“တနေ့မှာ ဂျရတ် ဟာ လီဗာပူး နည်းပြ ဖြစ်လာပါလိမ့်မယ်” ကလော့ပ်

လက်ရှိ လီဗာပူး အသင်းရဲ့ နည်းပြကြီး ကလော့ပ် က အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဂျရတ်ဟာ တချိန်ချိန်မှာ လီဗာပူး နည်းပြ အဖြစ်နဲ့ အသင်းဆီ ပြန်လာလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့ လီဗာပူး ဟာ အက်စ်တွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်တာကြောင့် ၊ ဂျရတ် အနေနဲ့ ပြိုင်ဘက် နည်းပြ တစ်ယောက် အဖြစ် အန်ဖီးလ် ကွင်းကြီးဆီ ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ပွဲ အကြို သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ် က –

“ ဂျရတ် ဟာ လီဗာပူး နည်းပြ သေချာပေါက် ဖြစ်လာလိမ့်မယ် ထင်ပါတယ် ၊ ဒါက အားလုံး ပျော်ရွှင်စေမယ့် အကြောင်းအရာမျိုးလေ။

တစ်ခု စဉ်းစားစရာ ရှိတာက အဲဒီ အခိုက်အတန့်ဟာ ဘယ်လို အချိန်မှ ဖြစ်လာမလဲ ဆိုတာပါ။ ချဲဆီး နဲ့ ဖရန့် လမ်းပတ် တို့အကြောင်းလဲ ကျနော်တို့ မြင်ထားပြီးပါပြီ။

လက်ရှိမှာတော့ သူဟာ အကောင်းဆုံး စွမ်းဆောင်ပြနေသလို ၊ မန်နေဂျာ ရှုထောင့်က ကြည့်မယ် ဆိုရင် အရမ်းကို ငယ်ရွယ်သေးတဲ့ နည်းပြ တစ်ယောက် ဖြစ်ပါတယ်။

ဆိုတော့ သူ လီဗာပူး နည်းပြ ရာထူးကို လက်ခံဖို့ အတွက် ဘယ်အချိန်က အသင့်တော်ဆုံး ဖြစ်မှာလဲ? ဒီလို ပြောတာ သူက မစွမ်းဆောင်ပြနိုင်လို့ မဟုတ်ပါဘူး ၊ သူဟာ ဘယ်လောက် ကြာကြာထိ လုပ်ပြနိုင်မှာလဲ? ဒီရာထူးဟာ သူ့အတွက် နောက်ဆုံး နည်းပြ အလုပ်မျိုးလား? ဒုတိယမြောက်လား ၊ တတိယ မြောက်လား ဆိုတဲ့ မေးခွန်းမျိုးတွေတော့ ကျနော်လဲ မဖြေတတ်ပါဘူး။

ပြီးတော့ လီဗာပူး မန်နေဂျာ မဖြစ်ခင် ဘာတွေ လုပ်ပြဖို့ လိုအပ်နေသေးလဲ ဆိုတာ မသိပါဘူး။ ပရိသတ်တွေ ကတော့ ဆုဖလားတွေ ဆွတ်ခူးပြဖို့ လိုသေးတယ် ဆိုပြီး ပြောကြပါလိမ့်မယ် ဒါပေမယ့် တကယ်တမ်း လိုအပ်သလား ဆိုတာတော့ သေချာ မပြောတတ်ပါဘူး။ အဓိက ကတော့ အန်ဖီးလ် ကို ရောက်လာတဲ့ အချိန်မှာ အောင်မြင်မှုတွေ ရယူပေးနိုငို့ အတွက်ပါပဲ။ အတိတ်မှာ ရယူပြခဲ့တဲ့ အောင်မြင်မှုတွေက အဲလောက်လဲ လိုအပ်တယ် မထင်ပါဘူး။

အတိတ်မှာ စွမ်းဆောင်ပြခဲ့သော်လဲ လက်ရှိမှာ ထပ်ပြီး စွမ်းဆောင်ပြနိုင်မယ်လို့ ပြောလို့ မရဘူးလေ။

