ဒီရာသီ စွမ်းဆောင်ရည် မြင့်မားနေတဲ့ အငှား ကြယ်ပွင့် တဦးကို ဒီဘရိုင်း ၊ ဆာလာတို့ရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ချဲလ်ဆီး အသင်းထံ သတိပေးလိုက်တဲ့ ကတ်စ်ကာရီနို

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ၁၀စုနှစ် တခု အတွင်း လူငယ် ကြယ်ပွင့် အများအပြား ကို ပွဲအတွေ့အကြုံ အတွက် အငှား စေလွှတ်တဲ့ ပေါ်လစီကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး ၊ ထိုစနစ်ကနေ အလားအလာကောင်းပြီး ၊ အနာဂတ် တောက်ပမှုတွေ ပိုင်ဆိုင်ထားတဲ့ စတား အချို့ကို နှစ်စဉ်နှစ်တိုင်းလိုလို မွေးထုတ်ပေးနိုင်တာကို တွေ့ရပါတယ် ။

ယခုနှစ် ဘောလုံး ရာသီမှာလည်း ချဲလ်ဆီး အသင်း ဟာ ကစားသမား အယောက် ၂၀ကျော် အငှားထပ်ထုတ်ထားပြီး ၊ ထိုအထဲမှာ အများက သတိအထားမိဆုံးနဲ့ ခြေစွမ်း တိုးတက်မှု အရှိဆုံး ကြယ်ပွင့် ကတော့ ခရစ်စတယ် ပဲလေ့စ် အသင်းကို အငှားထွက်နေတဲ့ အင်္ဂလန် ယူ ၂၁ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါပဲ ဖြစ်ပါတယ် ။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးပြီး ၊ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီ ချဲလ်ဆီး အသင်းရဲ့ အကောင်းဆုံး အကယ်ဒမီ ကစားသမားဆု ကို ဆွတ်ခူးခဲ့တဲ့ ဂေါ်လဂါ ဟာ အာဆင်နယ် ဂန္တဝင် ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီအဲရာ ကိုင်တွယ်နေတဲ့ ပဲလေ့စ် အသင်းရဲ့ ကွင်းလယ်မှာ ပဲ့ကိုင်ရှင် အဖြစ် ပါဝင် ကစားပေးနေရပါတယ် ။

ဂေါ်လဂါ ဟာ ဒီရာသီ ပဲလေ့စ် အတွက် ပွဲပေါင်း ၁၇ပွဲ အထိ ကစားပေးထားပြီး ၊ သွင်းဂိုး ၆ဂိုး ၊ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားကာ ၊ ပဲလေ့စ်ရဲ့ ဒီရာသီ ဂိုးသွင်း အများဆုံး ၊ စွမ်းဆောင်ရည် အမြင့်မားဆုံး ကစားသမား အဖြစ် ခြေစွမ်းပြလျက် ရှိနေပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တဦး ဖြစ်တဲ့ တိုနီ ကတ်စ်ကာရီနို ကတော့ ယခင် အငှား စေလွှတ်ခဲ့ပြီးမှ အပြည့်အဝ အသုံးမချလိုက်ရပဲ ၊ တခြား အသင်းမှာ စူပါစတားတွေ ဖြစ်နေတဲ့ ကယ်ဗင် ဒီဘရိုင်း ၊ မိုဟာမက် ဆာလာတို့ရဲ့ ဖြစ်ရပ်ကို သင်ခန်းစာ ယူကာ ၊ ဂေါ်လဂါ ကို လာမယ့် ရာသီမှာ နေရာပေးဖို့ အသင်းဟောင်းကို သတိပေးခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကတ်စ်ကာရီနို က ” ကော်နာ ဂေါ်လဂါ ဟာ ချဲလ်ဆီးကနေ ထွက်ခွာလို့ မရပါဘူး ။ ကလပ်ဖက်က ဒီတခါမှာ သူ့ကို လက်လွှတ်လိုက်လို့ မဖြစ်ပါဘူး ။ ချဲလ်ဆီးကနေ ထွက်ခွာခဲ့တဲ့ တကယ့် ဂရိတ် ကစားသမားတွေ တခြား ပြိုင်ဖက် ကလပ်တွေဆီ ရောက်ကုန်ကြပါပြီ ။ ”

” ဒီတယောက်တော့ ချဲလ်ဆီးက လက်လွှတ်မယ် မထင်ပါဘူး ။ သူဟာ လက်ရှိ ချဲလ်ဆီး အသင်းမှာ ရှိမနေတဲ့ အရာ တခုကို ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ သူဟာ ကွင်းလယ်ကနေ ဂိုးသွင်းပေးနိုင်ပါတယ် ။ သူတို့မှာ တောင်ပံ တိုက်စစ်ကနေ ဂိုးတွေ ယူပေးမယ့် ကစားသမားတွေ ရှိနေပါတယ် ။ ”

” မေဆင်မောင့် ဆိုရင် တခါတလေမှာ တောင်ပံ တိုက်စစ်ကနေ ဂိုးယူပေးပြီး ၊ တခါတလေမှာ ကွင်းလယ် နေရာကနေ ဂိုးသွင်းပေးနိုင်ပါတယ် ။ ဟတ်ဒ်ဆန် အိုဒွိုင်း ကတော့ တောင်ပံ တိုက်စစ် ကနေ အထဲ ဆွဲပြေး ဂိုးသွင်းတတ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ဒါပေမယ့် ဂေါ်လဂါ ကတော့ ကွင်းလယ်တိုက်စစ် ကစားသမားပါ ။ သူဟာ ဂိုးသွင်းနိုင်တဲ့ အန်ဂိုလို ကန်တေ ဖြစ်ပါတယ် ။ ”

” သူဟာ ကွင်းလယ်မှာ ကန်တေလို ခံစစ်ပိုင်း ပံ့ပိုးပေးနိုင်သလို ၊ တိုက်စစ် အတွက်လည်း ဂိုးတွေနဲ့ ကူူညီပေးနိုင်ပါတယ် ။ အကယ်၍ တူချယ်သာ လာမယ့် ရာသီ သူ့ကို စီနီယာ အသင်းမှာ နေရာ တနေရာ အတွက် တိုက်ပွဲဝင်ခွင့် မပေးဘူးဆိုရင် ၊ ကျွန်တော်ဖြင့် အံ့သြမိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR