ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု အဖြစ် အာဆင်နယ် ကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်း ရဲ့နောက်ခံလူဟောင်း ဂျင်မီ ကာရေဂါ က အာဆင်နယ် အသင်း ရဲ့ ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့အကောင်းဆုံး ခေါ်ယူမှု လို့ ဆိုလိုက်ပြီး အင်္ဂလန်သားရဲ့စွမ်းဆောင်ရည် အပေါ် အများကြီး အံ့အားသင့် ခဲ့ရတယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရမ်စ်ဒဲလ် ကို ခေါ်ယူ ခဲ့တာပါ ။အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ၁၆ ပွဲ ပွဲထွက် ကစားရာမှာ Clean-Sheet ၉ ပွဲ အထိ ရယူ ထားနိုင်ပြီး ထိပ်တန်း ကာကွယ်မှုတွေ အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့သလို အာဆင်နယ် အသင်းရဲ့တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ် နှစ်လဆက် ရွေးချယ် ခံခဲ့ရပါတယ် ။

ကာရေဂါ ကတော့ ရမ်စ်ဒဲလ် ဟာ စွမ်းဆောင်ရည်ပိုင်း ကောင်းရုံသာမက စရိုက် လက္ခဏာ နဲ့ ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းမွန်တာကြောင့် သူ့ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ခေါ်ယူမှု အဖြစ် သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း Sky Sports မှာ ရှင်းပြ သွားခဲ့ပါတယ် ။

” ကျွန်တော်ကတော့ ဒီရာသီ အကောင်းဆုံး ခေါ်ယူမှု အဖြစ် ရမ်စ်ဒဲလ် ကို ရွေးချယ် ချင်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့်ကို အကြီးအကျယ် အံ့အား သင့်စေ ခဲ့လို့ပါ ။ အာဆင်နယ် အသင်း သူ့ကို ခေါ်လိုက်တုန်းက အရန် ဂိုးသမား အဖြစ် ထားဖို့ရယ် အင်္ဂလိပ် ကစားသမား ဖြစ်နေတာကြောင့်ရယ်လို့ တွေးထင် ခဲ့ပါတယ် ။ ”

” သူ ရှက်ဖီးယူနိုက် နဲ့ ဘုန်းမောက် အသင်းမှာ ကစားစဉ်တုန်းက ကျွန်တော် အထင်မကြီးမမိခဲ့ပါဘူး ။ ခုလို ရွေးချယ်လိုက်တာက သူ ပြုလုပ်ခဲ့တဲ့ ကာကွယ်မှုတွေကြောင့်တင် မကပါဘူး ၊ သူ့ရဲ့ စရိုက် လက္ခဏာ နဲ့ ခံယူချက်တွေကြောင့်လည်း ပါပါတယ် ။ ”

” အာဆင်နယ် အသင်း အဝတ်လဲခန်းမှာက လူငယ် ကြယ်ပွင့်တွေ အတော်များပါတယ် ၊ ဒါပေမယ့် အသင်းကြီး တစ်သင်း အဖြစ် ရှိနေဆဲပါ ၊ ရမ်စ်ဒဲလ် က လူငယ် ဂိုးသမား တစ်ဦး ဖြစ်ပေမယ့် အသင်း အပေါ် သူ့ရဲ့အကျိုးပြုနိုင်မှု က ကြီးမားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM