တပတ်လုံး လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့တဲ့ ဂျော်တာ နဲ့ 4-5 ပတ် လောက် အနားယူရမယ့် ဖီးလစ်

နိုင်ငံတကာ ပွဲစဉ်တွေ ပြီး ကတည်းက ပုံစံကောင်းတွေ ဆက်တိုက် ရရှိထားတဲ့ လီဗာပူး ဟာ ဒီတစ်ပတ်မှာတော့ သူတို့ ရဲ့ ပြယုဂ် ကစားသမားဟောင်းကြီး စတီဗင် ဂျရတ် ဦးဆောင်လာမယ့် အက်စ်တွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီညနေမှာ ပြုလုပ်သွားခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နည်းပြကြီး ကလော့ပ် က တိုက်စစ် ကစားသမား ဂျော်တာ ဟာ အသင်းဟောင်း ဝုဖ် နဲ့ ကစားပြီး ကတည်းက လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခြင်း မရှိသေးတဲ့ အကြောင်းကို အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ ဒီယိုဂို ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ ကစားပြီး ကတည်းက တစ်ခုခု ခံစားနေရပါတယ် ၊ ဒါကြောင့် အခုထိတောင် လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး။ ဒီနေ့တော့ လေ့ကျင့်ခန်း ပြန်လုပ်နိုင်ကောင်းပါရဲ့ ၊ တကယ်လို့ အဲဒီ လို လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ ဗီလာ နဲ့ ပွဲအတွက် ရွေးချယ်စရာ တစ်ခု တိုးလာတာပေါ့။ မဆင်းနိုင်ခဲ့ရင်တော့ မပါနိုင်ဘူးပေါ့ဗျာ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ကြာသပတေးနေ့ မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ တိုက်စစ်မှုး အိုရီဂီ မပါဝင်ခဲ့တဲ့ အကြောင်းအရင်းဟာ နားချိန် ပိုပေးထားချင်လို့ ဖြစ်တယ်လို့ သူက ဆက်ရှင်းပြသွားခဲ့ပြီး ဗီလာနဲ့ ပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပါဝင် ကစားပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ဆိုသွားခဲ့ ပါတယ်။

ဒါ့အပြင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှုး ဖာမီနို ကလဲ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်း ပါဝင်နိုင်ခဲ့ပါတယ်။

ခံစစ်မှုး နက် ဖီးလစ် ကတော့ အေစီ မီလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ ပါးရိုးကျိုး ဒဏ်ရာကြောင့် အနည်းဆုံး 4-5 ပတ် လောက် အနားယူရတော့မှာပါ။ အသေးစိတ် ဆေးစစ်ချက်တွေ အရ သူ့ရဲ့ ဒဏ်ရာဟာ ခွဲစိတ် ကုသမှုတွေ ခံယူစရာ မလိုအပ် သလို ၊ တစ်ယောက်ထဲ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းမျိုးတွေ ဆိုရင်လဲ လုပ်ဆောင်နိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ ကံမကောင်း စွာနဲ့ပဲ ပါးရိုး က ကျိုးသွားပါတယ်။ ဒါပေမယ့် အခြေအနေ ဆိုးဝါးသွားနိုင်တဲ့ အနေအထားကနေ အဆိုးအဝါးကြီး မဟုတ်ခဲ့တာတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ခွဲစိတ် ကုသ စရာ မလိုပါဘူး။

သူဟာ နောက်တစ်ပတ် ကနေ စပြီး လေ့ကျင့်ခန်းတွေ ပြန်ပြီး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် သူ့မျက်နှာ ကို ထိခိုက်သွားနိုင်တဲ့ အခြေနေတွေကိုတော့ တတ်နိုင်သလောက် ရှောင်ရှားပေးရမှာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး နဲ့ ဗီလာ တို့ ကစားမယ့် ပွဲစဉ်ကို ဒိုင်လူကြီး စတုအာ့သ် အတ်ဝဲ က တာဝန်ယူမှာ ဖြစ်ပြီး ၊ VAR ဒိုင် လူကြီး အဖြစ် လီမာဆွန် က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

SPORTS MYANMAR