ဇန်နဝါရီဈေးကွက်မှာ လီဗာပူးတို့ ကြုံတွေ့ရနိုင်တဲ့ အပြောင်းအရွေ့ အခက်အခဲကို ထောက်ပြလိုက်တဲ့ ဂျွန်ဘန်း

 

လီဗာပူး ဂန္တဝင် ဂျွန်ဘန်းက သူ့ရဲ့ အသင်းဟောင်းဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ တိုက်စစ် ကစားသမားတွေကို အန်ဖီးကို ပြောင်းလာရန် ဆွဲဆောင်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ယုံကြည်နေပြီး အကြောင်းရင်း ကတော့ ယာဂန်ကလော့ အနေနဲ့ ဒီကစားသမားတွေကို ပွဲထွက်ခွင့် ပေးရန် အာမခံချက် မပေးနိုင်တာကြောင့်လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ အကောင်းဆုံး သွင်းဂိုးနှုန်းကို ပိုင်ဆိုင်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အပြီးမှာ ၄၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန်တွေကို တင်ထားခဲ့ပါတယ်။ ဆာလား မာနေး ဖာမီနို တို့ရဲ့ တိုက်စစ်အတွဲဟာ ပြီးခဲ့တဲ့နှစ်တွေက ဥရောပရဲ့ အကောင်းဆုံး front three တွေထဲက တစ်ခု ဖြစ်ပေမယ့် ဒီယေဂိုဂျိုတာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ဝုဖ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာ အတွက် ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်အောင် လုပ်ပေးခဲ့ပါတယ်။

မာနေး နဲ့ ဆာလား တို့ဟာ လာမည့် ဇန်နဝါရီမှာ အာဖရိကဖလားကို သွားရောက် ကစားရမှာ ဖြစ်တာကြောင့် အဆိုပါ ကာလအတွင်း အိုရီဂီ နဲ့ မီနာမီနို တို့ ပွဲကစားခွင့်တွေ ရလာဖို့ ရှိနေပြီး တိုက်စစ်မှာ ဂျိုတာ ဖာမီနို တို့နဲ့ တွဲဖက် ကစားသွားဖို့ ရှိနေပါတယ်။ လူတော်တော်များများ ကတော့ လီဗာပူး အနေနဲ့ အာဖရိကဖလား ကျင်းပနေချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် မလျော့စေဖို့ အတွက် တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူရန် တိုက်တွန်းနေကြပါတယ်။

ဒါပေမယ့် ဂျွန်ဘန်းက မာနေး နဲ့ ဆာလား တို့ ပြန်လာတဲ့ အချိန်မှာ အရန်ခုံကို ရောက်သွားမယ့် အရေးကြောင့် the reds တို့ အနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်မှုးကောင်းကောင်းကို အားဖြည့်နိုင်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ဘန်းက “လီဗာပူး အနေနဲ့ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦးကို မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ဂျိုတာ အိုရီဂီ နဲ့ ဖာမီနို တို့လို ကစားသမားတွေ ရှိနေဆဲ ဖြစ်လို့ပါပဲ။ ရှေတို အနေနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ ကစားသမားတွေ ဈေးကွက်ထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဇန်နဝါရီလို ရာသီဝက်မှာ ကိုယ့်မှာ ရှိနေတဲ့ ကစားသမားတွေလောက် ကောင်းတာ မရှိပါဘူး။

လက်ရှိ ကိုယ့်အသင်းမှာ ရှိနေတဲ့ ပိုကောင်းတဲ့ ကစားသမားကို ဇန်နဝါရီ အပြောင်းအရွေ့မှာ ပေါင်သန်း ၆၀ ၇၀ နဲ့ ခေါ်ယူလို့ မရနိုင်ပါဘူး။ ဒီအသင်းတွေ ကလည်း ဒီလို ကာလမျိုးမှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဆာလား နဲ့ မာနေး တို့ အာဖရိဖလား သွားရောက် ကစားနေချိန်မှာ ထိပ်တန်း ကစားသမား တစ်ဦးကို ခေါ်ယူသွားဖို့က ဒီလောက် မလွယ်ပါဘူး။ ဆာလား နဲ့ မာနေး တို့ ပြန်လာချိန်မှာ အရန်ခုံမှာ ထိုင်ရမယ့် အရေးကြောင့် ဘယ်ထိပ်တန်း ကစားသမားက လီဗာပူးကို လာချင်မှာလဲ?” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေ ထဲက တစ်ဦးကတော့ ဝုဖ်တောင်ပံ ကစားသမား ထရာအိုရေး ဖြစ်ပါတယ်။ ဘန်းက ထရာအိုရေးဟာ ကလော့ရဲ့ လူစာရင်းမှာ ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာနိုင်ပေမယ့် စပိန် ကစားသမားဟာ အရန်ခုံမှာ ပျော်ပျော်ကြီးတော့ လာထိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဘန်းက “အဒါမာထရာအိုရေးဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာမှာပါ။ ဒါပေမယ့် သူဟာ ဆာလား မာနေး ဂျိုတာ ဒါမှမဟုတ် ဖာမီနို တို့ကို ကျော်ပြီး နေရာရမှာ မဟုတ်ပါဘူး။ အကယ်လို့များ သူ လီဗာပူးကို လာချင်တယ် ဆိုရင် ဒါဟာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် သူ ဒီအသင်းမှာ ပုံမှန် ကစားခွင့်တော့ ရနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ကြိုသိနေမှာပါ။ လီဗာပူး အတွက်ကတော့ အရန် အင်အား တောင့်တင်းသွားပေါ့ဗျာ။ ဒါပေမယ့် သူ ဒီကို လာဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။”

SM