ဆွန်နီ လို ထိပ်တန်း ကစားသမား တစ်ယောက် နဲ့ လက်တွဲရတာ ကျေနပ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ကွန်တီ

စပါး အသင်းရဲ့ တိုက်စစ် ကစားသမား ဆွန်ယောင်မင် ဟာ နည်းပြတွေ အမျိုးမျိုး နဲ့ ပြောင်းလဲ လက်တွဲ ဖြတ်သန်းခဲ့ရသည့်တိုင်အောင် အသင်းရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ခံစစ် အသားပေးလွန်းတဲ့ မော်ရင်ဟို လို နည်းပြမျိုး လက်ထက်မှာတောင် သွင်းဂိုးတွေ ဆက်တိုက် သွင်းပြရင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကို သက်သေ ထူခဲ့သူပါ။

လက်ရှိ နည်းပြ ကွန်တီ ကလဲ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ တကယ် လက်တွဲကြည့်လိုက်မှ ပိုပြီး ထူးခြားလွန်နေတယ်လို့ ဆိုလိုက်ပြီး ၊ စပါး ကို ထိပ်တန်း အသင်းကြီး ပြန်ဖြစ်ဖို့ အဓိက နေရာကနေ ကူညီပေးမယ့် လူတစ်ယောက် ဖြစ်ကြောင်း ညွှန်းဆိုသွားခဲ့ ပါတယ်။

“ ကျနော်တို့ က ကမ္ဘာ့အဆင့်မီ ဘောလုံးသမား တစ်ယောက် အကြောင်းကို ပြောနေကြတာပါ။ ကျနော် စပါး နည်းပြ မဖြစ်ခင် အချိန်က ဆွန် ရဲ့ ခြေစွမ်းကို TV မှာ ကြည့်ဖူးပါတယ်။ တော်တော်လေးလဲ အားရဖို့ ကောင်းပါတယ်။

ဒါပေမယ့် ကိုယ်တိုင် သူ့ရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်ရောက်မှ သူနဲ့ လက်တွဲရင် လေ့ကျင့်ပေးခွင့်တွေ ရလာတယ်လေ။ အဲဒီကျမှ တကယ့် အရည်သွေးမှန်တွေကို အနီးကပ် မြင်ခွင့်ရတာပါ။ အရမ်းကို အားရဖို့ ကောင်းပါတယ်။ သူ့မှာ ရှိတဲ့ အရည်သွေးတွေ နဲ့ ပြေးအားတွေ ၊ မဆုတ်မနစ် ကြိုးစားပြတာတွေ က ပိုပြီး သက်ဝင်စေတာပါ။

ကျနော့် အမြင်မှာ ဆွန်နီ က ကစားသမားကောင်း တစ်ယောက် မဟုတ်ပါဘူး ၊ ထိပ်တန်း ကစားသမားမျိုး ဖြစ်နေပါပြီ။ ကျနော် ကလဲ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းတွေ ပေါ်ထွက်လာဖို့ ကူညီပေးသွားမှာပါ။ လက်ရှိ ခြေစွမ်းကလဲ အသင်းအတွက် အရမ်းကို အားကိုး အရေပါတဲ့ အဆင့်မျိုးကို ရောက်နေပါပြီ။

စပါး ရဲ့ လက်ရှိ ရပ်တည်မှုကို ပိုပြီး မြှင့်တင်ပေးချင်တယ် ဆိုရင် ကစားသမားတွေ ဆီကနေလဲ ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ လိုအပ်ပါတယ်။ ဆွန်နီ ဟာ အဲဒီလို လုပ်ပြမယ့် ကစားသမားတွေထဲက တစ်ယောက်ပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆွန်ယောင်မင် ဟာ နောက်ဆုံး ပါဝင် ကစားခဲ့တဲ့ 3 ပွဲ ဆက်တိုက် ဂိုးတွေ သွင်းပြခဲ့သလို ၊ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင်လဲ လီဗာပူး ဘက်ကို ချေပဂိုး တစ်ဂိုး သွင်းယူပြနိုင်ခဲ့ ပါတယ်။

ကွန်တီ ကိုယ်တိုင် ကတော့ သူဟာ အချိန်တို အတွင်းမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်အောင် ကြိုးစားနေဆဲ ဖြစ်ကြောင်း အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ အသင်း တစ်သင်းဟာ ကိုယ်ပိုင် ဟန်တစ်ခု ပိုင်ဆိုင်ထားချင်တယ် ဆိုရင် အလုပ်တွေ လုပ်ဖို့ လိုပါတယ်။

ကျနော်တို့ဟာ တစ်လခွဲ ကာလ အတွင်းမှာ ဘယ်လောက်အထိ လုပ်ပြထားပြီးပြီလဲ ဆိုတာ ခင်ဗျားတို့လဲ မြင်ကြမှာပါ။ ကျနော့်မှာ အသင်း ရဲ့ ကစားသမား စုံစုံညီညီ နဲ့ လေ့ကျင့်ခွင့် ရခဲ့တာက သုံးပတ်လောက်ပဲ ရှိခဲ့ပါတယ်။

ဒါပေမယ့် ရတဲ့ အချိန်တိုင်းကို အသုံးပြနိုင်ဖို့ ကြိုးစားနေသလို ၊ ကစားသမားတွေကလဲ ကိုယ့်ရဲ့ အိုက်ဒီယာ ကို အပြည့်အ၀ အကောင်ထည်ဖော်နိုင်ဖို့ ရှင်းပြရပါတယ်။ ဒီရာသီမှာ ပြိုင်ဆိုင်မှု အားကောင်းတဲ့ အသင်းမျိုး ဖြစ်ချင်တယ် ဆိုရင် နည်းစနစ်ပိုင်းမှာရော ၊ ရုပ်ပိုင်း ဆိုင်ရာမှာပါ ပုခုံးချင်း ယှဉ်နိုင်ရမှာပါ။ ဒီလို လုပ်ပြဖို့ မလွယ်ဘူး ဆိုတာ သိပေမယ့် လက်ရှိ အချိန်ထိ လုပ်ကိုင်နေရတဲ့ အပေါ် အားရမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကစားသမားတွေဟာ အသင်း တိုးတက်လာဖို့ အတွက် ဘယ်လောက်အထိ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ နဲ့ ကြိုးစားနေလဲ ဆိုတာ မြင်တွေ့နေရတယ်လေ” လို့ ပြောပြသွားခဲ့ ပါတယ်။

SPORTS MYANMAR