ဆီဗီးလား နဲ့ သရေကျလို့ အိပ်လို့တောင် မပျော်တော့ဘူးလို့ ဆိုလာတဲ့ ဘာစီလိုနာ နည်းပြ ဇာဗီ

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ဟာနန်ဒက်စ် ဟာ မနေ့ ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ အသင်း ရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ်တွေ အပေါ် မတူညီတဲ့ ခံစားမှုတွေ ရရှိ ခဲ့တယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာလီဂါ ပွဲကျန် အဖြစ် ဆီဗီးလား နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား သွားခဲ့ပြီး ၁ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် သွားခဲ့ ပါတယ် ။

ဒီပွဲ ရလဒ်ကြောင့် ဘာစီလိုနာ ဟာ ၂၀၂၁ ခုနှစ် ကို လာလီဂါ အမှတ်ပေး ဇယား ရဲ့ အဆင့် ၄ ပြင်ပ ကနေ နှုတ်ဆက် ခဲ့ရပြီး ဆီဗီးလား ကလည်း ရီးရဲ မက်ဒရစ် နဲ့ ၃ မှတ် အကွာထိ ရောက်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံး ခဲ့ရ ပါတယ် ။

 

ဇာဗီ ကတော့ ဆီဗီးလား နဲ့ ပွဲက ကစားပုံဟာ သူတို့ နဲ့ ပရိသတ်တွေ မျှော်လင့် ထားတဲ့ ကစားပုံမျိုး ကို သွားမယ့် ရှေ့ပြေး ဖြစ်ပြီး ဒီ ကစားပုံ အတွက် အားရ မိကြောင်း ပြောဆိုခဲ့ ပါတယ် ။

ဒါပေမယ့် ပွဲရလဒ် အပေါ် ကိုတော့ စိတ်ပျက် မိပြီး သူ့ကို အိပ်မပျော်အောင် လုပ်စေတော့မယ် လို့လည်း ဆိုသွားခဲ့ ပါတယ် ။

ဇာဗီ ဟာ ပျောက်ဆုံး နေတဲ့ ဘာစီလိုနာ ရဲ့ ကစားဟန် ကို ပြန်လည် အသက်သွင်းပြီး တချိန်ကလို အင်အားကြီး အသင်း တသင်း အဖြစ် ရောက်ရှိလာဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အသင်းဟောင်း ဆီ ပြန်လည် နည်းပြ ခဲ့တာ ဖြစ်ပါတယ် ။

ဇာဗီ ကိုင်တွယ်ပြီး နောက်မှာ လူငယ်တွေကို ပိုမို နေရာ ပေးလာခဲ့ပြီး ကစားပုံကလည်း မျှော်လင့်ထား သလို ဖြစ်လာမယ့် အလားအလာတွေ မြင်တွေ့ လာခဲ့ရ ပါတယ် ။

 

“ဒီည ပွဲကတော့ ချိုခါးလေးလို့ ဆိုရမှာပါ ။ ကျွန်တော်တို့ ကစားပုံ ကောင်းတယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် တိုးတက်စရာတွေ ရှိနေ ပါသေးတယ် ။

လမ်းကြောင်းမှန် ပေါ်ကို ရောက်နေပြီလို့ ခံစားမိ ပါတယ် ။

ဒါပေမယ့် အရင်လို ပြန်ဖြစ်ဖို့ ဆိုတာကတော့ အချိန်ပေး ရမှာပါ”

“တမှတ်ပဲ ရခဲ့တာ က ခံရခက် ပါတယ် ၊ ကျွန်တော် က အနိုင်ရတာ ကိုပဲ နှစ်သက်သူမို့ပါ ။ အသင်း အနိုင် မရတဲ့ နေ့တွေဆိုရင် အိပ်ပျော်ဖို့တောင် ခက်ခဲ ပါတယ် ။

ဒီပွဲကို နိုင်သင့်တယ်လို့ ကျွန်တော် ခံစားမိလို့ပါ ။

ဆီဗီးလား က အတွေ့အကြုံရင့်ပြီး နည်းစနစ် ပိုင်းလည်း အားကောင်းပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ က ပိုကောင်းအောင် ကစားနိုင်ခဲ့တာပါ ။ ဒါကြောင့် ရလဒ် အပေါ် မကျေနပ် နိုင်ပါဘူး”

“ပွဲထဲမှာ တကယ် စိတ်ကျေနပ်ဖို့ ကောင်းတဲ့ အခိုက်အတန့် အချို့ ရှိခဲ့ ပါတယ် ။

အသင်းရဲ့ စုစည်းမှုကလည်း ကျေနပ် စရာပါ ။ ဒါပေမယ့် ရလဒ် က အားလုံးရဲ့ အနှစ်ချုပ် ပါပဲ ။

ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ် နေပါသေးတယ်” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား ဟာ ပွဲအစ ၃၂ မိနစ်မှာ ပါပူ ဂိုမက် ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဘာစီလိုနာ ဘက်က ရော်နယ် အာရူဟို က ၄၅ မိနစ် မှာ ဒမ်ဘီလီ ရဲ့ ပေးပို့မှု ကို အဆုံးသတ်ပြီး ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ ပါတယ် ။

ဆီဗီးလား ရဲ့ အဓိက ခံစစ်မှူး ဂျူးလ် ကွန်ဒီ ဟာ ဂျော်ဒီ အယ်လ်ဘာ ကို ဘောလုံး နဲ့ ပစ်ပေါက် ခဲ့မှု အတွက် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ ဟာ တယောက် အသာ ရမှု ကို အခွင့်ကောင်း မယူနိုင်ဘဲ သရေ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ရ ပါတယ် ။

 

SPORTS MYANMAR