ဆာအဲလက်စ် အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ယူနိုက်တက် ရဲ့ ဘန်လေ နဲ့ နိုင်ပွဲက စိတ်ဝင်စားစရာ အချက်များ

မန်ချက်စတာ ယူနိုက်တက် ကတော့ ၂၀၂၁ ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်မှာ အနိုင် ရလဒ်ကို ပြန်ရှာတွေ့ သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မနေ့ညက အိမ်ကွင်းမှာ ဘန်လေ ကို ဧည့်ခံ ကစားခဲ့ပြီး ၃-၁ ရလဒ် နဲ့ အနိုင် ကစားခဲ့သလို ကျေနပ် စရာ ကောင်းလောက်တဲ့ ကစားပုံ ကိုလည်း ပြသ သွားခဲ့ ပါတယ် ။

လီဗာပူး ၊ မန်စီးတီး တို့လို ကစားပုံမျိုး မဟုတ်သေး ပေမယ့် နောဝှစ်ချ် ၊ နယူးကာဆယ် တို့နဲ့ ပွဲတွေကထက် သိသိသာသာ ပိုကောင်းလာခဲ့တာပါ ။

ယူနိုက်တက် ပရိသတ်တွေ ကျေနပ်လောက်မယ်လို့ ယူဆရ တာပါပဲ ။

ဒီနိုင်ပွဲ ဟာ ဒီကနေ့ ဒီဇင်ဘာ ၃၁ မှာ ကျရောက်မယ့် ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ရဲ့ ၈၀ နှစ်ပြည့် မွေးနေ့ အတွက် အကြိုလက်ဆောင် လို့လည်း ဆိုနိုင်ခဲ့ ပါတယ် ။

ဆာအဲလက်စ် ဟာ နည်းပြ အဖြစ်ကနေ အနားယူ သွားခဲ့ပေမယ့် ခုချိန်အထိ ယူနိုက်တက် ရဲ့ ပွဲတွေကို လာရောက် အားပေး နေသလို ပရိသတ်တွေ ကလည်း မနေ့က ဆာအဲလက်စ် အတွက် မွေးနေ့ ဆုတောင်း စာတမ်းကြီးကို ပြသ ဂုဏ်ပြု သွားခဲ့ပါတယ် ။

ဒီပွဲကနေ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ကတော့ –

၁ ။ ဖာနန်ဒက်စ် မပါတာက ပိုများ ကောင်းနေမလား

ဘရူနို ဖာနန်ဒက်စ် ဟာ မနှစ်တုန်းက ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ဒီရာသီ မှာလည်း ဂိုးဖန်တီးမှု အချို့ ပြုလုပ် ထားပေမယ့် ပေါ်တူဂီသား ဟာ အကောင်းဆုံး အနေအထား မှာရှိမနေ ပါဘူး ။

အထူးသဖြင့် လက်ရွေးစင် စီနီယာ ဖြစ်သူ ရိုနယ်ဒို ရောက်လာ အပြီးမှာ ဖာနန်ဒက်စ် ဟာ ဘောလုံး ရလာတိုင်း ရိုနယ်ဒို ကို ဖန်တီးပေးဖို့ကိုသာ အာရုံစိုက် နေတာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရ ပါတယ် ။

မနေ့က ပွဲမှာတော့ ဒီရာသီမှာ အဝါ ၅ ကတ် ပြည့်သွားခဲ့တဲ့ ဖာနန်ဒက်စ် ( တပွဲပယ် ပြစ်ဒဏ်ကြောင့် ) မပါဝင် နိုင်ခဲ့ ပါဘူး ။

ဖာနန်ဒက်စ် မပါတဲ့ ကွင်းလယ် တိုက်စစ်ပိုင်း ကို အကောင်းဆုံး ဦးဆောင် သွားခဲ့တဲ့သူ ကတော့ တော်မီနေး ပါပဲ ။

နည်းပြ ရန်းနစ် ဟာ တော်မီနေး နဲ့ မာတစ် တို့ကို ကွင်းလယ်မှာ ပွဲထုတ် ခဲ့ပြီး မာတစ် ကို အထိုင် ၊ တော်မီနေး ကို Box-to-box ပုံစံမျိုးနဲ့ ကစား စေခဲ့ ပါတယ် ။

တော်မီနေး ဟာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို သွင်းပေးခဲ့သလို ရိုနယ်ဒို ရဲ့ သွင်းဂိုးဟာလည်း တော်မီနေး ရဲ့ ကန်ချက် ဂိုးဘားထိပြီး ပြန်ထွက်လာတာ ကနေ ရရှိခဲ့တာပါ ။ အဲ့ဒိ မတိုင်ခင် တုန်းကလည်း ရိုနယ်ဒို ကို တော်မီနေး တကြိမ် ဖန်တီးပေးခဲ့ ပါသေးတယ် ။

စကော့တလန် ကွင်းလယ်လူ ဟာ မနေ့ညက ဘန်လေ ကွင်းလယ်လူတွေ ကို အသာစီးရယူ နိုင်ခဲ့ပြီး မာကြောမှု ၊ နိုင်လိုစိတ် ပြင်းပြမှု နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် Man of the Match လည်း ဖြစ်ခဲ့ပါတယ် ။

ဖာနန်ဒက်စ် ဟာ တော်မီနေး ထက် ဘောလုံးအရည်အသွေးပိုင်းမှာ ပိုမို ကောင်းမွန်သူ ဖြစ်တာကို ငြင်းလို့ မရပါဘူး ၊ ဒါပေမယ့်် တော်မီနေး ကလည်း သူဟာ ယူနိုက်တက် ဂျာစီနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်တယ်ဆိုတာကိုရော တိုက်စစ်ပိုင်းကိုပါ လိုက်ပါ ကစားနိုင်သူ ဖြစ်တယ် ဆိုတာကို မနေ့ညက အခွင့်အရေး ရခိုက်မှာ ပြသ သွားခဲ့ ပါတယ် ။

၂ ။ ရိုနယ်ဒို အတွက် အကောင်းဆုံးတွဲဖက်

ကာဗာနီ ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် ရှေ့တန်းလူတွေ ထဲမှာ ရိုနယ်ဒို နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်မယ့်သူ ဖြစ်တယ်ဆိုတာကို ရှေ့ပွဲတွေမှာ ကတည်းက ပြောခဲ့ပြီးပါပြီ ။

အခုဒီတခါမှာလည်း ကာဗာနီ ဟာ ရိုနယ်ဒို နဲ့ အတွဲညီညီ ၊ အတက်အဆင်း ညီညီ ကစားနိုင်ခဲ့ ပြန်ပါတယ် ။

ရိုနယ်ဒို ဆီက ဘောလုံး ဘယ်လို လာနိုင်တယ် ဆိုတာ ၊ ရိုနယ်ဒို ဘယ်လို သွားမယ် ၊ ဘာလုပ်မယ် ဆိုတာကို ကာဗာနီ ကောင်းကောင်း မှန်းဆပြီး ရွေ့လျား ကစားသွားခဲ့ ပါတယ် ။

၂ ယောက်စလုံးက သက်ကြီး ကစားသမားတွေ ဖြစ်နေတာ ကတော့ အသင်းကြီးချင်း ကစားရမယ့် ပွဲမျိုးတွေ အတွက် မကောင်းတဲ့ အရာပါပဲ ။

၃ ။ တောင်ပံ အသားပေး ၄-၂-၂-၂

နောဝှစ်ချ် ၊ နယူးကာဆယ် တို့နဲ့ ပွဲတွေ တုန်းက သုံးခဲ့တဲ့ ၄-၂-၂-၂ ကိုပဲ ရန်းနစ် ပြန်သုံးခဲ့ ပါတယ် ။

ဒါပေမယ့် ဒီတပွဲ မှာတော့ အလယ်ကနေ ထိုးဖောက်တာထက် တောင်ပံတွေ ဘက်ကို ပိုထွက်ပြီး ဖြတ်တင်တာ ၊ ဂရင်းဝုဒ် နဲ့ ဆန်ချို တို့ကို Inverted-Winger ပုံစံမျိုးတွေ ထားပြီး အထဲ ချိုးဝင် ကန်သွင်း စေတာတွေကို ပြောင်းလဲ ခဲ့ ပါတယ် ။

အကျိုးဆက် ကတော့ ယူနိုက်တက် တို့ ကစားပုံ ပိုကောင်းလာခဲ့တာပါပဲ ။

လက်ရှိ အသင်းသားတွေဟာ ပရီးမီးယားလိဂ် ဆန်တဲ့ တောင်ပံ အသားပြု ကစားပုံနဲ့ နှစ်ပေါင်းများစွာ ရင်းနှီး လာတဲ့သူတွေပါ ။ ဒါကြောင့် အလယ်ကနေ ထိုးဖောက်တဲ့ ပုံစံမျိုးနဲ့ အဆင်မပြေ ဖြစ်ခဲ့ရာကနေ မနေ့ ညကပွဲ မှာတော့ တောင်ပံတွေ ကို ပြန်အားပြု ကစားခွင့် ရပြီး ဆန်ချို ရော ဂရင်းဝုဒ် ပါ အရင်ပွဲတွေက ထက် ပိုကောင်းအောင် ကစားပြ နိုင်ခဲ့ ပါတယ် ။

နောက်ပွဲတွေ မှာလည်း ဒီလိုမျိုး တောင်ပံ အားပြုပြီး ဆက် ကစားမလား ၊ ဘယ်လို နည်းစနစ်တွေကို စမ်းသပ် အသုံးပြု ဦးမလဲ ဆိုတာ စောင့်ကြည့် ရဦးမှာပါ ။

၄ ။ လုခ်ရှော – ဘစ်ဆာကာ လား ၊ ဒါးလော့ – တဲလက်စ် လား

တဲလက်စ် နဲ့ ဒါးလော့ တို့ကို ၂ ပွဲဆက် သုံးအပြီးမှာတော့ ရန်းနစ် ဟာ လုခ်ရှော နဲ့ ဘစ်ဆာကာ တို့ကို မနေ့ညက အခွင့်အရေး ပေးခဲ့ ပါတယ် ။

ရှော ကတော့ ပွဲချိန် တလျောက်လုံး တိုက်စစ် လိုက်ပါမှု အားကောင်းခဲ့သလို ပွဲအစ ၅ မိနစ်ကတည်းက ရိုနယ်ဒို ကို အပိုင်အခွင့်အရေး တကြိမ် ဖန်တီးပေးခဲ့ပါတယ် ။

သူ့ရဲ့ နေရာအတွက် တဲလက်စ် ကို လွယ်လွယ် အခွင့်အရေးပေးမယ့် အနေအထားမျိုး မရှိဘူးလို့ ဆိုရမှာပါ ။

ဘစ်ဆာကာ ကတော့ အရင်အတိုင်းပါပဲ ၊ တိုက်စစ်ကို ပိုလိုက် ကစားရပေမယ့် အင်္ဂလန်သား ရဲ့ ဖြတ်တင်ဘောတွေ က သိပ်ပြီး အားရစရာ မကောင်းခဲ့ ပါဘူး ။ ညာနောက်ခံလူ နေရာအတွက် ဆိုရင်တော့ ဒါးလော့ က ပိုပြီး အဆင်ပြေမယ့် ပုံမျိုးပါပဲ ။

၅ ။ နိုင်လိုစိတ်ပြင်းတာလား ၊ အတ္တကြီးတာလား . . . ရိုနယ်ဒို

နိုင်ပွဲ ရပြီး ကစားပုံ ကောင်းခဲ့ပေမယ့် ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ဘဝင် မကျမှုတွေကတော့ ဆက်ပြီး ရှိနေခဲ့ ပါတယ် ။

အထူးသဖြင့် သူ့ရဲ့ ကိုယ်ဟန် အမူအရာတွေပါ ။

ရိုနယ်ဒို ဟာ ဂိုးအရမ်း သွင်းချင်တဲ့ ကစားသမားတယောက် ဆိုတာ အားလုံးသိပါတယ် ။

အရှုံးကိုမုန်းသူ ၊ အောင်ပွဲတွေ ဆာလောင်သူ တယောက် အဖြစ်လည်း သိထား ကြပြီးသားပါ ။

ဒါပေမယ့် မနေ့ညက ပွဲက အမူအရာတွေ ကတော့ နိုင်လိုစိတ် ပြင်းတယ်ဆိုတာထက် ပိုနေခဲ့တယ်လို့ ခံစား မိခဲ့ပြန် ပါတယ် ။

ပွဲအစ ၅ မိနစ်က အပိုင်အခွင့်အရေးကို လွဲရာကနေ စခဲ့တာပါပဲ ။

အဲ့ဒိ နောက်ပိုင်းမှာ ရိုနယ်ဒို ဟာ ဂိုးအရမ်း ရလိုစိတ်တွေ များခဲ့ပါတယ် ၊ ဒါပေမယ့် သူက အရင်လို သန်မာ ဖျတ်လတ်တဲ့ ကစားသမား တယောက် မဟုတ်တော့ပါဘူး ။

တော်မီနေး ခင်းပေးလိုက်တဲ့ အလုံးကို အကောင်းဆုံး အသုံးမချ နိုင်ခဲ့ပြန်ပါဘူး ၊ ဒေါသထွက် ပေါက်ကွဲပြီးတော့ပဲ ပြီးသွားခဲ့ ပါတယ် ။

နောက်တော့ ဂိုးရလိုက်ပါတယ် ၊ ဂိုးဘားထိ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်သူမှ မရှိတဲ့ ဂိုးပေါက်ထဲ ပြေးဝင် ပိတ်သွင်းခဲ့တာပါ ။ ဘာပဲ ဖြစ်ဖြစ် ဂိုးတာက ဂိုးတာပါပဲ ။

ဒါပေမယ့် ဒုတိယပိုင်း ၊ ၃-၁ နဲ့ နိုင်နေတဲ့ အနေအထားမှာတောင် ရိုနယ်ဒို က ကွင်းထဲမှာ ပေါက်ကွဲ နေခဲ့တာက တကယ်ကို ထူးဆန်းပါတယ် ။

ပွဲပြီးခါနီး ၁၅ မိနစ် လောက်မှာဆိုရင် လေထဲကို လက်သီးတွေ ထိုးပြီး အကြီးအကျယ် ပေါက်ကွဲ နေတာကြောင့် သူ့ကို လူစားလဲလိုက်လို့များ ဒေါသထွက်နေတာလားလို့တောင် ထင်ခဲ့ရတာပါ ။

ဒါပေမယ့် မဟုတ်ပါဘူး ။

တခါတလေ တော့လည်း ရိုနယ်ဒို ရဲ့ နိုင်လိုစိတ် ပြင်းပြမှု ဆိုတာဟာ သူ့ရဲ့ အတ္တတွေကို ဖုံးကွယ်ပေးထားတဲ့ အရာတခုလားလို့တောင် ထင်မိစေခဲ့ ပါတယ် ။

 

SPORTS MYANMAR