ဒီရာသီ ပရီးမီးယားလိဂ် title race ကို ကြိုတင် သုံးသပ်လိုက်ကာ ချန်ပီယံဖြစ်မယ့်အသင်းကို ခန့်မှန်းသွားခဲ့တဲ့ မိုက်ကယ်အိုဝင်

မိုက်ကယ်အိုဝင်က လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ဟာ ပရီးမီးယားလိဂ် title race မှာ ချဲလ်ဆီးထက် အနည်းငယ် အသာရနေကြတယ်လို့ ဆိုလိုက်ပြီး အကြောင်းရင်းကတော့ အဆိုပါ ၂ သင်းရဲ့ ပွဲထွက် ကစားသမား စာရင်းဟာ ချဲလ်ဆီးထက် ပိုကောင်းတာကြောင့်လို့ ပြောသွားပါတယ်။

ပွဲစဉ် ၁၄ အပြီးမှာတော့ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် အသင်း ၃ သင်းသာ အဓိက ပြိုင်ဆိုင်သွားရတော့မယ် ဆိုတာ ပိုမို သေချာနေခဲ့ပြီး ထိပ်ဆုံးနေရာက ချဲလ်ဆီးဟာ ဒုတိယနေရာက မန်စီးတီးကို ၁ မှတ် ၊ တတိယနေရာက လီဗာပူးကို ၂ မှတ် ဖြတ်ထားခဲ့ပါတယ်။ အဆိုပါ ၃ သင်းစလုံးဟာ အကောင်းဆုံး ပုံစံနဲ့အတူ title race မှာ ခရီးဆက်နေပြီး ဗုဒ္ဓဟူးနေ့က လီဗာပူးဟာ မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို ဂိုးပြတ်နိုင်ခဲ့သလို ချဲလ်ဆီး နဲ့ မန်စီးတီး တို့ကလည်း ဝက်ဖို့ဒ် ဗီလာ တို့ကို အနိုင်ရခဲ့ပါတယ်။

အိုဝင်က မန်စီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ရဲ့ မြင့်မားတဲ့ အရည်အသွေးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ လာမည့် မေလ အထိ အကြိတ်အနယ် ဖြစ်နေလိမ့်မယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်းက ရာသီကုန်ချိန်မှာတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ စီးတီး နဲ့ ချဲလ်ဆီး တို့ကို ကပ်ပြီး ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်သွားမယ်လို့ ခန့်မှန်း လိုက်ပါတယ်။

အိုဝင်က “ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်သူ ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာ ခန့်မှန်းရ အရမ်း ခက်ပါတယ်။ အကယ်၍ လူတွေက ဒီ ၃ သင်းထဲက တစ်သင်းသင်း ဖလား ဆွတ်ခူးလိမ့်မယ်လို့ ပြောခဲ့မယ် ဆိုရင် ကျွန်တော် ငြင်းခုန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီရာသီ title race ဟာ လာမည့် မေလအထိ အကြိတ်အနယ် ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ လာမည့် မေလ အထိ ဒီ ၃ သင်းစလုံးဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေကြမှာပါ။

 

ဒီ ၃ သင်းဟာ ကာလ အတော်ကြာပြီးမှ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံး ၃ သင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက အရမ်းကောင်းတဲ့ မန်စီးတီး အသင်း ၊ အရမ်း ကောင်းတဲ့ လီဗာပူး အသင်း တို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အသင်း ၃ သင်း တစ်ချိန်တည်းမှာ မြင့်မားတဲ့ standard နဲ့ ပြိုင်ဆိုင်နေတာမျိုးကို ကျွန်တော်တို့ လုံး၀ မမြင်ဖူးခဲ့ပါဘူး။ ဒါဟာ ထူးခြားတဲ့ ရာသီတစ်ခုပါ။ ကျွန်တော်ကတော့ title race ဟာ နောက်ဆုံး အချိန်ထိ ပြိုင်ဆိုင်မှု ပြင်းထန်နေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဒီအသင်း ၃ သင်း ရယူထားခဲ့တဲ့ ရလဒ်တွေ ကြည့်လိုက်ပါ။ သူတို့ဟာ တော်တော်နဲ့ ခြေချော်သွားဖို့ မရှိပါဘူး။ လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ ပွဲထွက် ကစားသမား စာရင်းဟာ ချဲလ်ဆီးထက် ပိုမို တောင့်တင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ကလည်း အရမ်းကောင်းတဲ့ မန်နေဂျာ ၊ အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ရာသီကုန်မှာ ဘယ်သူ မဆို ချန်ပီယံ ဖြစ်သွားနိုင်ပေမယ့် ကျွန်တော်ကတော့ လီဗာပူးတို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM