ဆာလားကို ရောင်းချကာ အဆိုပါငွေနဲ့ ဥရောပကြယ်ပွင့်တစ်ဦးကို ၀ယ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ဂိုးလ်စတိန်း

TalkSPORT ရဲ့ Host ဖြစ်သူ အန်ဒီဂိုးလ်စတိန်းက လီဗာပူး အနေနဲ့ မိုဟာမက်ဆာလားကို ရောင်းချကာ အဆိုပါ ရောင်းရငွေနဲ့ ဒေါ့မွန် တိုက်စစ်မှုး အာလင်ဟာလန်းကို ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ ဟာလန်းဟာ လာမည့် နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီး ပေါင် ၆၄ သန်း ဆိုတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ နောက်ထပ် ၁၀ စုနှစ် တစ်ခုကျော်လောက် ကောင်းကောင်း သုံးလို့ ရမယ့် ကစားသမား တစ်ဦး အတွက် တကယ့် အချိုအချောင်စျေး ဖြစ်ပါတယ်။

ဒေ့ါမွန်ကို ရောက်လာခဲ့ပြီးနောက် ကမ္ဘာ့အဆင့် တိုက်စစ်မှုး အဖြစ် ထွန်းတောက်လာခဲ့တဲ့ ဟာလန်းကို ရာသီကုန်ချိန်မှာ ဥရောပ ထိပ်တန်းကလပ်တွေ အားလုံးက ခေါ်ယူဖို့အတွက် အပြိုင် ကြိုးစားကြမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီက ဆဲဘတ်မှ ဒေါ့မွန်ကို ရောက်လာခဲ့ပြီးနောက် ဟာလန်းဟာ ဘွန်ဒက်လီဂါကလပ်အတွက် ပြိုင်ပွဲစုံ ၇၅ ပွဲမှာ ၇၆ ဂိုးထိ သွင်းယူပေးထားခဲ့ပါတယ်။

ဆာလားကလည်း ဒီရာသီမှာ သူ့ကစားသမား ဘ၀ရဲ့ အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေပြီး လီဗာပူးအတွက် ၂၄ ပွဲမှာ ၂၂ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာလားဟာ လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ရန် ကြန့်ကြာလျက် ရှိနေပြီး လာမည့် နွေရာသီမှာ စာချုပ်သက်တမ်း ၁ နှစ်ထဲကို ၀င်လာတော့မှာ ဖြစ်ပါတယ်။ TalkSPORT ရဲ့ ဂိုးလ်စတိန်းကတော့ လီဗာပူး အနေနဲ့ ဟာလန်းကို ခေါ်ယူနိုင်ရန် ဆာလားကို ရောင်းချသွားဖို့ စဉ်းစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

၎င်းက “မိုဟာမက်ဆာလားဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်ဘူးဆိုရင်တောင် ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်နေတာတော့ သေချာနေပါတယ်။ ဒါနဲ့ပက်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ဟာလန်းဟာ အခုမှ အသက် ၂၁ နှစ်သာ ရှိသေးပြီး ဆာလားကတော့ ၂၉ နှစ် ရှိနေပါပြီ။ မက်ဆီ နဲ့ ရော်နယ်ဒို တို့ကလွဲပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာခဲ့တဲ့ အခါ ဒီစွမ်းဆောင်ရည်ကို ကာလရှည် ထိန်းထားနိုင်တဲ့ ကစားသမားက အတော်လေး ရှားပါးပါတယ်။ လူကာမိုဒရစ် လိုမျိုးပေါ့။

ကျွန်တော်ကတော့ ဆာလားဟာ လက်ရှိ သူ စွမ်းဆောင်ပြ နေတဲ့ ကိန်းဂဏန်းတွေကို လာမည့် နှစ်တွေမှာ ဆက်လက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ သူဟာ အသက် ၃၀ ထဲကို ၀င်ရောက်လာတော့မှာ ဖြစ်တာကြောင့် ဒီလို လုပ်ပြနိုင်ဖို့ ဆိုတာ ပိုပြီး ခက်ခဲမှာပါ။ ဆာလားကို ရောင်းချပြီး ဟာလန်းကို ခေါ်ယူသင့်သလားလို့ မေးမယ်ဆိုရင် ဒါဟာ စဉ်းစားစရာတောင် မလိုဘူးလို့ ပြောရမှာပါ။

ဟာလန်းဟာ အခုမှ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဂိုးသွင်းကောင်းလှတဲ့ အထောင်တိုက်စစ်မှုးစစ်စစ် ဖြစ်ပြီး တကယ့်ကို machine တစ်ခုပါပဲ။ သူ့အတွက် ပေးရတဲ့ လစာက များမှာ ဖြစ်ပေမယ့်လည်း ဟာလန်းဟာ ကလပ်အတွက် ၁၃ နှစ် ၁၄ နှစ်လောက် ထိပ်တန်း အဆင့်မှာ ကစားပေးနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ဆာလား ကျတော့ နောက်ထပ် ၃ နှစ် ၄ နှစ် အများဆုံးပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM