ဆန်ချိုအစား ယူနိုက်တက်တို့ ဘယ်သူ့ကို ခေါ်ယူခဲ့သင့်လဲဆိုတာ ပြောလိုက်တဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အားနည်းချက် တစ်ခုလို ဖြစ်နေခဲ့တဲ့ ညာတောင်ပံ တိုက်စစ်နေရာကို အင်အား ဖြည့်တင်းဖို့အတွက် ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို လိုက်နေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ဒေါ့မွန် အသင်းဖက်မှ တောင်းဆိုနေခဲ့တဲ့ ငွေကြေးကို မပေးချေလိုခဲ့တဲ့ အတွက် ကြန့်ကြာခဲ့ရ ပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ အဆုံးသတ်မှာတော့ ယူနိုက်တက်တို့ဟာ ဒေါ့မွန် ကြယ်ပွင့်ကို ဒီနွေမှာ အသင်းဆီ ခေါ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

ဒါပေမဲ့ အင်္ဂလန်သားဟာ ယူနိုက်တက် အသင်းဆီ ရောက်ခဲ့တဲ့နောက် ပွဲထွက် ကစားခွင့်တွေ လုံလောက်စွာ ရရှိခဲ့ပေမဲ့ နည်းပြ ဆိုးလ်ရှား လက်အောက်မှာ ပုံစံကောင်း ပြနိုင်ဖို့ ၊ ဂိုးတွေ သွင်းယူ ၊ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

သူဟာ အသင်းကို ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ် ကိုင်တွယ်မှသာ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဆန်ချို အပေါ် မျှော်လင့်ချက် အများကြီး ထားရှိခဲ့ကြတဲ့ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေ အစပိုင်းမှာ စိတ်ပျက်ခဲ့ကြရပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေထဲက ကွင်းလယ်ခံစစ် နေရာကို အင်အား ဖြည့်တင်းဖို့ နာမည်ကြီး ကစားသမားတွေကို ပစ်မှတ်ထားနေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ မခေါ်ယူနိုင်ခဲ့ပါဘူး ။

ယူနိုက်တက်တို့ ပစ်မှတ် ထားနေခဲ့တဲ့ ကစားသမားတွေ အနက် ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ် လည်း ပါဝင်နေခဲ့ ပါတယ် ။ ယူနိုက်တက် အသင်းဟာ ဖရက်ဒ် ၊ တော်မီနေး ကွင်းလယ် အတွဲနဲ့ အလုပ် မဖြစ်ခဲ့တဲ့ အတွက် သူ့ကို ခေါ်ချင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ ကာလ်တန် ပလ်မား က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ တောင်ပံ တိုက်စစ် နေရာအတွက် ဆန်ချိုကို ခေါ်ယူရေးထက် ကွင်းလယ်အတွက် ရိုက်စ်ကို ခေါ်ခဲ့သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အကယ်လို့ ကျွန်တော်သာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့ရရင် ကျွန်တော် ဆန်ချိုကို မခေါ်ဘူးလို့တော့ မပြောလိုပါဘူး ။ ဒါပေမဲ့ ဒီကလန် ရိုက်စ် ဆိုတာကတော့ ကျွန်တော် ဦးစားပေးခေါ်ယူသွားမယ့် ကစား သမား ဖြစ်ခဲ့မှာ အသေအချာပါပဲ ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုကောင်းစေခဲ့မှာ အသေအချာပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်းက လိုအပ်နေတာ သူ့လိုမျိုး ကစားသမားပဲလေ ” လို့ ကာလ်တန် ပလ်မား က ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar