ဒီနေ့ နဲ့ မနက်ဖြန်ညတွေမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်များ

ဒီဇင်ဘာ ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကတော့ အရှိန်အဟုန် နဲ့ မနားတမ်း ခရီး ဆက်နေပါတယ် ။

အခုကြားရက်မှာတော့ ပွဲစဉ် ၁၇ ကို ဆက်လက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပြီး ဘရန့်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက် ပွဲကတော့ ယူနိုက်တက် အသင်းအတွင်း ကိုဗစ် ကူးစက်ခံရမှုတွေကြောင့် ရွှေ့ဆိုင်း သွားခဲ့ ပါတယ် ။

လက်စတာ နဲ့ စပါး ၊ ချဲလ်ဆီး နဲ့ အဲဗာတန် ၊ လီဗာပူး နဲ့ နယူးကာဆယ် ပွဲတွေ ကတော့ ကြာသပတေးနေ့ ညမှသာ ကစားကြမှာပါ ။

ဒါကြောင့် ဒီနေ့ နဲ့ မနက်ဖြန်ညတွေမှာ ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ် ၆ ပွဲ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ နောဝှစ်ချ် – အက်စတွန် ဗီလာ

ဒင်းစမစ် အတွက်တော့ ထူးကဲလှတဲ့ ပွဲပါပဲ ။ သူ့ကို ထုတ်ပယ်လိုက်တဲ့ အသင်းဟောင်း ကို ခွဲခွာ အပြီး ၁ လ လောက်မှာတင် ပြိုင်ဘက် အဖြစ် ပြန်ပြီး ဆုံတွေ့ခွင့် ရရှိလာခဲ့ တာပါ ။

ယူနိုက်တက် နဲ့ တုန်းက နောဝှစ်ချ် ကစားသွားတာ ဗျူဟာကျခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ အခုထိ အားနည်း နေတုန်း ပါပဲ ။

ဗီလာ ကတော့ စတီဗင် ဂျရတ် လက်အောက်မှာ တဖြည်းဖြည်း နည်းပြရဲ့ အယူအဆတွေနဲ့ အသားကျ လာသလို ပါပဲ ။ ကစားပုံ ပိုကောင်းလာပါတယ် ။ ဒါကြောင့် ဒီပွဲမှာ ဗီလာ နဲ့ ဂျရတ် မရှုံးနိုင် ပါဘူး ။

ခန့်မှန်းချက် – နောဝှစ်ချ် ၀ – ၂ ဗီလာ

၂ ။ မန်စီးတီး – လိဒ် ယူနိုက်တက်

မနှစ် တုန်းက လိဒ် ကို ၂ ကြိမ်လုံး အနိုင် မရခဲ့မှုကို ပက် ဂွာဒီယိုလာ တယောက် အမှတ်ရနေ ဦးမှာပါ ။

စီးတီး ရဲ့ အဓိက ပြဿနာက ရာသီမစခင် ကတည်းက အားလုံး ထောက်ပြ နေတဲ့ အဆုံးသတ်ပိုင်း ပါပဲ ။

အခွင့်အရေး ဖန်တီးမှုတွေက ပွဲတိုင်း အမြောက်အများ ရခဲ့ပါတယ် ၊ ဒါပေမယ့် ရဂိုး နဲ့ ပြန် အချိုး ချလိုက်ရင်တော့ သူတို့က အလယ်အလတ် အဆင့် အသင်းတသင်းလောက်ပဲ စွမ်းဆောင် နေတယ်လို့ ပြောရမှာပါ ။

 

ချဲလ်ဆီး ကို လိဒ် ကစားသွားတာ တော်တော်ကောင်းပါတယ် ၊ အခုလည်း မန်စီးတီး ကို သူတို့ တုန့်ပြန် နိုင်ဦး မှာပါ ။ ချဲလ်ဆီး က လူမစုံဘူး ၊ မန်စီးတီး က အဆုံးသတ် အားနည်းတယ် ၊ ကွဲပြားပေမယ့် လိဒ်အတွက် တော့ အတူတူပဲ ဖြစ်မှာပါ ။

လိဒ် သာ ဂိုး အရင်ရခဲ့မယ် ဆိုရင် ဒီပွဲ ကို စိုးမိုးဖို့ အလားအလာ ပိုကောင်းမှာပါ ။ ဒီဇင်ဘာမှာ အံ့အားသင့် စရာတွေ မစတင်သေးပါဘူး ၊ အခု အပတ်မှာ ဖြစ်လာတော့မယ်ထင်ပါရဲ့ ။

ခန့်မှန်းချက် – မန်စီးတီး ၁ – ၂ လိဒ်

၃ ။ ဘရိုက်တန် – ဝုဗ်

ပြီးခဲ့တဲ့ တလ လုံးမှာ ဒီ ၂ သင်းပေါင်း သွင်းဂိုး က ၄ ဂိုးတည်း ရှိခဲ့ ပါတယ် ။ တော်တော်လေးကို တိုက်စစ် အားနည်း နေတဲ့ အသင်းတွေပါ ။

