ဆန်ချိုရဲ့ ဒေါ့မွန်တုန်းကလို အရည်အသွေး ဘယ်တော့ မြင်တွေ့ရမလဲဆိုတာ ပြောပြလိုက်တဲ့ ပေါ်လစ္စတာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီ ပေါ်လစ္စတာ က မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဂိုးတွေ စတင် သွင်းယူပေးနေပြီ ဖြစ်တဲ့ တိုက်စစ် ကစားသမား ဆန်ချို အရင်လို ပုံစံကောင်းမျိုး ပြန်ပြနိုင်မလားဆိုတာ ပြောပြသွားခဲ့လိုက်ပါတယ် ။

ဂျာမနီမြေမှာ ဒေါ့မွန် အသင်းအတွက် 4 နှစ်အထိ ကစားပေးထားခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူဟာ ပြီးခဲ့တဲ့ နွေတုန်းကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသနေခဲ့တာ ကြာပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ် ။

ဆန်ချိုဟာ ဒေါ့မွန် အသင်းအတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 137 ပွဲမှာ ကိုယ်တိုင် ဂိုး 50 အထိ သွင်းယူနိုင်ခဲ့ကာ အသင်းဖော်တွေ အတွက် 64 ကြိမ် အထိ ဂိုးတွေကို ဖန်တီးပေးထားခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ ပုံစံကောင်း ပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။

သူဟာ ယူနိုက်တက်မှ ထွက်ခွာသွားတာ မကြာသေးတဲ့ နည်းပြဟောင်း ဆိုးလ်ရှား လက်အောက်မှာ ပွဲကစားချိန် မိနစ်တွေ ရရှိခဲ့ပေမဲ့ အသင်းရဲ့ သွင်းဂိုးတွေနဲ့ တိုက်ရိုက် ပတ်သက်ပြနိုင်ခြင်း ကင်းမဲ့ခဲ့ပါတယ် ။ ဒါပေမဲ့ နည်းပြသစ် ကာရစ် လက်အောက်မှာ နှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြသစ် အဖြစ် ရဲ့လ်ဖ် ရန်းဂနစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ သူ့ရဲ့ လက်အောက်မှာ ဆန်ချိုဟာ ဆက်လက် တောက်ပနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပါပြီ ။ ပေါ်လစ္စတာကတော့ ဆန်ချိုရဲ့ ဂျာမနီ တုန်းက စွမ်းဆောင်ရည်မျိုးကို စောင့်နေကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အခုလို စွမ်းဆောင်ရည်မျိုး မြင်တွေ့ရဖို့ စောင့်မျှော်နေခဲ့တာလို့ ထင်ပါတယ် ။ အခုလို မျှော်လင့်မှုတွေ ထားရှိခံရခြင်းနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ သွားရောက်ရတာ ဘယ်လို အဓိပ္ပါယ် ရှိသလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ် ။ အဲ့တာက ကစားသမားအပေါ် လွှမ်းမိုးမှု ကြီးမားနေမှာပါ ”

” လွန်ခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်ကို ကြည့်ရတာက ယုံကြည်မှုတွေ ပြန်ရောက်လာခဲ့သလို ပါပဲ ။ သွင်းဂိုးတွေက အကူအညီ ဖြစ်စေနိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ သူက အခုထိ လွယ်ကူတဲ့ ရွေးချယ်မှုတွေကို မလုပ်ဆောင်ပေးနိုင်သေးပါဘူး ။ လွယ်ကူ ရိုးရှင်းတာတွေကို လုပ်ပြဖို့ လိုနေပါသေးတယ် ”

” သူဟာ ပြိုင်ဖက် ခံစစ်ကို မောင်းနှင်ပေးနိုင်ခဲ့ပါတယ် ။ ဒေါ့မွန် အသင်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့တာ ဒါမျိုး စွမ်းဆောင်ရည်တွေပါ ။ သူက ဖန်တီးနိုင်မှု စွမ်းရည် တကယ့်ကို မြင့်မားလှသူ တစ်ဦးပါ ။ သူဟာ ဂိုးတွေကိုလည်း သွင်းယူပေးနိုင်ပါတယ် ”

 

” ဒါပေမဲ့ အိုးလ်ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ လိုက်လျောညီထွေစွာ ကစားပြနိုင်ဖို့ အတွက် အချိန်တော့ ပေးရပါလိမ့်ဦးမယ် ။ ဒါက ဒေါ့မွန်နဲ့ ခြားနားလွန်းတဲ့ အသင်း တစ်သင်းပဲ ဖြစ်ပါတယ် ။ ဒီမှာက ပရိသတ်တွေ ခင်ဗျားဆီကနေ မျှော်လင့်နေတဲ့ အရာတွေ အများကြီး ရှိတယ်လေ ”

” သူက အသက်ငယ်သေးတဲ့ ကောင်လေး တစ်ယောက်ပါ ။ အခုတော့ သူဟာ လမ်းကြောင်းအပေါ် စတင် တက်လှမ်းနေပြီလို့ ကျွန်တော် ထင်ပါတယ် ။ သိပ်မကြာခင်မှာ သူ့ရဲ့ ပါရမီကောင်းတွေကို ကျွန်တော်တို့ မြင်တွေ့ရလိမ့်မယ်လို့ ထင်မိပါတယ် ” လို့ ပေါ်လစ္စတာ က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar