နယူးကာဆယ်ကို သရေသာ ကစားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝေဖန်ထိုးနှက်လိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း

အာဆင်နယ် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရေးပါလာ က စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို သရေ ရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝေဖန် ထိုးနှက်ခဲ့လိုက် ပါတယ် ။

နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ် 3 ပွဲ အတွင်းမှာ လက်စတာ စီးတီး ၊ လီဗာပူး ၊ မန်စီးတီး အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ပြီး အမှတ်ပေး ဇယား အဆင့် 20 နေရာမှ နောဝှစ်ချ် အသင်းနဲ့ ရမှတ်တူနေခဲ့တဲ့ အသင်း တစ်သင်းပဲ ဖြစ်သွားခဲ့ရပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အခြား ပြိုင်ဖက် အသင်းတွေ နည်းတူ နယူးကာဆယ်ကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။ သို့ပေမဲ့ လက်တွေ့မှာတော့ နယူးကာဆယ်ရဲ့ ခြိမ်းခြောက်မှုတွေက ယူနိုက်တက်တို့ကို ပိုမို အခက်တွေ့စေခဲ့တာပဲ ဖြစ်ပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှုသာ အသာစီး ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ဟာ ပွဲချိန် စတင်ပြီး 7 မိနစ် အကြာမှာပဲ ပြိုင်ဖက် အသင်းကို အဖွင့်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ဒီပေးဂိုး အတွက်တော့ ဒဏ်ရာမှ ပြန်လာခဲ့တဲ့ ဗာရန်းဟာ အမှားမကင်းသူ ဖြစ်သွားခဲ့ရပါတယ် ။

အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ ခြိမ်းခြောက်မှု ကိုယ်စီ လုပ်ခဲ့ကြပေမဲ့ ထူးခြားမှု မရှိခဲ့တဲ့ အတွက် ပထမပိုင်းဟာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်း စတင်တာနဲ့ ယူနိုက်တက် နည်းပြ ရန်းဂနစ်ဟာ အပြောင်းအလဲ စတင် လုပ်ခဲ့ပါတယ် ။

သူဟာ ပထမပိုင်း အတွင်း ခြေစွမ်း မပြနိုင်ခဲ့တဲ့ ဖရက်ဒ် နဲ့ ဂရင်းဝုဒ် တို့ကို လူစားလဲခဲ့ပြီး ကာဗာနီ ၊ ဆန်ချို တို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့် ကစားသွားခဲ့ပါတယ် ။ ရလဒ်တစ်ခု အနေနဲ့ ပွဲချိန် 71 မိနစ်မှာ ကာဗာနီ က ခြေပဂိုး သွင်းယူပေးခဲ့ပြီး အသင်းအတွက် သရေ တစ်မှတ် ရယူပေးသွားခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ နှစ်ပါတ်လောက် အနားယူခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အခုလို ပွဲမျိုးမှာ ဒီဂီယာ လက်စွမ်းပြမှု ၊ ကာဗာနီ ရဲ့ သွင်းဂိုးကြောင့် သရေပဲ ရနိုင်ခဲ့တာက ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။ အခုတော့ အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်သွားခဲ့လိုက် ပါတယ် ။

” ဒီနေ့မနက် နယူးကာဆယ် နဲ့ ပွဲစဉ်က တကယ့်ကို စိတ်မကျေနပ်စရာ ဖြစ်ခဲ့ရပါတယ် ။ သူတို့ ရမှတ် နှစ်မှတ် ဆုံံးရှုံးခဲ့ကြတယ်လေ ။ ဒီပွဲ မတိုင်ခင်တုန်းက နယူးကာဆယ် ပရိသတ်တွေက ယူနိုက်တက်ဆီကနေ တစ်မှတ်လောက် ရနိုင်ဖို့ မျှော်လင့်နေခဲ့ကြမှာပါ ”

” ဒါပေမဲ့ ပွဲချိန် ပြီးသွားတာနဲ့ ‘ ငါတို့တွေ ဘာလို့ သုံးမှတ် မရနိုင်ခဲ့တာလဲကွာ ? ” လို့ တွေးရင်းနဲ့ မကျေမနပ် ဖြစ်နေကြမှာ အသေအချာပါပဲ ။ ဒီပွဲမှာ ကာဗာနီ ဟာ ကယ်တင်သူ အနေနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ဒါက မန်ချက်စတာ ယူနိုက်တက် ဆီက မြင်တွေ့ရတဲ့ တကယ့်ကို သနားစရာကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ ”

 

” သူတို့တွေ ပွဲစဉ် မကစားပဲ နားခဲ့ကြရတာတင် 16 ရက်လောက် ရှိခဲ့တယ်လေ ။ သူတို့တွေ အခုထက် အများကြီး ပိုကောင်းအောင် ကစားပြနိုင်ခဲ့သင့်ပါတယ် ” လို့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရေးပါလာ က ဝေဖန် သုံးသပ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar