တူချယ်ရဲ့ နည်းစနစ် စမ်းသပ်မှုကြောင့် ၊ ၁၆ သင်းအဆင့်မှာ လက်ရှိ ချန်ပီယံတို့ ကံကို ယုံရတော့မယ့် ဇင်းနစ် ၃ – ၃ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ရုရှားမြေမှာ ဇင်းနစ် အသင်းကို အပြန်အလှန် ကစားရင်း ၊ နာကျင် အချိန်ပိုမှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် အုပ်စုဗိုလ်နဲ့ နောက်တဆင့် တက်ခွင့်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်း ဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာကတည်းက အင်အားကြီး တသင်းသင်းနဲ့ မရင်ဆိုင်ရဖို့ ၊ ကံကို ယုံကြည်ရဖွယ် ရှိနေပါတယ် ။ အထူးသဖြင့် ချဲလ်ဆီး ဟာ နောက်တဆင့် မှာ in-form အုပ်စုဗိုလ် ၃သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ အေဂျက်ဇ်တို့ကို ရှောင်လွှဲဖို့ လိုမှာ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 8 )

ယုံကြည်မှု အနည်းငယ် ကျဆင်းနေတဲ့ အက်ဒိုဝါ့ဒ် မန်ဒီ အစား ကီပါ ကို အခွင့်အရေး ပြန်ပေးခဲ့တဲ့ တူချယ်ရဲ့ ပွဲထွက်စာရင်း အပြောင်းအလဲ တခုသာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ကီပါ ဟာ အိမ်ရှင် ဇင်းနစ်ရဲ့ အပိုင် ၃ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှုကို အံ့သြဖွယ် လက်စွမ်းပြခဲ့လို့ ၊ လက်ရှိ ချန်ပီယံတို့ ရှုံးပွဲ မတွေ့ခဲ့တာ ဖြစ်ပါတယ် ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ မာလန်းဆား ( Rating – 5 )

တူချယ် လက်ထက် နည်းစနစ် အပြောင်းအလဲ လုပ်တဲ့ အထဲမှာ မနေ့ည က ၃ယောက်တွဲ ခံစစ် ဟာ အဆိုးရွားဆုံးထဲက တခု ဖြစ်ခဲ့ပါတယ် ။ ၃ဦးလုံး ဟာ တယောက်နဲ့ တယောက် အကြား chemistry ၊ နားလည်မှု လုံးဝ ကင်းမဲ့တဲ့ပုံ ပေါ်နေပြီး ၊ ပြိုင်ဖက်ရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှု က ခေါင်းတိုက်ဘော ၊ အမြင့်ဘော ယှဉ်လုတဲ့ နေရာမှာ အတော်လေး အားနည်းခဲ့ပါတယ် ။

ခရစ်တန်ဆန် တဦးတည်းသော အနည်းငယ် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ် ဆိုပေမယ့် ၊ ပထမပိုင်း အတွင်း ဇင်းနစ် ရခဲ့တဲ့ ဂိုး၂ဂိုးလုံးမှာ တွဲဖက် ခံစစ်မှူး ၂ဦးရဲ့ အာရုံစိုက်မှု မပြည့်ဝတဲ့ အတွက် ဘယ်ကို ပြေးကူရမှန်း မသိ ဖြစ်ခဲ့ရပါတယ် ။

ဘရန်းဖို့ဒ်နဲ့ ပွဲနောက်ပိုင်း ပထမဆုံး ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ မာလန်းဆား ဟာ အမြင့်ဘော ကဏ္ဍ မှာ အားနည်းနေဆဲဖြစ်ကာ ၊ မနေ့ည က စွမ်းဆောင်ရည်ကို ကြည့်ခြင်းအားဖြင့် ၊ ၄င်းဟာ ပွဲထွက်ခွင့် အစဉ်မှာ နောက်ဆုံးကို ရောက်နေရခြင်း ဟာ မထူးဆန်းဘူးလို့ ပြောရမှာ ဖြစ်ပါတယ် ။

ခံစစ်မှူး ၃ဦးထဲမှာ အံ့သြဖွယ် ခြေစွမ်း စုတ်ခြာခဲ့တာ ကတော့ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာပဲ ဖြစ်ပါတယ် ။ ခါတိုင်း ညာ wing-back နေရာမှာပဲဖြစ်ဖြစ် ၊ ညာခံစစ်မှူး နေရာမှာပဲဖြစ်ဖြစ် ၄င်းဟာ တည်ငြိမ်ရင့်ကျက်တဲ့ ကစားပုံနဲ့ ဦးဆောင်ပြခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာတော့ ၄င်းရဲ့ စွမ်းဆောင်ရည် က သာမန်အောက်မှာသာ ရှိခဲ့ပြီး ၊ အပြေးအား သိသိသာသာ လျော့ကျနေခဲ့တာကို တွေ့ရပါတယ် ။

 

ကွင်းလယ် – ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 5 ) ၊ ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ မေဆင်မောင့် ၊ ရော့စ် ဘာကလေ ၊ ဆာအူးလ် နီဂွက်ဇ် ( Rating – 6 )

