တော့တင်ဟမ်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင် တို့ကို ပြင်းထန်စွာ ဝေဖန်လိုက်တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က မနေ့ညက တော့တင်ဟမ် နဲ့ ၂ ဂိုးစီ သရေကျခဲ့မှုနဲ့ ပက်သက်ပြီး ရလဒ်အတွက် သူ့အနေနဲ့ ဘာမှ ပြောစရာ မရှိပေမယ့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေး နဲ့ VAR ဒိုင် ခရစ်ကာဗာနက်ချ် တို့ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ပြင်းထန်စွာ ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

ဗန်ဒိုက် ဖာဘင်ညို ကာတစ်ဂျုံး တို့ကို ကိုဗစ်ပြသနာတွေကြောင့် လက်လွှတ်ထားခဲ့ရတဲ့ လီဗာပူးဟာ ဒီပွဲစဉ်မှာ တီယာဂို နဲ့ ဟန်ဒါဆန် တို့ကို ထပ်မံ ဆုံးရှုံးခဲ့တာကြောင့် ကွင်းလယ်ပိုင်းမှာ အားနည်းနေခဲ့ပြီး တော့တင်ဟမ် အနေနဲ့ ပထမပိုင်းမှာ တန်ပြန်တိုက်စစ် ကနေ အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဟယ်ရီကိန်းဟာ စပါး အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂျိုတာက ပြန်လည် ချေပခဲ့ပါတယ်။

ရောဘတ်ဆန်ဟာ လီဗာပူးအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပေမယ့်လည်း ဆွန်က ပြန်လည် ချေပခဲ့တာကြောင့် ၂ ဂိုးစီ သရေနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အထူး ပြောစရာတွေ ကတော့ ပထမပိုင်းမှာ ရောဘတ်ဆန်ကို ခြေစုံပစ်ဝင်ခဲ့တဲ့ ကိန်းကို အဝါကတ်သာ ပြခဲ့မှုနဲ့ ဂျိုတာကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပင်နယ်တီ မပေးခဲ့မှုတွေ ဖြစ်ပြီး ရောဘတ်ဆန်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကိုတော့ ကွင်းလယ်ဒိုင်ကော VAR ဒိုင်ပါ မှန်ကန်စွာ ဆုံးဖြတ်ပေးခဲ့မှုတွေ ဖြစ်ပါတယ်။

 

ပွဲအပြီးမှာ ကလော့က “ရလဒ်ကတော့ အိုကေပါတယ်။ ဒိုင်ရဲ့ ခြားနားတဲ့ ဆုံးဖြတ်ချက်သာ ရခဲ့မယ်ဆိုရင် ရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။ ရလဒ်အတွက် ကျွန်တော့်ဘက်က အိုကေပါတယ်။ တော့တင်ဟမ်နဲ့ ၂-၂ ဆိုတာ လုံး၀ အိုကေပါတယ်။ အကြောင်းရင်းများစွာကြောင့် ဒါဟာ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ပထမအချက်ကတော့ တော့တင်ဟမ်ဟာ ၅-၃-၂ နဲ့ကစားခဲ့ပြီး သူတို့ရဲ့ ခံစစ်ပိုင်းက ဘောလုံးပြန်ရချိန်မှာ တက်နိုင်သမျှ ဝေးဝေးကို ကန်ထုတ်ခဲ့ပြီး အဲဒီအချိန်မှာ ကိန်းနဲ့ ဆွန်နဲ့ဟာ တန်ပြန်တိုက်စစ်အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကာလတွေမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒုတိယပိုင်းမှာ ခံစစ်ကို ကာကွယ်မှု ပေးတာ ပိုကောင်းအောင် လုပ်ခဲ့ရပါတယ်။

