နည်းပြလောကထဲကို စတင်ဝင်ရောက်လာပြီ ဖြစ်တဲ့ မန်ယူနိုက်တက် သူရဲကောင်းဟောင်း ပက်ဂျီဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်း ပက်ဂျီဆန် ဟာ နည်းပြ အဖြစ် နဲ့ လုပ်ကိုင်ဖို့ အတွက် ကြိုးစား နေပြီး လက်ရှိ မှာတော့ အသင်းဟောင်း က လူငယ် အသင်းကို ကိုင်တွယ်ခွင့် ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ပက် ဟာ ယူနိုက်တက် မှာ ၇ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၄ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ရယူ နိုင်ခဲ့သလို ဆာအဲလက်စ် ရဲ့ နောက်ပိုင်းနှစ်တွေ မှာ အသင်းရဲ့ အားထား ရတဲ့ ကစားသမား တယောက် ဖြစ်ခဲ့ ပါတယ် ။

ပက်ဂျီဆန် ဟာ ၂၀၁၂ မှာ မန်ယူနိုက်တက် ကနေ ကျူပီအာ အသင်းဆီ ပြောင်းရွှေ့ ကစား ခဲ့ပြီး ၉ နှစ် အကြာမှာတော့ နည်းပြ အဖြစ် နဲ့ အသင်းဟောင်းကို နောက်တခါ ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

ပက် ဟာ UEFA ရဲ့ နည်းပြ ဘီ လိုင်စင် ကို အောင်မြင် သွားခဲ့တာကြောင့် ကျူပီအာ မှာ ယူ-၁၆ အသင်း ကို နည်းပြ အဖြစ် နဲ့ လုပ်ကိုင်တော့မှာပါ ။

ပက် က သူ့အနေနဲ့ အခုလို အခွင့်အရေး ရရှိလာခဲ့တဲ့ အတွက် အလွန် ဝမ်းမြောက်ကြောင်း နဲ့ စီနီယာ အသင်း နည်းပြ ခရစ် ရမ်ဆေး ဆီကလည်း သင်ယူစရာ များစွာ ရှိကြောင်း ကျူပီအာ အသင်းရဲ့ ဝက်ဘ်ဆိုက် ကနေ ပြောဆို သွားခဲ့ ပါတယ် ။

“ကျူပီအာ မှာ ကစားခဲ့ချိန် ကတည်းက လူငယ်တွေကို သူတို့ ဘယ်လို စီမံကိန်းတွေ လုပ်ပေး သလဲဆိုတာကို တွေ့ခဲ့ရပြီး စိတ်ဝင်စား ခဲ့ပါတယ် ။

အဲ့ဒိ အချိန်ကတည်းက နည်းပြတွေ ၊ ကစားသမားတွေ ဆီကနေ အများကြီး သင်ယူ နိုင်ခဲ့တာပါ”

“လူငယ် အသင်းကနေ စီနီယာ အသင်းဆီ ၊ အဲ့ဒိကမှ နည်းပြ ဖြစ်လာဖို့ ဆိုတာ က လူတိုင်း မလုပ်နိုင်တဲ့ အရာပါ ။

ခရစ် ( ရမ်ဆေး ) က လူငယ် အသင်းရဲ့ စနစ် အကြောင်း အားလုံး သိနားလည် ထားသူပါ ။ ဒါကြောင့် သူ့ဆီ ကနေ ကျွန်တော် အများကြီး သင်ယူဖို့ စိတ်ကူး ထားပါတယ်”

“နည်းပြ တယောက် ဖြစ်လာဖို့ ဆိုတာ အရည်အသွေးပိုင်တင် မဟုတ်ပါဘူး ၊ စိတ်ပိုင်း ဆိုင်ရာ ပါ အရေးကြီး ပါတယ် ။

လူတွေ က နည်းပြလုပ်ရတာဟာ ကစားသမား လုပ်ရတာ နဲ့ သိပ်ကွာခြားမှု မရှိဘူးလို့ ထင်နေကြတာပါ ။

အမှန်က မဟုတ်ပါဘူး ၊ အများကြီး ကွာပါတယ် ။ နည်းပြ ဖြစ်လာပြီ ဆိုရင် နည်းစနစ်ပိုင်း တခုတည်း အတွက်မဟုတ်တော့ ပါဘူး ၊ အရာ အားလုံး အတွက် တာဝန်ယူ ရတော့မှာပါ”

“အာရှ နဲ့ တောင်ကိုရီးယား ကို ကျွန်တော် ပြန်ကြည့်တဲ့ အခါမှာ ဥရောပ နဲ့ ယှဉ်လိုက်ရင် စီမံ ခန့်ခွဲမှု အပိုင်းတွေ အားနည်း နေသေးတာကို တွေ့ရ ပါတယ် ။ အခု ဒီက ရလာမယ့် အတွေ့ အကြုံ ကောင်းတွေကို တချိန်မှာ အာရှ ဘက်ကို ပြန်ပြီး မျှေ၀ နိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်” လို့ ပက်ဂျီဆန် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR