‘ဒီလိုဂိုးမျိုးရဖို့ စောင့်လာခဲ့တာ ငါးနှစ်လောက်ရှိနေပါပြီ’ – နယူးကာဆယ်နဲ့ပွဲက ဒုံးပြန်ကစ်အပေါ် ထရန့်ရဲ့ တုန့်ပြန်မှု

ထရန့်အလက်ဇန်းဒါးအာနိုးဟာ မနေ့ညက လီဗာပူးတို့ နယူးကာဆယ်ကို အန်ဖီးမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့ အတူ ပွဲသိမ်းစေခဲ့တဲ့ အတွက် ၀မ်းမြောက်လျက် ရှိနေပါတယ်။ လီဗာပူး နံပါတ် ၆၆ ဟာ ပွဲချိန် ၈၆ မိနစ်မှာ ရော်ဘတ်တိုဖာမီိနိုရဲ့ ပြန်ချပေးမှုကနေ တဆင့် ဂိုးသမားရဲ့ ညာဘက်ဂိုးထောင့်ကို အဝေးကန်ချက်နဲ့ အပြင်းကန်သွင်းကာ လီဗာပူးကို ၃ မှတ် ရဖို့ သေချာသွားစေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဂျွန်ဂျိုရှယ်ဗေးရဲ့ သွင်းဂိုးကို ဂျိုတာ ဆာလား တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ အတူ ပြန်လည် ချေပကာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း မိနစ် ၈၀ ကျော်ထိ ဒီရလဒ်အတိုင်း ဖြစ်နေတာကြောင့် အန်ဖီးပရိတ်သတ်တွေဟာ နောက်ကျ ချေပဂိုးနဲ့ ရမှတ် ၂ မှတ် ဆုံးရှုံးသွားမှာကို စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အလက်ဇန်းဒါးအာနိုးဟာ သူ့ရဲ့ လှပတဲ့ သွင်းဂိုး အပြင် အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ဂျိုတာရဲ့ ချေပဂိုးနဲ့ ပက်သက်ပြီး မှတ်ချက်ပေးသွားခဲ့ ပါတယ်။

အနိုင်ရလဒ်ကို သေချာသွားစေခဲ့တဲ့ လှပတဲ့ သွင်းဂိုးနဲ့ ပက်သက်ပြီး ထရန့်က “ကျွန်တော် ဒီလို ဂိုးမျိုးကို သွင်းယူနိုင်ဖို့ အတွက် ဒီလိုမျိုး တိကျစွာ ကန်သွင်းဖို့အတွက် စောင့်လာခဲ့တာ ၅ နှစ်လောက် ရှိနေပါပြီ။ ပင်နယ်တီ ဧရိယာထိပ်ကနေ ကျွန်တော် သွင်းဂိုး တစ်ချို့ကို သွင်းယူခဲ့ဖူးပါတယ်။ ဒီသွင်းဂိုးမှာ ကျွန်တော့် အနေနဲ့ သူတို့ကို နောက်ဆုတ်သွားအောင် အရင် လုပ်ခဲ့ရပြီး ပေါ်လာတဲ့ နေရာလွတ်ကနေ ဒီလိုမျိုး ကန်သွင်းယူခဲ့တာပါ။ ဘောလုံးဟာ ဂိုးထောင့်ထဲကို လှပစွာ ၀င်သွားခဲ့ပါတယ်။ ဒါဟာ တကယ့်ကို clean strike ပါ။ ဒီလို ဂိုးမျိုးကို ပွဲသိမ်းလိုက်နိုင်တဲ့ အတွက် ၀မ်းမြောက်မိပါတယ်။”

ဂျိုတာရဲ့ အဖွင့်ဂိုးဟာ အငြင်းပွားစရာတော့ ဖြစ်ခဲ့ပြီး ထောင့်ကန်ဘောကို ရှင်းထုတ်ရင်းနဲ့ နယူးကာဆယ် ကစားသမား ထိခိုက်ပြီး ပင်နယ်တီ ဧရိယာထဲ လဲကျသွားချိန်မှာ ဒိုင်လူကြီးက ဝီစီမှုတ်ခဲ့ခြင်း မရှိခဲ့တာကြောင့် လီဗာပူးဟာ ပွဲကို ဆက်ကစားရင်းနဲ့ ဂျိုတာက ချေပဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီး ထရန့်က “ပင်နယ်တီ ဧရိယာအတွင်း အတွင်းအပြင်မှာ အားလုံး လှုပ်ရှားနေကြတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်သူက လဲနေသလဲ ဘယ်သူက ရပ်နေသလဲဆိုတာ မကြည့်နိုင်ပါဘူး။ ကိုယ့်ရဲ့ အသင်းဖော်တွေကိုပဲ ရှာဖွေလေ့ ရှိကာ ဂိုးသွင်းယူဖို့ပဲ ကြိုးစားပါတယ်။ မျက်လုံးက အောက်ကို အာရုံစိုက်နေတာ မရှိပါဘူး။ အကယ်လို့များ ဦးခေါင်းဒဏ်ရာဆိုရင် ပွဲကို ရပ်တန့်ရမှာက ဒိုင်လူကြီးရဲ့ အလုပ်ပါပဲ။

သူ ဒီလို မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ သူ ဝီစီ မမှုတ်ခဲ့တဲ့ အတွက် ဆက်ကစားရင်းနဲ့ ဂိုးရရှိခဲ့တာပါ။ ကျွန်တော်တို့ လုပ်နိုင်တာ ဒါပါပဲ။ ကျွန်တော်တို့ လိမ်ညာခဲ့တာ မဟုတ်သလို အားကစား စိတ်ဓာတ် မရှိခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒိုင်ရဲ့ ဝီစီအပေါ်မှာပဲ ကစားတာ ဖြစ်ပြီး ဒီကနေပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးတို့ အဲဗာတန်နဲ့ပွဲမှာ ၂ မှတ် ဆုံးရှုံးခဲ့တဲ့ အပေါ် ထရန့်က “ကိုယ်နဲ့ နီးကပ်စွာ ရှိနေတဲ့ အသင်းတွေကို ရလဒ်ကောင်းတော့ ဘယ်ရစေချင်ပမလဲဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ ရာသီတစ်ခုရဲ့ ဒီလိုမျိုး အချိန်မှာ ခြေစွမ်းတည်ငြိမ်ဖို့နဲ့ နိုင်ပွဲတွေ တက်နိုင်သမျှ ရယူထားဖို့က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေဟာ တောက်လျှောက် ကစားနေရတာ ဖြစ်ပြီး အနည်းငယ်လေး ခြေချော်သွားတာနဲ့ ဧပြီ မေလမှာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ တက်နိုင်သမျှ အမှတ်တွေ ရယူသွားဖို့ အရေးအကြီးဆုံးပါ။ ကျွန်တော်တို့ ဒါကို အခုထိတော့ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားနေဖို့ လိုပါတယ်။”

SM