်ဆာကာ နဲ့ တိုက်ပွဲဝင်သွားရဖို့ ရှိနေပါတယ် ။ လက်ရှိ အချိန်မှာတော့ ယူနိုက်တက် ပရိသတ်တွေဟာ ဒါးလော့ ဖက်မှာ ရပ်တည်နေဖို့ များနေပါတယ် ။ ဒါပေမဲ့ သူဟာ ဘစ်ဆာကာလောက် ခံစစ် စိတ်မချရပါဘူး ။

ဒါ့ကြောင့် ပွဲကစားခွင့်တွေ ရပ်နားထားခဲ့တဲ့ ကြားရက်တွေမှာ ဘယ်သူက လေ့ကျင့်ရေး ကွင်းထဲ ဘယ်လို စွမ်းဆောင်ရည် ပြသသွားနိုင်ခဲ့သလဲ ၊ ဘယ်သူ့ကို ဆက်ပြီး ရွေးချယ်ရမလဲဆိုတာ နည်းပြ ရန်းဂနစ် အတွက် ခေါင်းခဲစရာ ဖြစ်သွားဖို့ ရှိနေပါတယ် ။

 

(2) ဘယ်ခံစစ်

ဒါးလော့ လိုပဲ ယူနိုက်တက် အသင်းရဲ့ နောက်ထပ် ခံစစ် တစ်ခြမ်းမှာ ခြေစွမ်းကောင်း ပြသနေခဲ့သူက အဲလက်စ် တဲလက်စ် ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ လုခ်ရှော ဆိုတာကလည်း တိုက်စစ်ရော ခံစစ်ပါ ပုံစံကောင်း ပြသနိုင်စွမ်းရှိတဲ့ စပါယ်ရှယ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။

တဲလက်စ် ကတော့ ရန်းဂနစ် သဘောကျတဲ့ တိုက်စစ် အားသန် ခံစစ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် လာမယ့် ပွဲစဉ်တွေမှာ ယူနိုက်တက်ရဲ့ ဘယ်ခံစစ် နေရာ ဘယ်သူ ကစားမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

(3) ဗာရန်း ပြန်လာခြင်း

ဒဏ်ရာ ပြသနာတွေ အကြားမှာ ရုန်းကန်နေခဲ့ရတဲ့ ယူနိုက်တက် ခံစစ်မှူး ရာဖေးလ် ဗာရန်းဟာ ဒဏ်ရာ ပြသနာတွေမှ လွတ်မြောက်ပြီး အသင်းဆီ ပြန်လာတော့မယ်ဆိုတာက ရန်းဂနစ် အသင်းတော့ အားတက်ဖွယ်ရာ သတင်းကောင်း ဖြစ်နေမှာ အသေအချာပါပဲ ။

ဂျာမန်သား နည်းပြ ဖြစ်သူ ကိုယ်တိုင်က နိုင်ပွဲတွေကို Clean Sheet နဲ့ ရယူချင်တယ်လို့ ပြောထားသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် လာမယ့် ပွဲစဉ်တွေမှာ ယူနိုက်တက် အသင်းရဲ့ ခံစစ် နေရာမှာ မက်ဂွားယား + ဗာရန်း ကို ပြန်လည် မြင်တွေ့ရမလား ၊ ဒါမှမဟုတ် ခြေမှန်နေတဲ့ လင်ဒီလော့ဖ် ကပဲ နေရာဆက်ရမလား ဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

(4) နံပါတ် 10 နေရာ

ဒီနေရာ ပွဲထွက်ခွင့် ပေးဆောင်ရေး အတွက် အငြင်းပွားစရာ ဖြစ်နေမှာ အသေအချာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက် ကတည်းက စပါယ်ရှယ် ခြေစွမ်းတွေနဲ့ ဟီးရိုး ဖြစ်ခဲ့လို့ပါပဲ ။

ဒါပေမဲ့ ရန်းဂနစ် ရဲ့ လက်အောက်မှာတော့ သူဟာ ပွဲထွက် ကစားခွင့်တွေ ရနိုင်ခဲ့ပေမဲ့ ခြေစွမ်း ကျဆင်းနေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ဖရက်ဒ် နဲ့ တော်မီးနေး အတွဲဟာ ရန်းဂနစ် လက်အောက်မှာ ကွင်းလယ် ခံစစ်ပိုင်း နေရာ ရနိုင်ခြေ များနေကြပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်းရဲ့ နံပါတ် 10 နေရာအတွက် ရန်းဂနစ် ဟာ ဘရူနို ကိုပဲ ဆက်သုံးမလား ၊ ဒါမှမဟုတ် ဒွန်နီ ဗန်ဒီ ဘိခ် ကိုပဲ နေရာပေး သွားလိမ့်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။ ပရိသတ်တွေ အများစု ကတော့ ဘရူနို ဖက်မှာ ရှိနေမှာ အသေအချာပါပဲ ။

 

(5) ရပ်ရှ်ဖို့ ကို သုံးဦးမလား…

ရန်းဂနစ် ဆက်လက် အခက်တွေ့သွားဖို့ ရှိနေတဲ့ ပြသနာ တစ်ခုက တိုက်စစ်ပိုင်း ပြသနာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ဟာ ရာသီ အစတုန်းက ခွဲစိတ် ကုသမှု လုပ်ခဲ့တဲ့ အတွက် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပါတယ် ။

အဲ့ဒီနောက် သူဟာ အသင်းအတွက် ပြန်လည် ပါဝင်ချိန်မှာ ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ပွဲအချို့ ရှိခဲ့သလို ခြေစွမ်းကောင်း ပျောက်ဆုံး နေခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိခဲ့ဖူးပါသေးတယ် ။ အထူးသဖြင့် သူဟာ ရန်းဂနစ် လက်အောက်မှာ ပွဲထွက်ခွင့် ရနိုင်ခဲ့ပေမဲ့ ခြေစွမ်းကောင်း ပြဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဒါ့ကြောင့် ရန်းဂနစ်ဟာ သူ့ကိုပဲ ဆက်သုံးမလား ၊ ဒါမှမဟုတ် ဂရင်းဝုဒ် ၊ မာရှယ် ၊ ကာဗာနီ တို့ ထဲက တစ်ဦးဦးကို နေရာပေး ကစားစေမလား ၊ ကစားကွက် အပြောင်းအလဲ လုပ်သွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar