ဒဏ်ရာ မကြာခဏ ရနေတဲ့ ချဲလ်ဆီး ကြယ်ပွင့်ကို Superman နဲ့ ခိုင်းနှိုင်းရင်း ၊ ၎င်းနဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု လုပ်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ မတိုင်ခင် ကတည်းက ကွင်းလယ်မှာ ဒဏ်ရာ ၊ ကြံ့ခိုင်မှု ပြဿနာ အချို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ၊ အနစ်နာဆုံး ဒဏ်ရာ ပြဿနာ ၃ခု က ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ၊ အန်ဂိုလို ကန်တေ တို့ရဲ့ ဒဏ်ရာတွေပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် ကန်တေ ဟာ ချဲလ်ဆီး အသင်းရဲ့ လုပ်အားနှုန်း အကောင်းဆုံး ကစားသမား ၃ဦးထဲမှာ တဦး အပါအဝင် ဖြစ်သလို ၊ ခံစစ်ကို အပြည့်အဝ ကူညီပေးနိုင်တဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးလည်း ဖြစ်ပါတယ် ။ ယူဗင်တပ် ကို ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၎င်း ဒဏ်ရာ ရသွားပြီးကတည်းက ချဲလ်ဆီး အသင်း ဟာ ကွင်းလယ် တည်ငြိမ်မှု ရဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဂျော်ဂျင်ဟို ဟာ ကန်တေ မကစားနိုင်ခဲ့တဲ့ နောက်ဆုံး ၃ပွဲမှာ ၂ပွဲကို ကွင်းလယ်ကနေ ဦးဆောင်ပေးခဲ့ပေမယ့် ၊ ၎င်းကိုယ်တိုင် က ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိခဲ့သလို ၊ ပွဲအပေါ် အာရုံ အပြည့် မစိုက်နိုင်ခဲ့တာကြောင့် ထို ၂ပွဲမှာ ချဲလ်ဆီးတို့ တမှတ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

 

ဒါ့အပြင် သောမတ်စ် တူချယ် လက်ထက် ချဲလ်ဆီးတို့ ပေးဂိုး ၂ဂိုးနဲ့ အထက် ရှုံးခဲ့တဲ့ ၃ပွဲမှာ ကန်တေ မပါဝင်နိုင်ခဲ့ခြင်း က အကြောင်းမဲ့ တိုက်ဆိုင်မှုသက်သက် မဟုတ်ပဲ ၊ ၎င်းရဲ့ အခန်းကဏ္ဍ ဟာ ဘယ်လောက် အထိ အရေးပါနေတယ် ဆိုတာကို အပြည့်အဝ ဖော်ညွှန်းနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ကန်တေ ဟာ Superman ကဲ့သို့ ချဲလ်ဆီး အသင်းမှာ အထူး အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း ခိုင်းနှိုင်း ချီးကျူးရင်း ၊ သူ ကိုယ်တိုင်ကလည်း ကန်တေ ကို ရရင် ရသလို အသုံးပြုနေတာကြောင့် ၊ အခုလို ဒဏ်ရာ မကြာခဏ ရနေတာ ဖြစ်နိုင်ကြောင်း အခုလိုပဲ ဝန်ခံစကား ဆိုခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော့ရဲ့ အမြင်အရ ပြောရရင် အန်ဂိုလို ဟာ ကျွန်တော့ရဲ့ ဂရုတစိုက် ကိုင်တွယ်ခြင်းကို မရထားဘူးလို့ ထင်ပါတယ် ။ ကျွန်တော်တို့ ၂ယောက် အကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးသာ ရှိပါတယ် ။ သူဟာလည်း ကိုယ့်ကြံ့ခိုင်ရေး အပေါ် ဂရုစိုက်တတ်ပြီး ၊ ဒဏ်ရာ က အရှင်းပျောက်ကင်းဖို့ အတွက် အချိန်လိုအပ်ပါတယ် ။ ”

” အမှတ်လျော့တဲ့ ပွဲတွေမှာ သူ့လို ကစားသမားမျိုး အသုံးပြုခွင့် မရတဲ့အခါ ၊ ကျွန်တော် ဒေါသထွက်ခဲ့ရတာတွေ ရှိပါတယ် ။ ဒီလို စဉ်းစား အတွေးလွန်ရင်းကနေ ပထမဆုံး စိတ်မှာပေါက်လာတာ က သူ့အတွက် စိတ်မကောင်းဖြစ်တာပါ ။ တဖက်မှာလည်း ဒီလို အဓိက ကစားသမားတွေ ဒဏ်ရာ ရနေခြင်း ဟာ ကျွန်တော့ကို အခြား ဖြေရှင်းချက် နည်းလမ်းသစ်တွေ ရှာဖွေကို ဉာဏ်ပွင့်စေပါတယ် ။ ”

” အန်ဂိုလို အခုလို ခဏခဏ ဒဏ်ရာ ရနေခြင်းဟာ အသက်အရွယ် ရလာတာနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ မထင်ပါဘူး ။ သူဟာ ကိုယ့်ကြံ့ခိုင်ရေး အပေါ် ဂရုစိုက်တဲ့ အတွက် ဘယ်တော့မှ အရဲစွန့်ပြီး ကစားတာမျိုး မလုပ်တတ်ပါဘူး ။ နောက်ပြီး သူဟာ စူပါမန်း ဆိုတာ ကျွန်တော် လက်ခံပါတယ် ။ ”

” သူဟာ ကွင်းတွင်းမှာ ရှိနေတဲ့အခါ ၊ ရလဒ် အပြောင်းအလဲ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ သူ့လို ကွင်းလယ်လူမျိုးကို တကမ္ဘာလုံး က ဘောလုံး ကလပ်တိုင်း လိုချင်ကြပါတယ် ။ ကျွန်တော်တို့ သူ့ကို လိုအပ်နေတာ မှန်ပေမယ့် ၊ သူမပါပဲ နိုင်ပွဲ ရအောင် ကျွန်တော်တို့မှာ လုပ်ပြနိုင်စွမ်း ရှိပါတယ် ။ ”

” ဒါကို ကျွန်တော်တို့ အရှေ့ပွဲ အချို့မှာ သာဓက ပြထားပြီးသားပါ ။ ဒါပေမယ့် သူပါရင် နိုင်ပွဲရဖို့ ပိုလွယ်တယ် ဆိုတာ လက်ခံရပါမယ် ။ သူ့ကို အရှေ့ တကြိမ်တုန်း က ပြင်းထန်တဲ့ ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရတာ ဖြစ်ပေမယ့် ၊ ဒီတကြိမ် က မတော်တဆ ထိခိုက်မိခဲ့တာပါ ။ ဒါမျိုး က ဖြစ်တတ်ပါတယ် ။ ”

” ဒါဟာ အသက်အရွယ် ရလာတာနဲ့ မဆိုင်ပါဘူး ။ ယူဗင်တပ်လို တောင့်တင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ဖိဖိစီးစီး ကစားရတာ ဖြစ်လို့ ၊ ဒီလို မတော်တဆ ထိခိုက်မှုမျိုး က ကြုံနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR