ဆာအူးလ် ကို မက်ဒရစ် ပြန်ပို့သင့်ပြီလား ? ချဲလ်ဆီး ၁ – ၁ အဲဗာတန် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့ မနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇မှာ ချဲလ်ဆီး အသင်း ဟာ နည်းပြ ထိုင်ခုံ မငြိမ်မသက် ဖြစ်နေတဲ့ ရာဖာ ဘင်နီတက်ဇ်ရဲ့ အဲဗာတန် အသင်းကို မေဆင်မောင့်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ အာရုံစိုက်မှု လျော့နည်းခဲ့တဲ့ ဆာအူးလ်ကြောင့် ၄မိနစ် အကြာမှာ ချေပဂိုး ပြန်ပေးခဲ့ရကာ ၊ သရေ တမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

အဲဗာတန် ဆယ်ကျော်သက် နောက်ခံလူ ဘရန်းဝိတ်ရဲ့ ချေပဂိုးကို ကာကွယ်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပေမယ့် ၊ မန်ဒီ ဟာ ကျန်တဲ့ အဲဗာတန်ဖက်မှ ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းငယ် ကိုတော့ သက်တောင့်သက်သာ ကာကွယ်ပေးနိုင်ခဲ့ပါတယ် ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 6 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 8 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

ဘောလုံး ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်း အထိ ရှိခဲ့တာမို့ ၊ ဒီပွဲမှာ ချဲလ်ဆီး ခံစစ် က သိပ်ပြီး အလုပ်မရှုပ်ခဲ့ပေမယ့် ၊ အဲဗာတန်ရဲ့ တချက် တချက် တန်ပြန်တိုက်စစ်ဆင်မှုကို ဟန့်တားခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ် ။ ဒီနေရာမှာ ညာခြမ်း အက်ဇ်ပီလီကွီတာဖက်က ပေါက်တာ များခဲ့ပါတယ် ။

အထူးသဖြင့် အဲဗာတန် လူငယ် တောင်ပံ ကစားသမား အန်သိုနီ ဂေါ်ဒွန် ကို အက်ဇ်ပီလီကွီတာ ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး ။ သီယာဂို ဆေးလ်ဗား ကတော့ အဲဗာတန်ရဲ့ ပွဲထွက် လူငယ် တိုက်စစ်မှူးနဲ့ လူစားဝင် လူငယ် တိုက်စစ်မှူးတို့ကို အမှားအယွင်း မရှိ ထိန်းသိမ်းနိုင်ခဲ့ကာ ၊ ၁ – ၁ ဖြစ်နေတဲ့အချိန် ၊ ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ် ။

ဗနာက်ပွဲတွေမှာ ၂ယောက်စာ အလုပ်လုပ်ပေးနေရတဲ့ ရူဒီဂါ ဟာ မနေ့ကပွဲမှာလည်း ဘယ်ခြမ်း ခံစစ် အတွက် အပြည့်အဝ ရုန်းကန် ကြိုးစားပေးသွားခဲ့ပါတယ် ။ ဒါ့အပြင် အဖွင့်ဂိုး မရခင် ၊ ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောမှတဆင့် အပိုင် ခေါင်းတိုက်ခွင့် တကြိမ် ရခဲ့ပေမယ့် ၊ တိုက်ချက် တိကျမှု မရှိခဲ့ပါဘူး ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ၊ ဂျော်ဂျင်ဟို ( Rating – 7 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မားကို့စ် အလွန်ဆို ( Rating – 6 )

အထောင် တိုက်စစ်မှူးတွေ မပါဝင်ခဲ့ပေမယ် ၊ ညာတောင်ပံကနေ ရိစ်ဂျိမ်းစ် ဟာ ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေ ဆက်လက် ပံ့ပိုးပေးခဲ့ပြီး ၊ တကိုယ်တော် တိုးအားတွေနဲ့ အဲဗာတန် ခံစစ်ကို အလုပ်ရှုပ်စေခဲ့သလို ၊ မောင့်ရဲ့ အဖွင့်ဂိုး အတွက်လည်း အနီးကပ် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

ဘောလုံး ပိုင်ဆိုင်မှု ပြတ်ပြတ်သားသား အသာစီး ရခဲ့တဲ့ ပွဲမှာ ဂျော်ဂျင်ဟို ဟာ ဘောလုံး ထိချက် အများဆုံး ၊ ပေးပို့မှု အများဆုံး ဖြစ်ခဲ့ပေမယ့် ၊ တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာမှာ အားနည်းချက် တချို့ ရှိခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းနဲ့ လော့ဖ်တပ်စ်ချိခ် အကြားမှာလည်း နားလည်မှု မရှိနေတဲ့ပုံလည်း ပေါ်ခဲ့ပါတယ် ။

ကန်တေ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် ၊ ၉၉ပွဲမြောက် စီနီယာ ပွဲကစားခွင့် ကို ရခဲ့တဲ့ လော့ဖ်တပ်စ်ချိခ်ရဲ့ ခြေစွမ်းက သာမန် အဆင့်သာ ရှိခဲ့ပြီး ၊ တဦးချင်း ထိုးဖောက်မှုအားလည်း အတော်ကို နည်းခဲ့ပါတယ် ။ ထုံးစံအတိုင်း တိုက်စစ် အတွက် ပံ့ပိုးမှုတွေမှာ လိုအပ်ချက် အရမ်း များခဲ့ပါတယ် ။

ဘယ် wing-back နေရာမှာ ကစားမယ့်သူ မရှိလို့ ပွဲထွက်ခွင့် ရခဲ့ပြန်တဲ့ မားကို့စ် အလွန်ဆို ဟာ လိဒ်စ်နဲ့ ပွဲကလို ပေါ့ဆမှုမျိုး မရှိခဲ့ပေမယ့် ၊ လေးလံ ထိုင်းမှိုင်းတဲ့ ကစားပုံနဲ့ ထိရောက်မှု မရှိတဲ့ ဖြတ်တင်ဘော အများစုသာ လုပ်ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းနဲ့ ရူဒီဂါ ၊ ဇီယက်ခ်ျတို့ အကြားမှာ နားလည်မှု လုံးဝနီးပါး မရှိတာကိုလည်း တွေ့ခဲ့ရပါတယ် ။

တိုက်စစ် – မေဆင်မောင့် ( Rating – 8 ) ၊ ခရစ်တီယန် ပူလီဆစ် ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 6 )

ဒီဇင်ဘာအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ခြေစွမ်းပြထားတဲ့ မောင့် ဟာ လက်ရှိ ချဲလ်ဆီး အသင်းမှာ အပေါင်း လက္ခဏာ ဆောင်နေတဲ့ အနည်းငယ်သော အကြောင်းအရာတွေ အနက် တခု ဖြစ်ပါတယ် ။ အထောင် တိုက်စစ်မှူး မရှိတဲ့ အချိန် လိုအပ်တဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။

မောင့် ဟာ ပထမပိုင်း အတွင်းမှာလည်း ရူဒီဂါနဲ့ one-two ရိုက်ရင်းကနေ အပိုင် ပိတ်သွင်းမှု တကြိမ် ၊ ပင်နယ်တီ ဧရိယာ ပြင်ပမှ ခြိမ်းခြောက်မှု တကြိမ် လုပ်ပြခဲ့ပေမယ့် ၊ ဂျော်ဒန် ပစ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ် ။

ဇီယက်ခ်ျ ကတော့ ပွဲအစပိုင်းမှာ အထူး ခြေစွမ်းပြနိုင်ခဲ့ကာ ၊ ပူလီဆစ် အတွက် အခွင့်အရေး တကြိမ် ဖန်တီးနိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှ ဘာမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့လို့ ၊ လူစားလဲခံခဲ့ရပါတယ် ။ အလားတူ ပူလီဆစ် ဟာလည်း အထောင် တိုက်စစ် နေရာမှာ အဲဗာတန် ခံစစ်ရဲ့ အကြိမ်ကြိမ် ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ၊ ဒုတိယပိုင်းမှာ ဘယ် wing-back နေရာ ပြောင်းကစားခဲ့ပေမယ့်လည်း ၊ ခြေမပေါ်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ – ရောစ်ဘာကလေ ၊ ဆာအူးလ် နီဂွက်ဇ် ( Rating – 5 ) ၊ ထရက်ဗာ ချာလိုဘာ ( N/A )

အဝေးကွင်း ပရိသတ်ရဲ့ Boo လုပ်ခြင်းခံခဲ့ရတဲ့ ဘာကလေ ဟာ ၁ – ၁ ဖြစ်နေတဲ့အချိန် ထောင့်ကန်ဘောမှ တဆင့် သီယာဂို ဆေးလ်ဗား အတွက် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့တဲ့ အခိုက်အတန့်ကလွဲရင် ၊ အသင်းရဲ့ ကစားပုံ ကို ထူးထူးခြားခြား တိုးတက်မှု မဖြစ်စေခဲ့ပါဘူး ။

ထိုနည်းတူ ဆာအူးလ် ဟာလည်း လူပို တယောက်လို ဖြစ်ခဲ့သလို ၊ အထောင် တိုက်စစ် နေရာမှာ ကစားခဲ့တယ် ဆိုပေမယ့် ၊ ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး ။ ဒါ့အပြင် အဖွင့်ဂိုး ရအပြီး ၊ ၄မိနစ် အကြာ အဲဗာတန်ရဲ့ ဖရီးကစ်မှ ဖြတ်တင်ဘောမှာ ဘရန်းဝိတ်ကို marking မကပ်နိုင်ခဲ့ပါဘူး ။

SPORTS MYANMAR