ဇင်းနစ်နဲ့ပွဲမှာ ရိစ်ဂျိမ်းစ်ကို ဘာကြောင့် ကွင်းလယ် ပြောင်းကစားစေခဲ့တာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ရုရှား စူပါလိဂ် ချန်ပီယံ ဇင်းနစ် အသင်း ကို တဖက် ၃ဂိုးစီသရေသာ ကစားနိုင်ခဲ့တာကြောင့် ၊ အုပ်စု H ရဲ့ ဒုတိယ နေရာကနေ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

 

ဒီပွဲဟာ ချဲလ်ဆီး အတွက် အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ တပိုင်းတစ အရေးကြီးခဲ့ပေမယ့် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ဒဏ်ရာ ပြဿနာ များနေတဲ့ ကွင်းလယ်မှာ အလှည့်အပြောင်း အချို့ လုပ်ပြီး ကစားကွက် အခင်းအကျင်း ကို ပြင်ဆင်ခဲ့ပါတယ် ။

အထူးခြားဆုံး ကတော့ အက်သလက်တီကို ကနေ အငှားနဲ့ ရောက်လာခဲ့တဲ့ ကွင်းလယ်လူ ဆာအူးလ် ကို ဘယ် wing-back နေရာ ပို့ခဲ့ခြင်းနဲ့ ညာ wing-back မှာ ဒေါင်ဒေါင်မြည် ကစားပေးနိုင်တဲ့ ရိစ်ဂျိမ်းစ် ကို ကွင်းလယ် နံပါတ် ၆ နေရာ ပို့ခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ် ။

ရှိသမျှ အရန် အားလုံး ကို မနေ့ည က ပွဲမှာ တူချယ် တယောက် ထုတ်သုံးခဲ့ပြီး ၊ အချို့ နေရာတွေမှာ အဓိက ပွဲထွက် ကစားသမားတွေနဲ့ တွဲပေးခဲ့ပေမယ့် ၊ တူချယ်ရဲ့ နည်းစနစ် အလှည့်အပြောင်း အချို့က အသားမကျသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ် ။

ရိစ်ဂျိမ်းစ် ဟာ ဝီဂန်သို့ အငှားထွက်ခဲ့စဉ် က ကွင်းလယ် ခံစစ် နေရာမှာ ကစားခဲ့ဖူးပေမယ့် ၊ ဒါဟာ ချဲလ်ဆီး စီနီယာ ကစားသမား ဘဝမှာ ကွင်းလယ် နေရာကနေ ပထမဆုံး ပွဲထွက်ခဲ့ရခြင်း ဖြစ်ပါတယ် ။ အမှားအယွင်း ကင်းခဲ့ပေမယ့် ၊ ရိစ်ဂျိမ်းစ် ဟာ ကွင်းလယ်မှာ ကျွမ်းကျွမ်းကျင်ကျင် မကစားပေးနိုင်တာကြောင့် ၊ ကစားကွက် အပေါ် အများကြီး လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပါဘူး ။

အဓိက ကွင်းလယ်လူ ၃ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို ၊ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ်တို့ ကြံ့ခိုင်မှု ၊ ဒဏ်ရာ ၊ ကိုဗစ် ပြဿနာ အသီးသီး ရှိနေတဲ့အပြင် ၊ နံပါတ် ၆ နေရာ ကစားပေးနိုင်တဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် ကိုလည်း နောက်ထပ် ဒဏ်ရာ မရစေချင်တဲ့ အတွက် တူချယ် တယောက် ရိစ်ဂျိမ်းစ်ကို ကွင်းလယ်မှာ အစားထိုး အသုံးပြုလိုက်တဲ့ပုံ ပေါ်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ရိစ်ဂျိမ်းစ်ကို ကွင်းလယ်မှာ ဘာကြောင့် အသုံးပြုခဲ့သလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ” ဟုတ်ပါတယ် ။ ပုံမှန်ဆိုရင် ကွင်းလယ်မှာ ကျွန်တော် ဟာ အန်ဂိုလို ၊ ကိုဗာ ၊ ဂျော်ဂျီနဲ့ ရူဘင်တို့ ၄ဦးထဲက ၂ဦးကို တွဲသုံးဖို့ပဲ ရှိပါတယ် ။ ”

” ဒါပေမယ့် ဒီနေ့မှာ သူတို့ ၄ဦးလုံး ပြဿနာ အသီးသီး ရှိနေတဲ့အပြင် ၊ ကျွန်တော်တို့ဟာ ကွင်းလယ်မှာ ဖန်တီးမှုအားကို လိုချင်တဲ့ အတွက် ရိစ်ကို အစားထိုး ပွဲထုတ်လိုက်ခြင်း ဖြစ်ပါတယ် ။ သူ့ရဲ့ ကွင်းလယ်မှာ ကစားဖူးတဲ့ အရည်အသွေး အချို့ကို ကျွန်တော်တို့ သိထားသလို ၊ သူ့ဆီက တွန်းတွန်းတိုက်တိုက် ကစားပုံလည်း ကျွန်တော်တို့ လိုအပ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ရဲ့ အမြဲတမ်း ပစ်မှတ် ကတော့ ရိစ် ကို wing-back နေရာမှာပဲ အသုံးပြုဖို့ပါ ။ ဒီလို သုံးနိုင်ဖို့ကလည်း အဓိက ကွင်းလယ်လူတွေ ဒဏ်ရာနဲ့ အခြား အကြောင်းအရာတွေကနေ အမြန်ဆုံး ပြန်လာနိုင်ဖို့ လိုအပ်ပါသေးတယ် ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

SPORTS MYANMAR