ဒီလို ၂ သင်း ဆုံတွေ့တဲ့ ပွဲမျိုးမှာ သွင်းဂိုး များဖို့ကို ဘယ်လိုမှ စိတ်ကူး ကြည့်လို့ မရပါဘူး ။

ခန့်မှန်းချက် – ဘရိုက်တန် ၀ – ၀ ဝုဗ်

၄ ။ ဘန်လေ – ဝက်ဖိုဒ့်

ဒီပွဲက ဘန်လေ အတွက် ၆ မှတ်တန်တဲ့ ပွဲမျိုးပါ ။ ဒီပွဲနိုင်ခဲ့ရင် ကိုယ့် အသင်းလည်း အဆင့် ၁၈ ကနေ ရုန်းထွက် နိုင်မယ် ၊ ဝက်ဖိုဒ့် ကိုကျော်တက်ပြီး လန်ဒန် ကလပ် ကို တန်းဆင်းဇုန်ထဲ ဆွဲချ နိုင်မယ့် ခဲတလုံး-ငှက် ၂ ကောင် အခွင့်အရေးမျိုးပါ ။

ဒါကို ရှောင်ဒွိုက်ချ် ဘယ်လို ရယူမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ။

နောက်ဆုံး ၃ ရာသီအတွင်းမှာ ဘန်လေ ဟာ တန်းဆင်းဇုန်နားက ၅ သင်း နဲ့ ကစားတဲ့ ပွဲတွေမှာ ၄ ပွဲသာ ရှုံးခဲ့ပြီး ၁၆ ပွဲအထိ နိုင်ထားပါတယ် ။ အခုလည်း အိမ်ကွင်းမှာ သူတို့ အခြေအနေ ကောင်းမှာပါ ။

ခန့်မှန်းချက် – ဘန်လေ ၂ – ၁ ဝက်ဖိုဒ့်

၅ ။ ပဲလေ့စ် – ဆောက်သမ်တန်

ဆောက်သမ်တန် ရဲ့ တိုက်စစ် ကစားပုံက ကောင်းတဲ့ အဆင့်မှာ ရှိနေတုန်း ပါပဲ ။ ဒါပေမယ့် ပဲလေ့စ် က သူတို့ထက် ပိုပြီး ဟန်ချက် ညီပါတယ် ။ ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ ပက်ထရစ် ဗီယာရာ ရဲ့ အသင်းက ဧည့်သည် ထက် ပိုပြီး ကောင်းအောင် ကစားနိုင်ပါတယ် ။ ဂယ်လာဟာ ကလည်း ခြေစွမ်းပြ ဂိုးတွေ သွင်းနေတာပါ ။ ဒီပွဲလည်း အိမ်ရှင် ပဲ အသာရသွားဖို့ များပါတယ် ။

ခန့်မှန်းချက် – ပဲလေ့စ် ၂ – ၁ ဆောက်သမ်တန်

၆ ။ အာဆင်နယ် – ဝက်စ်ဟမ်း

ဒီကြားရက် ပွဲစဉ် ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲပါ ။ အာဆင်နယ် နိုင်ရင် အဆင့် ၆ ကနေ ၄ အထိ ခုန်တက် မှာ ဖြစ်ပြီး ဝက်စ်ဟမ်း နိုင်သွားခဲ့ရင်တော့ မန်ယူနိုက်တက် နဲ့ အာဆင်နယ် ကို အမှတ်ဖြတ်ထား လိုက်နိုင်မှာပါ ။

လီဗာပူး ၊ မန်ယူနိုက်တက် နဲ့ အဲဗာတန် တို့ ကို ရှုံးခဲ့ ပေမယ့် အာဆင်နယ် ရဲ့ ပုံစံက အတက်ဘက်မှာ ဆက်ရှိ နေပါတယ် ။ ဝက်စ်ဟမ်း ကတော့ ခြေနည်းနည်း ပြန်ကျ နေတယ်လို့ ဆိုရမှာပါ ။

ဝက်စ်ဟမ်း ကွင်းလယ် မှာ ဒီကလန် ရိုက်စ် ပုံစံကောင်းတွေ ပြနေပါတယ် ။ သူ့ကို အာဆင်နယ် တို့ ထိန်းချုပ် ထားနိုင်မယ် ဆိုရင် ပွဲရလဒ် က အိမ်ရှင် ဘက်ကို အားသာ လာမှာပါ ။

အာဆင်နယ် သာ လူငယ်တွေကို ယုံယုံကြည်ကြည် နေရာပေးပြီး ကစားမယ် ဆိုရင် လန်ဒန် ဒါဘီ မှာ ဝက်စ်ဟမ်း ကို အသာရဖို့ အလားအလာ အများကြီး ရှိနိုင်ပါတယ် ။

ဒီတကြိမ် ကိုတော့ ဝက်စ်ဟမ်း ဘက်မှာ မနေတော့ပါဘူး ။

ခန့်မှန်းချက် – အာဆင်နယ် ၂ – ၀ ဝက်စ်ဟမ်း

 

SPORTS MYANMAR