မန်နေဂျာ တစ်ယောက် အတွက် အရေးအကြီးဆုံးက အသင်းတစ်သင်းကို လက်ခံ လိုက်တဲ့ အချိန်မှာ အဲဒီ အသင်းဟာ တည်ငြိမ်မှု ရှိနေဖို့တော့ လိုပါတယ်။ ဒါမှာ တိုးတက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးက ပေါ်လာတာပါ။

လက်ရှိ အချိန်ထိ သူ လုပ်ဆောင်ပြထားတာတွေဟာ အရမ်းကောင်းသလို ၊ လမ်းကြောင်းမှန် တစ်ခုပေါ်မှာ ရှိနေဆဲပါ။ ဒါပေမယ့် ဒီအဓိပ္ပါယ်က ဘယ်လိုလဲတော့ မပြောတတ်ပါဘူး။

တစ်ချိန်တည်းမှာ ပြောရရင် ကျနော့် နောက် ဆက်ခံမယ့်သူကို ရွေးချယ်ကြတဲ့ အချိန်မှာ ကျနော် ကိုယ် ပါဝင်ရွေးချယ်ခွင့် ရှိလာနိုင်မလား ဆိုတဲ့ ရှုထောင့်မျိုးရှိလာမယ့် မထင်ပါဘူး ဒါပေမယ့် အနာဂတ်က ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာ ကြိုပြောထားလို့ မရတဲ့ အတွက် စောင့်ကြည့်ကြတာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဂျရတ် ဟာ သူ့ရဲ့ အန်ဖီးလ် အပြန်ခရီး နဲ့ ပတ်သက်လို့ “စိတ်ကူးယဉ် အတွေး” တွေ ဘေးဖယ်ထားပြီး ဗီလာ အတွက် အနိုင် သုံးမှတ်ရအောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

 

ဆက်လက်ပြီး ကလော့ပ် က “ သူ့ စိတ်ထဲမှာ ဘယ်လိုတွေ ခံစားနေရမလဲ ဆိုတာ မှန်းကြည့်လို့ ရပါတယ်။ ဒါပေမယ့် ကွင်းထဲကို ဝင်လာတဲ့ အချိန် ၊ ကွင်းဘေးမှာ ကြီးကြပ်ရတဲ့ အချိန်မျိုးမှာတော့ ဘယ်လိုတွေ ထပ်ဖြစ်လာမလဲ ဆိုတာ သူလဲ ပြောတတ်မှာ မဟုတ်ပါဘူး။

ကျနော့် တုန်းကလဲ အဲဒီ အတိုင်းပဲဗျ။ ဒေါ့မွန် နဲ့ အတူ မိန့်ဇ် ကွင်းထဲကို ပထမဆုံး အကြိမ် သွားတုန်းကရယ် ၊ လီဗာပူး နဲ့ အတူ ဒေါ့မွန် ကို ပြန်သွားတဲ့ အချိန်တွေတုန်းက အဲဒီလို ခံစားဖူးပါတယ်။

ကွင်းထဲမှာ ကိုယ့်ကို ဝန်းရံ အားပေးခဲ့တဲ့ ပရိသတ်တွေ ကို ပြန်မြင်ရတာ တော်တော်လေးကို ထူးဆန်းတာပါ။ ကျနော့် တုန်းကတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဂျရတ်လဲ ဒီအတိုင်းပဲ ဖြစ်မှာပါ။

လက်ရှိ လီဗာပူးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း 99.9% က သူ့ကို မသိတဲ့သူ မရှိပါဘူး။ 0.1% လောက်သာ သူ အသင်းကနေ ထွက်ခွာပြီးမှ ရောက်လာကြတာ ဖြစ်ပါတယ်။ ကျနော် ဒီကလပ် ကို စပြီး ရောက်လာချိန် က စလို့ ဂျရတ် နဲ့ ပတ်သက်ပြီး “ မကောင်းကြောင်း” ပြောတဲ့ စကားမျိုး တစ်ခွန်းမှတောင် မကြားခဲ့ဖူးပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR