“ ဒေါ့မွန် တောင် လီဝန်ဒေါ့စကီး ကို လက်လွှတ်လိုက်ရပြီး နောက်ပိုင်း ၊ အိုရီဂီ ရဲ့ အကြောင်းကို ကျနော့်ဆီ လှမ်းမေးခဲ့ကြပါသေးတယ်” ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က ဒီတစ်ပတ် ကစားခဲ့တဲ့ ဝုဖ် နဲ့ ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အိုရီဂီ ဟာ ဒဏ်ရာပြသနာတွေ နှိပ်စက်ခဲ့တဲ့ အတွက် မျှော်လင့်ထားခဲ့သလောက် ခြေစွမ်း မပြနိုင်ခဲ့ဘူးလို့ မှတ်ချက် ပေးလိုက်ပြီး ၊ သူ လီဗာပူး ကို ရောက်ခါစ တုန်းက ဆိုရင် ဒေါ့မွန် ဘက်ကတောင် အိုရီဂီ ရဲ့ ခြေစွမ်းတွေကို အရေးတယူနဲ့ ပြောဆိုခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အိုရီဂီ ဟာ ယာဂန် ကလော့ပ် ရဲ့ အစောပိုင်း နေ့ရက်တွေက အသင်းတိုက်စစ်ကို ဦးဆောင်သူ အဖြစ် ပါဝင် ကစားခဲ့ပြီး ၊ အသင်းကြီး တော်တော်များများ အံ့အားသင့်သွားလောက်အောင်ကောင်းတဲ့ စွမ်းဆောင်ရည် ကောင်း တစ်ချို့ကိုလဲ ပြသနိုင်ခဲ့ပါတယ်။

 


“ အိုရီဂီ ရဲ့ ခြေစွမ်းက ကမ္ဘာ့အဆင့်မှီ စွမ်းဆောင်ရည်မျိုးတော့ အမြဲတမ်း ရှိမနေပါဘူး။ ဒါကြောင့်လဲ ကျနော်က အမြဲတမ်း ကစားခွင့် မပေးနိုင်ခဲ့တာပါ။ အသင်းက သူ့ကို လိုအပ်နေတဲ့ အချိန်ဆိုရင် သူဟာ ဒဏ်ရာပြသနာတွေ နဲ့ ရုန်းကန်နေရတာလဲ ကံမကောင်းဘူးလို့ ပြောလို့ ရပါတယ်။

2016 ခုနှစ်က ကစားခဲ့တဲ့ အဲဗာတန် နဲ့ ပွဲကို အခုထိ အမှတ်ရနေဆဲပါ။ အဲဒီ အချိန်က အိုရီဂီ ရဲ့ ခြေစွမ်းတွေဟာ အပျံစား ဖြစ်သလို ၊ အဆုံးအဖြတ် ဂိုးတွေတောင် ဆက်တိုက် သွင်းယူပြခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ဒေါ့မွန် နဲ့ အဝေးကွင်း ပွဲစဉ် ကစားအပြီးမှာတော့ ၊ ဒေါ့မွန်ဘက်က “ အိုရီဂီ ဟာ ဘယ်လို တိုက်စစ်မှုးမျိုးလဲ ဆိုပြီး စိတ်ဝင် တစားနဲ့တောင် မေးခဲ့ကြပါသေးတယ်?”

သူတို့ဟာ မဝေးလှတဲ့ ကာလတစ်ခု အတွင်းက လီဝန်ဒေါ့စကီး ကို ဆုံးရှုံးထားရတာလေ။ အဲဒီ အချိန်မှာ ကျနော် က အကြောင်းအရာ တစ်ချို့ကို ပြောပြလိုက်တော့ “ အို့….သူတို့ နှစ်ယောက်ရဲ့ အဆင့်အတန်းက တော်တော်လေးကို နီးစပ်မှု ရှိနေပါလား? ဆိုပြီးတောင် ဖြစ်သွားကြပါတယ်။

ဒါတွေက သူ့ရဲ့ အမြင့်ဆုံး အခိုက်အတန့်တွေပေါ့ဗျာ။

အဲဒီနောက်မှာတော့ ဒဏ်ရာပြသနာတွေ ဆက်တိုက် ရခဲ့တယ် ၊ ကျနော်တို့ ကလဲ ယူရို ပါလိဂ် ဗိုလ်လုပွဲမှာ သူ့ကို ထည့်ပြီး ကစားချင်တဲ့ အတွက် အလောတကြီး လုပ်ဆောင်မိခဲ့တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီ ကိစ္စမျိုးတွေဟာ သူ့ရဲ့ ဘောလုံးသမား ဘ၀ ဖြတ်သန်းမှု အပေါ် သက်ရောက်မှုတွေ ရှိတယ်လေ။ အဲဒီနောက်တော့ တဆင့်ချင်း တိုးတက်လာအောင် ချဉ်းကပ်ခဲ့တယ် ၊ တိုက်စစ်မှာလဲ မို ဆာလာ ၊ ဖာမီနို ၊ မာနေး တို့ အတွဲ ဖြစ်လာတယ်။

အိုရီဂီ ဟာ ကစားခွင့် နည်းသည် ဖြစ်စေ ၊ များသည် ဖြစ်စေ အဲဒီ သုံးယောက် ရဲ့ နောက်မှာတော့ အမြဲတမ်း အဆင်သင့် ရှိပါတယ်။ ဘောလုံးသမား ဘဝက တစ်ခါတလေ ဒီအတိုင်းပဲလေ။ ဟိုနေ့က ပွဲအပြီးမှာ ကျနော် ပြောခဲ့သလိုပေါ့ လီဗာပူး ရဲ့ ပွဲထွက် ကစားသမား မဖြစ်ဘူး ဆိုရင်တောင် ၊ အဲဒီ ကစားသမားသမား ဟာ ကမ္ဘာ့အဆင့်မီ ဘောလုံးသမား ဖြစ်နိုင်ပါသေးတယ်။

ဘာလို့လဲ ဆိုတော့ ကျနော့် ဘောလုံးသမားတွေ အကြောင်း ကောင်းကောင်း သဘောပေါက်နေတဲ့ အတွက်ကြောင့်ပါ။ အိုရီဂီ ဆိုရင်လဲ တချို့ အခိုက်အတန့်တွေမှာ လက်ဖျားတောင် ခါယူရလောက်ပါတယ်။ သူ ဂိုးတွေ သွင်းပြတိုင်းလဲ အားလုံးအတွက် အရမ်းကို ပျော်စရွှင်စရာ ကောင်းတဲ့ အခိုက်အတန့်မျိုးတွေပဲ ဖန်တီးပေးနေတာလေ။

အဲဒီတော့ ဒီလို ပုံပြင်တွေ ပြောပြခွင့်ရတာ အရသာ ရှိလွန်းပါတယ်။ နောက်ထပ် ပုံပြင်တွေ ကို ဆက်ပြီး ဖန်တီးလိုက်ကြရအောင်ပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကလော့ပ် ဟာ ဒီညမှာ ကစားမယ့် အေစီ မီလန် နဲ့ ပွဲမှာ အိုရီဂီ က ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်နိုင်မလား ဆိုတဲ့ အချက် အတည်ပြုခဲ့ခြင်း မရှိပေမယ့် ၊ သေချာပေါက် ကစားခွင့် ပေးသွားမယ်လို့ ကြိုတင် အသိပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR