ဒီတစ်ပတ် အတွက် လော်ရိုး ရဲ့ ခန့်မှန်းချက်

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲဟာ လုံး၀ ရပ်နားခြင်း မရှိပဲ ဆက်တိုက် ကစားနေတာ ဖြစ်လို့ ကစားသမားတွေ အတွက် ပွဲပန်းဒဏ် ခံရနိုင်တာတွေ ၊ မထင်မှတ်ပဲ ခြေချော်လာနိုင်တဲ့ ရလာဒ်တွေကို သတိထားကြဖို့ လိုလာပါပြီ။

လီဗာပူး က ကလော့ပ် လက်ထက်မှာ 100% ပရီးမီးယားလိဂ် နိုင်ပွဲ ရယူူပြထားတဲ့ ဝုဖ် နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၊ လက်စတာ ၊ ချဲဆီး တို့ နဲ့ ကစားပြီးနောက် မန်စီးတီး နဲ့ပါ ဆက် ကစားရမယ့် ဝက်ဖို့ဒ် အတွက်တော့ ကံမကောင်းဘူးလို့ ဆိုရမှာပါ။

ရှုံးပွဲ ဆက်နေတဲ့ အဲဗာတန် ဟာ အာဆင်နယ် ကို အိမ်ကွင်းမှာ ဆက်ပြီး ဧည့်ခံ ကစားရမှာ ဖြစ်သလို ၊ ချဲဆီး ကတော့ လန်ဒန် မြို့ခံ ကလပ် ဝက်စ်ဟမ်း နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

BBC အားကစား ကလောင်ရှင် လော်ရိုး က ဒီတပတ် အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေ ကို အခုလို ပြောပြသွားခဲ့ ပါတယ်။

ဝက်စ်ဟမ်း vs ချဲဆီး
နိုင်ငံတကာ ပွဲစဉ်တွေ က ဝက်စ်ဟမ်း ရဲ့ ပုံစံကောင်းတွေကို ရပ်တန့်ပစ်လိုက်သလိုပါပဲ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အဲဒီ ကာလ ပြီးကတည်းက ပရီးမီးယားလိဂ် နိုင်ပွဲ မရတော့သလို ၊ အခုလဲ အဲဒီ မှတ်တမ်းဆိုးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မမြင်မိပါဘူး။

ချဲဆီး ဟာ ဝက်ဖို့ဒ် ကို ကံကောင်း ထောက်မစွာနဲ့ပဲ အနိုင်ရခဲ့တာပါ။ ဒါကို သူတို့ နည်းပြ တူချယ် ကလဲ ဝန်ခံသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ သူတို့ရဲ့ ပုံစံကောင်းတွေ ပြန်တွေ့ရလိမ့်မယ်လို့ ကျနော်က မျှော်လင့်ထားပါတယ် ဘာလို့လဲ ဆိုတော့ ချဲဆီး 2 ပွဲ ဆက်တိုက် ခြေစွမ်း ယိမ်းယိုင်တာမျိုးတွေ မဖြစ်သေးလို့ပါ။
ခန့်မှန်းချက် – ဝက်စ်ဟမ်း 0-2 ချဲဆီး

ဝုဖ် vs လီဗာပူး
ပုံမှန် အားဖြင့်တော့ ဝုဖ် ရဲ့ အိမ်ကွင်းမှာတောင် လီဗာပူး က အောင်ပွဲတွေ ခံပြလေ့ရှိပါတယ်။ အဲဒီကွင်းထဲမှာ နောက်ဆုံး ကစားခဲ့တဲ့ 5 ပွဲ မှာလဲ ပွဲစဉ် အားလုံးကို အနိုင်ယူပြထားတယ်လေ။

ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ အိမ်ရှင်တွေကလဲ အကောင်းဆုံး တုန့်ပြန်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဂိုးပေါက် ရှာရတာကို ခက်ခဲနေသလိုပါပဲ။ ဧည့်သည် အဖြစ် လာရောက်မယ့် လီဗာပူး ကတော့ ဂိုးသွင်းရတာ အလွယ်ဆုံး ဖြစ်နေပြီး ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ပွဲ ပျမ်းမျှ သုံးဂိုး အထိတောင် သွင်းပြထားတာပါ။ ဒါက အရမ်းကို ကောင်းလွန်းတဲ့ မှတ်တမ်းမျိုး ဖြစ်ပါတယ်။
ခန့်မှန်းချက် – ဝုဖ် 0-2 လီဗာပူး

ဝက်ဖို့ဒ် vs မန်စီးတီး
ချဲဆီး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဝက်ဖို့ဒ် ကံမကောင်းဘူးဗျာ။ အနည်းဆုံးတော့ သုံးမှတ် မဟုတ်ရင်တောင် တစ်မှတ်လောက် ခွဲယူနိုင်ခဲ့သင့်ပါတယ်။

