ဆာလာ ကို “တကိုယ်ကောင်း သမား” လို့ ခေါင်းစဉ် တပ်ခဲ့တဲ့သူတွေ ကို တုန့်ပြန်လိုက်တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ တုန်းကတော့ မို ဆာလာ ကို တကိုယ်ကောင်း ဆန်လွန်းတဲ့ ဘောလုံးသမား ဆိုပြီး ပရိသတ် တစ်ချို့ကလဲ စွပ်စွဲခဲ့ကြသလို ၊ Sky Sports ရဲ့ အစီအစဉ် တင်ဆက်သူ ဂယ်ရီ နဗီးလ် ကလဲ သုံးနှုန်း ပြောဆိုခဲ့ဖူးပါတယ်။

အထူးသဖြင့် ဂိုးရှေ့ရောက်ရင် သွင်းဂိုး ရလိုဇောနဲ့ ကစားဖော်တွေကို ထိုးပေးလေ့ မရှိပဲ ၊ သူကိုယ်တိုင်ပဲ ကန်သွင်းချင်စိတ်များနေတဲ့ အချက်ကို ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။

“ သူ့ရဲ့ အားသာချက်တွေထဲမှာ လောဘကြီးလွန်းတာလဲ အချက်တစ်ခုလို့ပဲလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဂိုးသွင်းဖို့ မြင်ကွင်း ပိုကောင်းတဲ့ ကစားဖော်တွေဆီ ဘောလုံး ထိုးပေးသင့်တာပါ။

အဲဒီနေရာမှာ ဆာလာ သာ မဟုတ်ခဲ့ရင် ဂျော်တာ က သွင်းဂိုး ရမှာ ဖြစ်ပါတယ်။ ထိပ်တန်း ကစားသမား တစ်ယောက်အနေနဲ့ ဒီလောက်အထိ တကိုယ်ကောင်းဆန် လို့ မရပါဘူး” လို့ ဝေဖန်ခဲ့ဖူးပါတယ်။

သို့သော် ဒီနှစ် ဘောလုံးရာသီမှာတေ့ာ အဲဒီလို ဝေဖန်မှုမျိုးတွေဟာ မကြားရသလောက်ကို တော်တော်လေး တိတ်ဆိတ်သွားခဲ့ပါပြီ။ ဆာလာ ကိုယ်တိုင်လဲ ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုး အများဆုံး ကစားသမား နေရာမှာ ရပ်တည်နေတဲ့ အပြင် ၊ ဂိုးဖန်တီး အများဆုံးလဲ ဖြစ်နေပါတယ်။

ဒါကြောင့် သူဟာ တကိုယ်ကောင်း ဆန်တဲ့ ဘောလုံးသမား မဟုတ်ကြောင်း အချက်အလက်တွေ နှင့်တကွ သက်သေပြထားတဲ့ အပြင် ၊ ကလော့ပ် ကိုယ်တိုင်လဲ သူ့ ကစားသမား အပေါ် အထင်လွဲနေသူတွေကို အခုလို ပြန်လည် ဖြေရှင်း သွားခဲ့ ပါတယ်။

“ ကျနော်တို့ အကြားမှာတော့ ဆာလာ ဟာ တကိုယ်ကောင်း ဆန်လွန်းလို့ သီးသန့် စကားပြောခဲ့တယ် ဆိုတာမျိုးတွေ မရှိသလို ၊ ဒီလို လုပ်ဖို့လဲ လိုအပ်တယ်လို့ မထင်ပါဘူး။

အခု သူ့ရဲ့ ဂိုးဖန်တီးမှု စွမ်းဆောင်ရည်တွေ တိုးတက်လာတာက သူ့ အလိုလို ဖြစ်လာတာပါ။ ကျနော် တို့ကတော့ သူ့ကို တကိုယ်ကောင်း ဆန်လွန်းတယ်လို့ ပြောပြီး ဝေဖန်ခဲ့တာမျိုး မလုပ်ခဲ့သလို ၊ ကိုယ့်အမြင်မှာလဲ တစ်ကိုယ်ကောင်း ဆန်တယ်လို့ မထင်ပါဘူး။

တိုက်စစ် ကစားသမားတိုင်းဟာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးမျိုး ပေါ်လာရင် သွင်းဂိုး ရဖို့ ကြိုးစားကြမှာ ချည်းပါပဲ။ ဒါကို အခန်းထဲက ဆိုဖာခုံပေါ် ထိုင်ရင်း “ဟိုတစ်ယောက် ကို ထိုးပေးလိုက်ရမှာ….” ဆိုပြီး ပြောရတာ လွယ်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကိုယ်တိုင် ဝင်ကစားကြည့်မှ အဲဒီ အနေအထားမျိုးရောက်လို့ ရှိရင် ဘောလုံး ပေးဖို့ မလွယ်ဘူး ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။

ဒီလို အခြေအနေတွေ ကြုံရဖန် များလာတော့ ဘာတွေ ဆက်ပြီး လုပ်သင့်တယ် ဆိုတာ သဘောပေါက်လာတာပေ့ါ။ အတွေ့အကြုံတွေက သင်ခန်းစာကောင်းတွေ ပေးတော့ ၊ ဆုံးဖြတ်ချက်ကိုလဲ မှန်မှန်ကန်ကန် ခွဲခြား သုံးသပ်လာနိုင်တယ်လေ” လို့ တုန့်ပြန် သွားခဲ့ ပါတယ်။

မို ဆာလာ ဟာ ဒီရာသီ ပရီးမီးယားလိဂ် 14 ပွဲ ကစားပြီးချိန်မှာတော့ စုစုပေါင်း 13 ဂိုး သွင်းယူကာ ၊ ဂိုးဖန်တီးမှု 8 ကြိမ် အထိ လုပ်ဆောင်ပြထားပါတယ်။ သူ့ရဲ့ သွင်းဂိုး အရေအတွက် ဟာ စပါး ၊ ဘရိုတ်တန် ၊ လိဒ် ၊ ဆောက်သမ်တန် အသင်းတွေ ရဲ့ တစ်သင်းလုံး သွင်းဂိုး နဲ့ တူညီလျှက် ရှိနေသလို ၊ ဒီညမှာ ရင်ဆိုင် ကစားမယ့် ဝုဖ် ၊ တန်းဆင်းဇုံထဲက နော့ဝှစ်ချ် အသင်းတွေထက်တောင် ပိုပြီး များလျှက် ရှိနေပါတယ်။

ပြိုင်ပွဲ ပေါင်းစုံ စွမ်းဆောင်ရည်နဲ့ ကြည့်လိုက်မယ် ဆိုရင် စုစုပေါင်း 19 ပွဲ ကစားကာ သွင်းဂိုး က 19 ဂိုး အထိ ရှိနေပြီး ၊ ဒီရာသီ ကစားခဲ့တဲ့ ပွဲတွေထဲက သွင်းဂိုး (သို့) ဂိုးဖန်တီးမှု လုပ်ပြနိုင်ခြင်း မရှိခဲ့တဲ့ ပွဲဆိုလို့ 2 ပွဲသာ ရှိထားတာ ဖြစ်ပါတယ်။
SPORTS MYANMAR