ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အငှားထွက် ကစားချင်နေတဲ့ ဝိုင်နယ်ဒမ်

ပီအက်စ်ဂျီ အသင်းရဲ့ နယ်သာလန် ကွင်းလယ် ကစားသမား ဝိုင်နယ်ဒမ် ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ အငှားထွက် ကစားဖို့ ဆန္ဒရှိနေသည့်တိုင်အောင် ၊ ပြင်သစ် ကလပ်ဖက် ကတော့ သူ့ကို လက်လွှတ်ဖို့ တွန့်ဆုတ်နေပါတယ်။

သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ကမှ လီဗာပူး ကနေ အလွတ်ကြေး နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၊ နည်းပြ ပိုချက်တီနို ရဲ့ လက်အောက်မှာ ပွဲထွက် ကစားသမား နေရာရယူနိုင်ဖို့ ရုန်းကန် ရလျှက် ရှိနေပါတယ်။

ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပွဲပေါင်း 20 အထိ ပါဝင် ကစားခွင့် ရရှိထားသော်လဲ 10 ပွဲသာ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့ကာ ၊ ကွင်းလယ် တစ်နေရာစာ အတွက်လဲ ဗာရက်တီ ၊ ဒါနီလို ၊ ပါရီဒက် ၊ ဟာရဲရား ၊ Gueye တို့နဲ့ အပြိုင် တိုက်ပွဲ ဝင်ရလျှက် ရှိနေပါတယ်။

ဒါကြောင့်လဲ နယ်သာလန် ကစားသမားဟာ သူ့အတွက် ကစားခွင့် ပိုရနိုင်မယ့် တစ်နေရာဆီ ပြောင်းရွှေ့ချင်နေတာပါ။

တဖက်မှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ၊ ပီအက်စ်ဂျီ ဘက်ကသာ လက်လွှတ်ပေးမယ်ဆိုရင် အပြောင်းအရွှေ့ အတွက် ခြေလှမ်း လှမ်းဖို့ ဟန်ပြင်လျှက် ရှိနေပါတယ်။

ဝိုင်နယ်ဒမ် ဟာ အောက်တိုဘာလ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ ကတည်းက ပဲရစ်မှာ ကစားခွင့် နည်းပါးတဲ့ အတွက် အပြည့်အ၀ မပျော်ရွှင်နိုင်သေးဘူးလို့ ဖွင့်ဟထားခဲ့ဖူး ပါတယ်။

“ နေရာသစ်မှာ အပြည့်အ၀ ပျော်ရွှင်နေပြီလို့ မပျော်နိုင်သေးပါဘူး ဘာလို့လဲ ဆိုတော့ အနေအထားတွေ က ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာသေးဘူးလေ။

ဒါပေမယ့် ဘောလုံးဆိုတာ ဒီလိုပါပဲ၊ ကျနော့် အနေနဲ့ ရင်ဆိုင် ဖြတ်ကျော်နိုင်ဖို့ အတွက် သင်ယူမှုတွေ လုပ်ဆောင်ရပါမယ်။ ကျနော် က ဖိုက်တာ တစ်ယောက်ပါ။ အကောင်းဘက်ကနေ မြင်ထားပြီး ၊ အလုပ်တွေ ကြိုးစားရင်း တိုက်ပွဲ ဝင်သွားမှာပါ။

ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ဆိုရင် ကျနော်ဟာ ပွဲတွေ အများကြီး ကစားပေးခဲ့သလို ၊ ကြံ့ခိုင်မှု ကောင်းကောင်း နဲ့ ခြေစွမ်းတွေလဲ ဆက်တိုက်ပြခဲ့ပါတယ်။ လက်ရှိ ကြုံတွေ့နေရတာတွေ ကတော့ အဲဒါနဲ့ မတူတဲ့ ကွဲပြား ခြားနားမှုတွေပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဝိုင်နယ်ဒမ် ဟာ ပီအက်စ်ဂျီမှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသော်လဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ လူးဝစ် ဗန်ဟား ရဲ့ နယ်သာလန် အသင်းမှာတော့ အရေးပါတဲ့ ကစားသမား တစ်ယောက် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

သူဟာ လီဗာပူး မှာ ကစားခဲ့တဲ့ 5 နှစ်တာ ကာလ အတွင်း ဘောလုံးလောကရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေ အထိ ရယူနိုင်ခဲ့ကာ စုစုပေါင်း 237 ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

 

SPORTS MYANMAR