တူချယ် နည်းစနစ် အပြောင်းအလဲ များစွာ လုပ်ခဲ့ရာ ၊ ကွင်းလယ် တခုလုံး က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ် ။ ညာ wing-back မှာ ထူးချွန်တဲ့ ရိစ်ဂျိမ်းစ်ကို ကွင်းလယ်ခံစစ် ပို့ခဲ့ပြီး ၊ ကွင်းလယ်မှာ ဆက်ထားဖို့ နည်းပြဆီက ယုံကြည်မှု မရတော့တဲ့ ဆာအူးလ် ဟာလည်း ဘယ် wing-back နေရာကို စမ်းသပ် ကစားခဲ့ရပါတယ် ။

အလားတူ ဘယ်တောင်ပံ တိုက်စစ်မှာ အခြေကျနေတဲ့ အိုဒွိုင်း ဟာလည်း နည်းစနစ် လိုအပ်ချက် အရ ညာ wing-back ကို ပြောင်းကစားခဲ့ရပြန်ပါတယ် ။ ဘာကလေနဲ့ မောင့် တို့ကတော့ ကွင်းလယ် တိုက်စစ်မကျ ၊ box-to-box မကျ ကဏ္ဍကို တာဝန်ယူခဲ့ရပါတယ် ။

ဒီတော့ ကွင်းလယ် ကစားဟန် က ခန့်မှန်းရခက်ခဲ့သလို ၊ တောင်ရောက်မြောက်ရောက် ပုံစံမျိုးနဲ့ အတည်တကျ ဘယ်လိုမှ မဖြစ်ခဲ့ပါဘူး ။ မနေ့ည က ချဲလ်ဆီး ကွင်းလယ်မှာ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ခဲ့တဲ့ ရိစ်ဂျိမ်းစ် ဟာလည်း အမှားမလုပ်ခဲ့ဘူး ဆိုရုံလောက်သာ ၊ ကစားပေးနိုင်ခဲ့ပါတယ် ။

ကွင်းလယ်မှာ ခြေစွမ်းမပြလို့ ဘယ် wing-back နေရာမှာ စမ်းသပ်ခံခဲ့ရတဲ့ ဆာအူးလ်ရဲ့ စွမ်းဆောင်ရည် ဟာလည်း ဒုံရင်းက ဒုံရင်းပဲ ဖြစ်ခဲ့ပါတယ် ။ ဘာကလေ ဟာလည်း ဗာနာရဲ့ အဖွင့်ဂိုးကို ထောင့်ကန်ဘောတွေက တည်ပေးခဲ့တာကလွဲရင် ၊ ကျန်တဲ့ ပွဲချိန်တွေမှာ အနီးကပ် ပေးပို့မှု အချို့ကိုတောင် ဖြောင့်တန်းအောင် မပေးနိုင်ခဲ့တာကို တွေ့ရပါတယ် ။

နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲဆက် ၂ဂိုးသွင်း ၊ ၂ဂိုးဖန်တီးနိုင်ခဲ့တဲ့ မောင့် ဟာလည်း မနေ့ညက ပွဲမှာ role အတည်တကျ မကစားခဲ့ရပဲ ၊ သာမန် စွမ်းဆောင်ရည်အောက် ရောက်ခဲ့ပါတယ် ။ အလားတူ အိုဒွိုင်း ဟာလည်း wing-back role နဲ့ အထူး ရုန်းကန်ခဲ့တာကို တွေ့ရပါတယ် ။

တိုက်စစ် – တီမို ဗာနာ ( Rating – 8 ) ၊ ရိုမီလူ လူကာကူ ( Rating – 7 )

ဒီရာသီ ကစားခွင့် ရခဲ့တဲ့ ပွဲအများစုမှာ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့တဲ့ ဗာနာ ဟာ မနေ့ည က ပွဲမှာ အနီးကပ် ပိတ်သွင်းရတဲ့ အဖွင့်ဂိုး အပြင် ၊ လူကာကူ အတွက်ပါ အနီးကပ် ဖန်တီးမှု တကြိမ် လုပ်ပေးခဲ့ပါတယ် ။ တတိယ သွင်းဂိုးမှာ ၄င်းရဲ့ ထက်မြက်တဲ့ အဆုံးသတ်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ၊ Man of the Match ဆုနဲ့လည်း ထိုက်တန်မှု ရှိခဲ့ပါတယ် ။

ကြံ့ခိုင်မှု ပြန်ပြည့်စ ပြုလာတဲ့ လူကာကူ ဟာလည်း ဗာနာနဲ့ အတွဲအဖက် တစတစ ညီလာတာကို တွေ့ရပြီး ၊ open play မှာ တဦးချင်း ကစားပုံ တိုးတက်ဖို့တော့ အနည်းငယ် လိုအပ်နေပါသေးတယ် ။ သို့ပေမယ့် မနေ့ညက ပွဲမှာ ဂိုးပေါက် ပြန်တွေ့ခဲ့ခြင်း ဟာ ၄င်းကို ယုံကြည်မှု ပြန်လည် မြင့်တက်စေမှာ သေချာပါတယ် ။

လူစားဝင် ကစားသမားများ – ခရစ်တီယန် ပူလီဆစ် ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 5 ) ၊ ကိုင်ဟာဗက်ဇ် ၊ မားကို့စ် အလွန်ဆို ( N/A )

SPORTS MYANMAR