ဆဲဘတ်နဲ့ တွေ့ဆုံခဲ့ပြီးကာမှ အင်တာမီလန်နဲ့ ပွဲကျပ်ကစားရတော့မယ့် အပေါ် ကလော့ရဲ့ မှတ်ချက်စကား

လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ အင်တာမီလန်နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပြီး ယာဂန်ကလော့က စီးရီးအေ အင်အားကြီး ကလပ်နဲ့ ကစားသွားရမယ့် အပေါ် အကြိုက်တွေ့မိတယ်လို့ ဝန်ခံသွား ခဲ့ပါတယ်။

ပထမအကြိမ် မဲခွဲမှုဟာ error တွေ တက်ခဲ့တာကြောင့် လီဗာပူး နဲ့ ဆဲဘတ် တို့ တွေ့ဆုံနေမှုကို ပယ်ဖျက်ခဲ့ပြီး နောက်တစ်ကြိမ် မဲပြန်ခွဲခဲ့တာ ဖြစ်ပါတယ်။

မဲပြန်ခွဲမှု မှာတော့ လီဗာပူးဟာ ဆန်စီယိုကို ဒီရာသီမှာ နောက်တစ်ကြိမ် ပြန်သွားရတော့မှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အင်တာမီလန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့မှာတော့ လီဗာပူးဟာ စီးရီးအေမှာ ဦးဆောင်နေတဲ့ အင်တာမီလန်ကို ဒုတိယ အကျော့အဖြစ် အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

အင်တာမီလန်နဲ့ မဲကျသွားခဲ့တဲ့ အပေါ် ကလော့က “ကျွန်တော့် အနေနဲ့ ဆန်စီယိုမှာ ကစားဖို့ အတွက် ၅၄ နှစ်တောင် စောင့်ဆိုင်း ခဲ့ရပါတယ်။ အခုတော့ ၃ လ အတွင်း ၂ ကြိမ်တောင် သွားကစားရတော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒါဟာ သတင်းကောင်း ပါပဲ။ အားလုံး အိုကေပါတယ်။ အမှန်ပါပဲ။ ဒါဟာ သေချာပေါက် ခက်ခဲတဲ့ မဲကျမှုပါ။ သူတို့ဟာ အီတလီမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်း ဖြစ်ပြီး ကောင်းမွန်တဲ့ အခိုက်အတန့်ကို ရရှိနေတဲ့ အသင်းကောင်း ပါပဲ။

ဖေဖော်ဝါရီမှာ တွေ့ဆုံရမယ့် ပွဲစဉ်မတိုင်မီ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ရတာပေါ့။” လို့ ဆိုခဲ့ပါတယ်။

ပထမအကြိမ် မဲခွဲမှုမှာ error တက်ခဲ့တဲ့ အတွက် နောက်တစ်ကြိမ် ပြန်လည် မဲခွဲခဲ့တဲ့ အပေါ် ကလော့က “ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ အသေအချာ ပါပဲ။

ကျွန်တော် ပထမအကြိမ် မဲခွဲမှုကို live ကနေ ကြည့်ခဲ့ပြီးနောက် ‘ဒီအတိုင်း ဆက်ထားလိုက်ဖို့ မဖြစ်နိုင်ဘူး။ no chance ပဲ’ လို့ တွေးခဲ့ပါတယ်။ သူတို့ ဒါကို သေချာပေါက် လုပ်သွားရမှာ ဖြစ်ပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

အင်တာမီလန် အသင်းဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိထားတဲ့ ကစားသမားတွေနဲ့ စုစည်းထားတဲ့ အသင်း ဖြစ်ပြီး ဒီကစားသမားတွေဟာ အင်္ဂလန် ကလပ်တွေရဲ့ ကစားပုံကို ကောင်းကောင်း နှောကျေထားပြီး ဖြစ်ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကလော့က “ဆန်းချက် နဲ့ ဇက်ကို တို့ အကြောင်းကို ကျွန်တော်တို့ သိထားကြပြီးသားပါ။ လော်တာရိုမာတီနက်ဇ်ဟာ ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဆီမွန်နီ အင်ဇာဂီ ကလည်း အဲဒီမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့ဟာ စီးရီးအေမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ လီဗာပူးရဲ့ ထုံးစံအတိုင်းပါပဲ။ ဘယ်တော့မှ လွယ်ကူတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်တဆင့် တက်ဖို့ ဖြစ်နိုင်သေးတာကြောင့် ကြိုးစားသွားတာပေါ့ဗျာ။ ဒါဟာ တကယ်ကို ကောင်းတဲ့ ချန်ပီယံလိဂ် tie ဖြစ်ပါတယ်။ ကျွန်တော် ဒီပွဲစဉ်အတွက် လုံးဝကို ရင်ခုန်နေပါပြီ။”

SM