ဒီဇင်ဘာ ပွဲကြပ်ကာလကို နောက်တကြိမ် ဝေဖန်လိုက်ပြန်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ကတော့ အင်္ဂလန် မြေပေါ်က ဆောင်းရာသီ အားကစား ပွဲတော်ကြီးကို မနှစ်သက်သူ တယောက် ဆိုတာ အသေအချာပါပဲ ။

သူ နည်းပြ ခဲ့တဲ့ စပိန် ၊ ဂျာမနီ တို့မှာ အောက်တိုဘာ ပွဲတော်တွေ ၊ ဆောင်းရာသီ နဲ့ နှစ်သစ်ကူး ကာလ ပိတ်ရက်ရှည်တွေ ရှိပေမယ့် အင်္ဂလန် ရဲ့ နှစ်သစ်ကူး ကာလ ကတော့ အနားယူဖို့ စိတ်ကူးလေးတောင် မပေါ် မိလောက်အောင် ပင်ပန်း ကြမ်းတမ်းတာကို ဂွာဒီယိုလာ တယောက် ၅ နှစ်ကြာ ကြုံတွေ့ သိရှိခဲ့ရပြီး ပါပြီ ။

ဒီနှစ် မှာတော့ စီးတီး တို့ ကာရာဘောင် ဖလားပွဲ ကနေ ထွက်ခဲ့ရတာကြောင့် ဒီဇင်ဘာ ကနေ နှစ်သစ်ကူး ကာလ အတွင်းမှာ ၉ ပွဲသာ ကစားရတော့မှာပါ ( အများဆုံး ၁၀ ပွဲ ) ။ ဒါပေမယ့် ဒါဟာလည်း ကြပ်တည်းလှတဲ့ ပွဲချိန် ဖြစ်ပြီး အသင်းတိုင်းဟာ ၃ ရက် ကို တပွဲနှုန်း လောက်နဲ့ ကစားရမှာ ဖြစ်တာကြောင့် အေးစက်တဲ့ ရာသီ ဥတု ၊ ခရီးသွားလာရမှုတွေ အပြင် ကစားပွဲတွေ ၊ မီဒီယာတွေ ၊ ကိုဗစ် ကပ်ဘေးဆိုးက ပေးတဲ့ စိတ်ဒုက္ခတွေ ကိုပါ ခံစားကြရဦး မှာ ဖြစ်ပါတယ် ။

ပရော်ဖက်ရှင်နယ် နည်းပြ တယောက် ဖြစ်တာကြောင့် ဂွာဒီယိုလာ အနေနဲ့ ဘယ်လိုပဲ သဘောမကျ မကျ ဒီပွဲတွေကို အကောင်းဆုံး ရလဒ် ထွက်ပေါ်ဖို့ ပြင်ဆင် သွားရမှာပါ ။ ဒါပေမယ့် သူ့မှာ ပြောဆို ဝေဖန် ပိုင်ခွင့်တော့ အပြည့်အ၀ ရှိနေပါတယ် ။

 

“ဒီလို ရူးချင်စရာ ကောင်းတဲ့ ပွဲစဉ်ရေးဆွဲပုံက ကစားသမားတွေ ကို လုံး၀ နားချိန် မရအောင် စီစဉ် ထားသလို ပါပဲ ။

အင်္ဂလန် အသင်းက လူတွေဟာ ဥရောပ ချန်ပီယံရှစ် ( ယူရို ) ဖိုင်နယ် ကို ကစားခဲ့ပါတယ် ။

၂ ပတ် ၃ ပတ်လောက်ပဲ နားရပြီး ပြန်လာ ကြရပါတယ် ။ ပြီးတော့ ကွန်မြူနတီဒိုင်း ကစားရတယ် ၊ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်မှာပါ ။

တောင်းဆိုမှုတွေက အရမ်းကို များလွန်းပါတယ်”

“အခုဆိုရင် ကစားသမား တယောက်ယောက် ခြေစွမ်းမပြ နိုင်တဲ့ အခါမှာ သူ ညံ့လို့ မဟုတ်ဘဲ လိုအပ်ချက်တွေ ကို အပြည့်အ၀ မဖြည့်ဆည်း နိုင်တာကြောင့်လို့ ကျွန်တော် မြင်နေမိ ပါပြီ ။

ဘောလုံးသမား တယောက်ဟာ အစကနေ ပြန်ပြီး တဆင့်ချင်း အားမွေးသွားဖို့ ၊ အားအင် ပြည့်ဝအောင် တည်ဆောက်ဖို့ လိုပါတယ် ။ ဒါက ၁၀ လ လောက် ကစားရမယ့် ဘောလုံးရာသီ တခုမှာ အရမ်းအရေးကြီးတဲ့ အရာပါ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး နည်းပြကြီး က စီးတီး ရဲ့ ဒီနှစ် အနေအထား အပေါ် အားရ ကျေနပ်မှု ရှိကြောင်းလည်း ပြောဆိုခဲ့ ပါတယ် ။

မန်စီးတီး ဟာ ပရီးမီးယားလိဂ် မှာ ဦးဆောင် နေသူ ချဲလ်ဆီး ရဲ့ နောက် ၁ မှတ် အကွာကနေ လိုက်လံ ဖိအားပေး နေပြီး ချန်ပီယံလိဂ် မှာတော့ PSG ကို နောက်ကောက်ချကာ အုပ်စု ပထမ နေရာနဲ့ နောက်တဆင့်ကို တက်လှမ်း ထားနိုင် ခဲ့ပြီ ဖြစ်ပါတယ် ။

မန်စီးတီး ဟာ ဒီကနေ့ ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အက်စတွန် ဗီလာ အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး လာမယ့် ပိတ်ရက် မှာတော့ ကာရာဘောင် ဖလားတုန်းက အနိုင်ယူ သွားခဲ့တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် နဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR