ဒီရာသီ ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူမြင်တွေ့စေချင်တဲ့ အသင်း ၂ သင်းကို ပြောပြလိုက်တဲ့ နာပိုလီစတား အင်ဆစ်နီ

နာပိုလီ စတား လော်ရန်ဇိုအင်ဆစ်နီက ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့သာ တွေ့ဆုံနေမယ် ဆိုရင် တကယ့်ကို ပြီးပြည့်စုံတဲ့ ဖိုင်နယ် ဖြစ်သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၃၀ အရွယ် အီတလီစတားဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မန်စီးတီး လီဗာပူး တို့နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိထားခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ နာပိုလီဟာ ယူရိုပါလိဂ်သာ ၀င်ခွင့် ရခဲ့ပြီး play-off အဆင့်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွှမ်းမိုးထားခဲ့တဲ့ အသင်းတွေ ဖြစ်ကြပြီး ဒီရာသီမှာလည်း အမှတ်ပေးဖလား အတွက် ဒီနှစ်သင်းသာ အဓိက ပြိုင်ဆိုင်သွားရမယ့် အနေအထား ဖြစ်နေပါတယ်။

အင်ဆစ်နီ ကတော့ သူ့အနေနဲ့ လာမည့် မေလ စိန့်ပီတာစဘက်မှာ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို မြင်တွေ့လိုတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးကာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း နာပိုလီ အသင်းခေါင်းဆောင်ဟာ မန်စီးတီးဟာ သူ အမြဲတမ်း နှစ်သက်စွာ စောင့်ကြည့်လေ့ ရှိတဲ့ အသင်း ဖြစ်တယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။

အင်ဆစ်နီက “အင်္ဂလန် ၊ စပိန် တို့နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် အီတလီဟာ နည်းစနစ်ပိုင်းမှာ အများကြီးကို သာလွန်ပါတယ်။ ဒ့ါကြောင့်လည်း နိုင်ငံရပ်ခြား ကနေ စီးရီးအေကို လာရောက် ကစားတဲ့ ကစားသမားတွေဟာ အစပိုင်းမှာ အထိုင်ကျဖို့ အနည်းငယ် ခက်ခဲတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ တီဗီကနေ ဘောလုံးပွဲ တော်တော်များများကို မလွတ်တမ်း ကြည့်ရှုလေ့ ရှိတဲ့သူပါ။

ဒါပေမယ့် လက်မှတ်၀ယ်ယူပြီး ကွင်းထဲမှာ ဘောလုံးပွဲ တစ်ပွဲကို ကျွန်တော် မဖြစ်မနေ သွားရောက် ကြည့်ရှုရတော့မယ် ဆိုရင် ဒါဟာ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အမြဲတမ်း နှစ်သက်စွာ စောင့်ကြည့်လေ့ ရှိတဲ့ အသင်းကတော့ မန်ချက်စတာစီးတီးပဲ ဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ football ဟာ သူ ဘာစီလိုနာကို ကိုင်တွယ်စဉ်ကတည်းက အမြဲတမ်း မလွတ်တမ်း ကြည့်ချင်စရာ ဖြစ်ပါတယ်။ ကျွန်တော့် အတွက် ဒီရာသီမှာ ပြီးပြည့်စုံတဲ့ ချန်ပီယံလိဂ်လိဂ် ဖိုင်နယ်ကတော့ မန်စီးတီး vs လီဗာပူး ပွဲစဉ် ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ နောက်ဆုံး ၁၆ သင်း အဆင့်မှာ စီးရီးအေ ကလပ် အင်တာမီလန် အသင်းနဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပြီး မန်စီးတီး ကတော့ စပို့တင်းလစ္စဘွန်းးနဲ့ မဲကျနေပါတယ်။ အကယ်လို့များ ဒီနှစ်သင်းသာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ နောက်ဆုံး ၄ နှစ် အတွင်း တတိယအကြိမ်မြောက် all-English finals ဖြစ်လာမှာ ဖြစ်ပြီး လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၁၉ က စပါးကို ၂-၀ နဲ့ နိုင်ကာ ဗိုလ်စွဲထားခဲ့ပါတယ်။

SM