တော့တင်ဟမ်ဟာ ဒုတိယပိုင်းမှာ လန်းဆန်းနေခဲ့ပြီး ကျွန်တော်တို့ကတော့ ပွဲဆက်တွေ များနေခဲ့တာကြောင့် အနည်းငယ်ကုန်နေခဲ့ပါတယ်။ ပထမပိုင်းက ဆုံးဖြတ်ချက် ၂ ခုကြောင့် ပွဲဟာ လုံး၀ ခြားနားသွားနိုင်တာကတော့ အမှန်ပါပဲ။ ရောဘိုရဲ့ ကိစ္စနဲ့ အရင် စလိုက်ကြရအောင်။ ဒီကိစ္စဟာ အနီကတ် ဖြစ်ပါတယ်။ ဒါဟာ သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် မဟုတ်ခဲ့ဘဲ အဲဒီအချိန်မှာ သူ စိတ်လွတ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒါကို အနီကတ် ပေးနိုင်ပါတယ်။

ဒီကိစ္စကို ကြည့်မယ်ဆိုရင် VAR ဒိုင်ဟာ သူ့ရုံးခန်းထဲမှာ ရှိနေတယ်ဆိုတဲ့ သက်သေပါပဲ။ အဲဒီမတိုင်မီတုန်းကတော့ သူ မရှိလောက်ဘူးလို့ ကျွန်တော်တို့ ထင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဟယ်ရီကိန်း အနီကတ် ပြသခံရမယ့် ကိစ္စနဲ့ ဂျိုတာရဲ့ ပင်နယ်တီ အခြေအနေတွေမှာ သူပျောက်နေခဲ့လို့ပါ။ အဲဒီအချိန်တွေမှာ သူဘာတွေ လုပ်နေခဲ့တာလဲ?

ရယ်စရာကောင်းတာ ရှိပါတယ်။ မစ္စတာ တီယာနေးက ဂျိုတာဟာ ပင်နယ်တီ ရယူဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ ရပ်လိုက်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အခြေအနေကို ပြန်ကြည့်လိုက်ပါ။ ဂျိုတာ အနေနဲ့ full speed နဲ့ ပြေးလာခဲ့တဲ့ အတွက် ကန်သွင်းမှု လုပ်ရမယ့် အချိန်မှာ အနည်းငယ် ရပ်လိုက်ဖို့ လိုတယ်ဆိုတာ ဘောလုံးကန်တက်တဲ့ သူတိုင်း သိပါတယ်။ စပါး ကစားသမား ၂ ဦးဟာ သူ့ဆီကို ခုန်ဝင်ခဲ့ကြတာပါ။

ဒါဟာ ရှင်းလင်းတဲ့ ပင်နယ်တီ ဖြစ်ပြီး ရှစ်ကိုက်အကွာမှာပဲ သူကတော့ ဒါဟာ ပင်နယ်တီ မဟုတ်ဘူးလို့ တွေးခဲ့ပါတယ်။ Wow! သူဟာ ဒီပွဲမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၂ ခု လုပ်ခဲ့ပါတယ်။ တစ်ခုကတော့ မှန်ခဲ့ပါတယ်။ ၃ ခုစလုံး ကျွန်တော်တို့ကို ထိခိုက်စေတဲ့ အရာတွေပါ။” လို့ ဝေဖန်ခဲ့ပါတယ်။

ပထမပိုင်းမှာ ရောဘတ်ဆန် အပေါ် ကိန်း ခြေစုံပစ်ဝင်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် အဝါကတ်သာ ထိခဲ့တဲ့ အပေါ် ကလော့က “ဒီကိစ္စကို ကျွန်တော့်ထက် စာရင် VAR ဒိုင်ကို မေးတာ ပိုကောင်းပါလိမ့်မယ်။ ဒါဟာ လုံးဝကို ၁၀၀% အနီကတ်ပါ။ အကယ်၍ ရောဘတ်ဆန်ရဲ့ ခြေထောက်သာ မြေပေါ်မှာ ရှိနေခဲ့မယ်ဆိုရင် သူ့ရဲ့ ခြေထောက် ကျိုးသွားမှာပါ။

ဒါကို အားလုံး သဘောတူကြမယ်လို့ ထင်ပါတယ်။ ကံကောင်းစွာနဲ့ ရောဘတ်ဆန်ရဲ့ ခြေထောက်ဟာ လေထဲမှာ ရှိနေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနီကတ်ပါပဲ။ ဒါပေမယ့် ဒိုင်ရဲ့ အမြင်ကတော့ ခြားနားနေပါတယ်။”

SM