ဒီလိုပုံစံမျိုးသာ ဆက်ကစားသွားခဲ့မယ်ဆိုရင် မန်စီးတီးကို လိုက်မှီနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် လုံး၀ သဘောမကျဘူးလို့ ဆိုသွားခဲ့ပြီး အကယ်၍ သူတို့သာ ဒီလိုမျိုး ပုံစံနဲ့ ဆက်ကစားနေမယ် ဆိုရင် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးကို အမှီလိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ ပါတယ်။ လက်စတာဟာ ဒုတိယပိုင်းမှာ လူစားဝင် ကစားသမား ဖြစ်သူ လွတ်မန်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲမှာ အရေးနိမ့်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့ ဆာလားရဲ့ ပင်နယ်တီ လွဲချော်မှု ၊ မာနေး ၊ ဂျိုတာ ၊ ဟန်ဒါဆန် တို့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ဖြစ်ပြီး ဒီအတွက် ပြန်လည် အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ကလော့ရဲ့ အသင်းဟာ ထိပ်ဆုံးက စီးတီးနဲ့ ၆ မှတ် ကွာဟသွားခဲ့ပြီး စီးတီးဟာ လာမည့် ဇန်နဝါရီလ ၂ ရက်နေ့ လီဗာပူးနဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ ကြားထဲမှာ ၂ ပွဲ ကစားသွားရမှာ ဖြစ်တာကြောင့် ရမှတ် ကွာဟမှုက ၁၂ မှတ်ထိ ဖြစ်သွားနိုင်ပါတယ်။

ကလော့က “ချဲလ်ဆီးနဲ့ ကျွန်တော်တို့ဟာ အချင်းချင်း ရင်ဆိုင်သွားရမှာ ဖြစ်တာကြောင့် ကျွန်တော်တို့ နှစ်သင်းစလုံး အမှတ်တွေ ရယူနိုင်မှာ မဟုတ်ပါဘူး။ စီးတီးကို ထိပ်ဆုံးကနေ လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်ဖို့ဟာ ဒီနေ့ညက ကျွန်တော်တို့ရဲ့ အစီအစဉ် မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့သာ ဒီညက ပုံစံမျိုးနဲ့ ဆက်ကစားသွားခဲ့မယ် ဆိုရင် ကျွန်တော်တို့ စီးတီးကို အမှီလိုက်ဖို့ တွေးနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပုံမှန် အတိုင်း ကစားသွားခဲ့မယ်ဆိုရင် normal football games တွေကို အနိုင်ရနိုင်ပါတယ်။

ကျွန်တော်တို့ ရမှတ်တွေ ဘယ်လောက် ရနိုင်မလဲ ဆိုတာ နဲ့ ဒါဟာ ဘယ်လို အဓိပ္ပာယ် ရှိလာနိုင်သလဲ ဆိုတာ စောင့်ကြည့် သွားရမှာပါ။ ဒီညအတွက် ကျွန်တော့်မှာ သင့်တော် ကောင်းမွန်တဲ့ ရှင်းပြချက် မရှိပါဘူး။

ဒါပေမယ့် ဒါကို ရှာဖွေ သွားဖို့က ကျွန်တော့်ရဲ့ အဓိက လုပ်ရမယ့် အရာပါ။ ဒီအခိုက်အတန့်မှာတော့ မဟုတ်ပါဘူး။ ပြောရတာ လွယ်ကူပေမယ့် ကျွန်တော်တို့ ဒီညမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင်လည်း ကျွန်တော် ဒီပွဲရဲ့ ကစားပုံကို ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်သက်မှာ မဟုတ်ပါဘူး။ ဒီည ကျွန်တော်တို့ရဲ့ ကစားပုံ တော်တော်များများကို မကြိုက်ပါဘူး။ ဒါဟာ သိပ်တော့ မကောင်းလှပါဘူး။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်သွားရမှာပါ။ တိုးတက်အောင် လုပ်ပြီး ပြန်တိုက်ပွဲ ဝင်တာပေါ့။

ဒီညမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ရှာမတွေ့ခဲ့ကြပါဘူး။ ကျွန်တော်တို့ ပွဲအစပိုင်း ကောင်းခဲ့ပါတယ်။ အစကတည်းက အသင်းရဲ့ intensity ကို ၁၀၀% သဘောမကျပေမယ့် တစ်ခါတစ်ရံ အစပိုင်းမှာ ဒီလိုမျိုး ဖြစ်တက်ပါတယ်။

ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်မှုတွေ တအားလောနေခဲ့ပြီး နောက်ထပ် pass တစ်ခု ထပ်လုပ်ရမယ့် အစား ဖြတ်တင်ဘောတွေ စောစော လုပ်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ဒါကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းရင်းတစ်ချို့ကြောင့် အလုပ် မဖြစ်ခဲ့ပါဘူး။

ကျွန်တော်တို့ ဆက်လက် တိုက်စစ်ဆင်ခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ရတဲ့ အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ်။

ဒါဟာ တကယ့် ပုံပြင်ကောင်းပါပဲ။ ၂၆ ရက် နဲ့ ၂၈ ရက်မှာ ကစားရတဲ့ အပေါ် ကွန်ပလိန်းတက်နေခဲ့တဲ့ လူဟာ ၂၈ ရက်မှာသာ ကစားခဲ့ရပြီး ၂၆ ရက် နဲ့ ၂၈ ရက် မှာ ကစားခဲ့ရတဲ့ အသင်းကို ရှုံးနိမ့်ခဲ့လို့ပါပဲ။” လို့ ပြောလိုက်ပါတယ်။

SM