အခုတော့ နောက်တစ်ကြိမ် သူတို့ရဲ့ တိုက်ပွဲ ဝင် စိတ်ဓါတ်ကို ထပ်ပြီး ပြသနိုင်ဖို့ ကြိုးစားရတော့မှာပါ။ နားရက် 2 ရက်ပဲ ရှိတဲ့ ကာလတို အတွင်းမှာ ချန်ပီယံ အသင်းနဲ့ ရင်ဆိုင် ကစားဖို့ လုံလောက်တဲ့ ပြင်ဆင်ချိန် ရတယ်လို့ မထင်ပါဘူး။

မန်စီးတီး ကတော့ ဗီလာ ကိုတောင် အသာစီး နဲ့ တဖက်သတ် ကစားပြခဲ့သလို ၊ ခံစစ်ကိုလဲ ကောင်းကောင်း ပိတ်ဆို့ထားနိုင်ခဲ့တယ်လေ။ သူတို့ တိုက်စစ် ကစားသမားတွေ ဘယ်လောက်အထိ စွမ်းဆောင်ပြမလဲ စောင့်ကြည့်ရပါမယ်။
ခန့်မှန်းချက် – ဝက်ဖို့ဒ် 0-3 မန်စီးတီး

ယူနိုက်တက် vs ပဲလေ့
ရန်နစ် ပထမဆုံး ကိုင်တွယ်မယ့် ပွဲစဉ်မို့ ကစားသမားတွေ ဆီကနေ တုန့်ပြန်မှု အပြည့် ကစားပြမယ့် အနေအထားတွေ မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ ဆိုးရှား ထွက်သွားပြီး ကတည်းက အသင်းမှာ တိုးတက်မှုတွေ ဆက်တိုက် ရှိနေတာ မြင်ခဲ့ရပြီးပါပြီ။

အခုဆိုရင် ကစားသမား တိုင်းက သူတို့ နေရာအတွက် တိုက်ပွဲဝင်လာကြသလို ၊ ကစားခွင့် မရတဲ့ သူတွေတောင် အပြောင်းအလဲမှာ အခွင့်အရေး ရလာနိုင်တယ် ဆိုတဲ့ ပုံစံမျိုး ကြိုးစားလာကြပါတယ်။

ဒါကြောင့် ယူနိုက်တက် ရဲ့ တိုးတက်မှုတွေက ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။ ပဲလေ့ ကလဲ ယူနိုက်တက် ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားမှာ သေချာပါတယ် ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးသွား ကတည်းက သူတို့ဟာ အရင်လောက်ထိ စုစည်းမှုအား မကောင်းတော့ဘူးလို့ ထင်ပါတယ်။
ခန့်မှန်းချက် – ယူနိုက်တက် 2-0 ပဲလေ့

အဲဗာတန် vs အာဆင်နယ်

အဲဗာတန် ရဲ့ ကစားပုံက ပိုကောင်းမလာသေးပါဘူး။

လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲ အစောပိုင်းမှာတော့ သူတို့လဲ ခံစစ်ကို စုစုစည်းစည်း နဲ့ ကစားတတ်လာပြီလို့ ထင်ရပေမယ့် ၊ 2 ဂိုး ဆက်တိုက် ပေးလိုက်ရ အပြီးမှာတော့ မျှော်လင့်ချက်ဟာ အစောကြီး ပျက်သုံးသွားခဲ့ပါတယ်။

တဖက်က မာဆေးဆိုဒ် ကို လာရောက် ကစားမယ့် အာဆင်နယ် ရဲ့ စွမ်းဆောင်ရည်ကိုလဲ အယုံသွင်းထားလို့ မရပြန်ပါဘူး။ ပြီးခဲ့တဲ့ အပတ်က လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် 4 ဂိုး အထိတောင် ခွင့်ပြုလိုက်ရတာပါ။

အာဆင်နယ် ရဲ့ ကစားပုံကို ကြည့်ရတာ တစ်ခုခု လိုနေသလိုပါပဲ။ ကံကောင်း တစ်ခုက ဒီတစ်ကြိမ် မာဆေးဆိုဒ် ခရီးစဉ်မှာ ရင်ဆိုင် ကစားရမယ့် အသင်းက လီဗာပူး မဟုတ်ပဲ ၊ အဲဗာတန် ဖြစ်နေတဲ့ အချက်ပါ။
ခန့်မှန်းချက် – အဲဗာတန် 1-2 အာဆင်နယ်

အခြားပွဲစဉ် ခန့်မှန်းချက်များ
နယူး 0-2 ဘန်လေ
ဆောက်သမ်တန် 2-1 ဘရိုတ်တန်
လိဒ် 2-0 ဘရန်းဖို့ဒ်
စပါး 3-0 နော့ဝှစ်ချ်
ဗီလာ 1-1 လက်စတာ

SPORTS MYANMAR