ဒိုင်တွေ ရဲ့ အမှားကြောင့် အသင်းတွေ နစ်နာလွန်းတယ်လို့ ဝေဖန်လိုက်တဲ့ ပက် လင်ဒါ

လီဗာပူး အသင်းရဲ့ လက်ထောက် နည်းပြ ပက် လင်ဒါ က ဒိုင်တွေ ရဲ့ အမှားတွေဟာ အသင်းတွေ အရမ်း နစ်နာလွန်းတယ်လို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။ 

 

စပါး နဲ့ ကစားအပြီး လီဗာပူး ပရိသတ်တွေ အကြားမှာ ကွင်းလယ် ဒိုင် ပေါလ် တီယာနေး နဲ့ VAR ဒိုင် ခရစ္စ ကာဗာနာ တို့ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင် ပေါလ် တီယာနေး ဟာ လီဗာပူး ရဲ့ ပွဲစဉ်တွေ ကို ကိုင်တွယ်တိုင်း အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ အမြဲတမ်း ချမှတ်လေ့ရှိသူ ဖြစ်ပြီး ၊ ယူနိုက်တက် နဲ့ ကစားခဲ့စဉ်က ပထမပိုင်း အချိန်ပို မပြီးခင်မှာပဲ ခရာမှုတ်ခဲ့လို့ လီဗာပူုး ရဲ့ အပိုင်အခွင့်အရေး တစ်ခု နစ်နာခဲ့ဖူးပါတယ်။

 

ဒါကြောင့် ကလော့ပ် ဟာ ကွင်းလယ်ဒိုင်တွေမှာ တီယာနေး နဲ့ ကလွဲရင် အခြား ဒိုင်တွေ အားလုံး နဲ့ အဆင်ပြေတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပက် လင်ဒါ ကတော့ VAR ဒိုင်တွေ ဟာ ကွင်းထဲက ဆုံးဖြတ်ချက်တွေ ကို ပိုမိုတိကျ ကောင်းမွန်အောင် ကူညီပေးရမယ့်သူတွေ လို့ ပြောဆိုလိုက်ပြီး ၊ သူတို့ ရဲ့ အမှားတွေက မျှတမှု လုံး၀ မရှိဘူးလို့ အခုလို ပေါ်တင် ဝေဖန် သွားခဲ့ ပါတယ်။

 

“ ဘောလုံး လောကမှာ VAR နည်းပညာကို အသုံးပြုလာတာ ကောင်းတဲ့ အချက်ပါ ၊ သူ့ကြောင့် အဓိက ဆုံးဖြတ်ချက်ကြီးတွေ ကို ချမှတ်ရာမှာ အထောက်အပံ့တွေ အများကြီး ရနိုင်ပါတယ်။

လူတိုင်းကတော့ အမှားတွေ ရှိမှာပါပဲ။ ကျနော် မှားရင် ကျနော် ခံရမယ်။ ယာဂန် မှားရင်လဲ သူခံရမယ်။ ကစားသမားတွေ အမှားလုပ်ခဲ့ရင်လဲ သူတို့ပဲ ခံရမှာပါ။ ဒါပေမယ့် ဒိုင်တွေ အမှားလုပ်တော့ အသင်းတွေ ခံရတာတာဗျ။ ဒါမျိုးကတော့ လက်ခံပေးလို့ မရဘူး ထင်ပါတယ်။

ကျနော်က အသေးအဖွဲ့ ကိစ္စလေးတွေကို မပြောပါဘူး။ ဘောလုံး ဟာ ပြေးရင်းလွှားရင်း ကစားတဲ့ ကစားနည်း ဖြစ်လို့ အသေးအဖွဲ့ အမှားတွေတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် VAR က ဒိုင်လူကြီးကို ကူညီပေးဖို့ အသုံးပြုထားတာလေ။

အခုချိန်ထိ ဒိုင်တွေ နဲ့ VAR အကြားမှာ ဘာလို့ အသင်းလိုက် ဟန်ချက်ညီညီ နဲ့ လုပ်ဆောင်ခြင်း မရှိတာလဲ ဆိုတာ လုံး၀ နားလည်ပေးလို့ မရပါဘူး။ သူတို့ဟာ တစ်စက္ကန့် အတွင်း ဖြစ်ပျက်သွားသမျှ ကို သေချာ ကြည့်ခွင့် ရှိနေတဲ့ သူတွေပါ။

 

ဒါကြောင့် ကွင်းထဲက ဒိုင်လူကြီးတွေ နဲ့ အသင်းလိုက် ဟန်ချက်ညီညီ လုပ်ဖို့ လိုနေပါပြီ။ VAR ကိုင်ခိုင်းလိုက် ၊ ကွင်းထဲမှာ တာဝန်ပေးလိုက် ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ဥပမာ ပြောရရင် ယာဂန် အတွက်လဲ လက်ထောက်နည်းပြ က ခဏခဏ အပြောင်းအလဲ ဖြစ်နေရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် VAR က ဒိုင်တွေ ကို အထောက်အပံ့ ပေးနိုင်တဲ့ နည်းပညာ တစ်ခု အဖြစ် ထဲထဲဝင်ဝင် ရှိနေတာမျိုး မြင်ချင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ကြားရက်မှာတော့ ကာရာဘောင် ဖလား ပွဲစဉ် အဖြစ် လက်စတာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ကိုဗစ် ကူးစက် ခံထားရတဲ့ ကစားသမားတွေ ကတော့ အခုထိ သီးသန့် ခွဲနေရဆဲ ဖြစ်ပြီး ၊ ဒဏ်ရာပြသနာ နဲ့ ရုန်းကန်နေရတဲ့ အိုရီဂီ ကလဲ လေ့ကျင့်ခန်း ပြန်လည် လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

 

သို့သော် စပါး နဲ့ ပွဲမှာ နေမကောင်း ဖြစ်လို့ လွဲချော်ခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင် ကတော့ တော်တော်လေး သက်သာလာနေပြီ ဖြစ်ပြီး ၊ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်တောင် တောင်းဆိုနေတယ်လို့ ပက် လင်ဒါ ကိုယ်တိုင် က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR