ဇန်နဝါရီမှာ လီဗာပူးတို့ ခေါ်ယူအားဖြည့်သင့်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှုးကို ပြောပြလိုက်တဲ့ ပေါလ်မာဆွန်

လီဗာပူး အသင်းဟာ လာမည့် ဇန်နဝါရီမှာ မိုဟာမက်ဆာလား နဲ့ ဆာဒီယိုမာနေး တို့ကို အာဖရိကဖလား ပြိုင်ပွဲအတွက် လက်လွှတ် သွားရမှာ ဖြစ်တာကြောင့် တိုက်စစ်မှုး တစ်ဦး ရှာဖွေကောင်း ရှာဖွေ နိုင်ပေမယ့် ပေါလ်မာဆွန် ကတော့ the Reds တို့ အနေနဲ့ ဒီကာလအတွက်သာမဟုတ်ဘဲ လာမည့် နှစ်တွေ အတွက်ပါ ရည်ရွယ်ပြီး တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူအားဖြည့် သင့်တယ်လို့ ယုံကြည်နေပါတယ်။

မာနေး နဲ့ ဆာလား တို့ဟာ ကင်မရွမ်းမှာ ကျင်းပသွားမယ့် အာဖရိကဖလား ပြိုင်ပွဲမှာ သူတို့နိုင်ငံတွေနဲ့ အတူ ရောက်ရှိမယ့် level အပေါ် မူတည်ကာ လီဗာပူးရဲ့ ပွဲစဉ်တစ်ချို့ကို လွဲချော်သွားမှာ ဖြစ်ပြီး ဒီကာလအတွင်း လီဗာပူးဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မာဆွန်က လီဗာပူး အနေနဲ့ တိုက်စစ်မှုး တစ်ဦးကို ပစ်မှတ်ထားရာမှာ အဆိုပါ လပိုင်းလောက်အတွက်တင် မဟုတ်ဘဲ လာမည့် နှစ်ပိုင်းတွေ အတွက် အသင်းကို အကျိုးပြု ပေးနိုင်မယ့်သူကို အားဖြည့်ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်းက ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ ဝုဖ်တိုက်စစ်မှုး ရာအူးဂျီမီနက်ကို ခေါ်ယူသွားရန် တိုက်တွန်းလိုက်ပြီး မက္ကဆီကို စတားကို ဖာမီနိုနဲ့ နှိုင်းယှဉ်မှု လုပ်သွားခဲ့ပါတယ်။

ဂျီမီနက်ဟာ ပြီးခဲ့တဲ့ရာသီက ဦးခေါင်းဒဏ်ရာ ရခဲ့တာကြောင့် ကာလရှည် နားခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ အသင်းအတွက် ပုံမှန် ကစားပေးနေပြီး ဘရူနိုလာဂျာရဲ့ အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၃ ဂိုး သွင်းပေးထားခဲ့ပါတယ်။

ဂျီမီနက်သာ အန်ဖီးကို ပြောင်းလာခဲ့မယ်ဆိုရင် အသင်းဖော်ဟောင်းဖြစ်သူ ဂျိုတာနဲ့ ပြန်လည် လက်တွဲခွင့်ရမှာ ဖြစ်ပြီး မာဆွန်က ဂျီမီနက်ကို လီဗာပူးတို့ ဘာကြောင့် ခေါ်ယူသင့်သလဲ ဆိုတာ ရှင်းပြလိုက်ပါတယ်။

မာဆွန်က “လီဗာပူး အနေနဲ့ လာမည့် ဇန်နဝါရီမှာ ရာအူးဂျီမီနက်လို အထောင် တိုက်စစ်မှုးမျိုးကို ခေါ်ယူသွားဖို့ လိုအပ်ပါတယ်။ ဒါဟာ အာဖရိကဖလား ကျင်းပနေတဲ့ ကာလအတွက်ပဲ မဟုတ်ပါဘူး။

မာနေး နဲ့ ဆာလား တို့ နိုင်ငံအသင်းတွေနဲ့ သွားရောက် ပူးပေါင်းချိန်မှာ သူတို့ဟာ သူတို့နေရာကို ဖြည့်ကစားပေးနိုင်မယ့် တစ်စုံတစ်ဦးကို လိုအပ်ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ လာမည့် နှစ်ပိုင်းတွေ အတွက်လည်း တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူသွားဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။

သူတို့ဟာ front three ကို ဖိအားပေးနိုင်ပြီး လာမည့် နှစ်အနည်းငယ်မှာ ပရီးမီးယားလိဂ်ဖလားကို တောက်လျှောက် ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်မယ့် ကစားသမားမျိုး တစ်ဦးကို လိုအပ်ပါတယ်။ လာမည့် ၅ နှစ်မှာ ဒုတိယနေရာချည်းပဲ ရနေတာက သူတို့အတွက် အဆင်မပြေပါဘူး။

ဂျီမီနက်ဟာ လူကောင်ပိုကြီးတဲ့ ဖာမီနို ပုံစံ ကစားသမားမျိုး ဖြစ်ပြီး ဂိုးတွေလည်း သွင်းယူပေးနိုင်သူပါ။ သူ့ကို ထည့်သွင်းကစားတဲ့ အခါ လီဗာပူး တိုက်စစ်ကို ပုံစံပျက်သွားမှာ မဟုတ်ဘဲ သူဟာ ဝုဖ်မှာ ဂျိုတာနဲ့ ပွဲတော်တော်များများ တွဲဖက် ကစားခဲ့ပြီးသားပါ။

သူဟာ လိုအပ်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံနေပါတယ်။ ကျွန်တော်ကတော့ ဒါဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ မြင်မိပါတယ်။ သူဟာ လီဗာပူးမှာ အပတ်တိုင်း မကစားရလို့ ပေါက်ကွဲနေမယ့်သူလည်း မဟုတ်ပါဘူး။ ဒါဟာ သူတို့ လိုအပ်တဲ့ အရာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး အနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်မှုး တစ်ဦး မဝယ်ယူခဲ့ဘူးဆိုရင်တောင် အခြား option တွေ ရှိနေပါသေးတယ်။ ဖာမီနို နဲ့ ဂျိုတာ အပြင် ကလော့ အနေနဲ့ ဒီရာသီ အသင်းအတွက် ဂိုးတွေ သွင်းယူပေးထားခဲ့တဲ့ အိုရီဂီ နဲ့ မီနာမီနို တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

 

SPORTS MYANMAR