စီနီယာ အသင်းမှာ ကစားခွင့်ပေးသွားဖို့ ရှိနေတဲ့ လူငယ် ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က နိုင်ငံတကာ ပွဲစဉ်တွေ ကစားပြီးနောက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစား သမားလေး ဟန်နီဘယ် မေ့ဂျ်ဘရီ ကို စီနီယာ အသင်းမှာ အခွင့်အရေး ပေးသွားဖို့ ရှိနေကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

အသက် 18 နှစ်သာ ရှိနေသေးတဲ့ ယူနိုက်တက် ကြယ်ပွင့် ကွင်းလယ် တိုက်စစ် ကစားသမားလေး ဟန်နီဘယ် မေ့ဂျ်ဘရီ ဟာ အာရပ် ဖလား ပြိုင်ပွဲမှာ တူနီရှား အသင်းကို ဒုတိယဆု ရရှိစေရေး အတွက် တကယ့်ကို အရေးပါတဲ့ ကဏ္ဍ တစ်ရပ်မှ ပါဝင်ပေးနိုင်ခဲ့ ပါတယ် ။

ယခင်တုန်းက မိုနာကို အသင်းမှာ ရှိနေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမားလေးဟာ အရင်တုန်းက ပြင်သစ် လူငယ် အသင်းအတွက် ကစားပေးခဲ့သူ ဖြစ်ပြီး ဒီနှစ်မှာပဲ တူနီးရှား နိုင်ငံသား အဖြစ် ခံယူခဲ့သူပဲ ဖြစ်ပါတယ် ။

အဲ့ဒီမှာတော့ သူဟာ နိုဝင်ကနေ ဒီဇင်ဘာ အထိ ကျင်းပခဲ့တဲ့ အာရပ် ဖလား ပြိုင်ပွဲမှာ တူနီးရှား အတွက် ပွဲတိုင်း ပါဝင် ကစားပေးခဲ့ရတဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပြီး အသင်းကို ဖိုင်နယ် အထိ ပို့ဆောင်ပေးရေးမှာ အရေးပါသူ တစ်ဦးလည်း ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက်တော့ အခုအချိန်ထိ တစ်ပွဲ (မေလ တုန်းက ဝုလ်ဗ်နဲ့ ပွဲ) သာ ပါဝင် ကစားခွင့် ရရှိထားခဲ့ပါသေးတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ သူဟာ လူငယ် အသင်းမှာ ခြေစွမ်းကောင်း ပြသနေခဲ့သူ တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါကြောင့် ယူနိုက်တက် နည်းပြ ရန်းဂနစ်က နိုင်ငံ့ ပွဲစဉ်တွေ ကစားပြီးနောက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ လူငယ်လေးကို စီနီယာအသင်းမှာ ပွဲကစားခွင့်တွေ ပေးသွားဖို့ ရှိနေကြောင်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ အသင်းမှာ ကစားသမား 25 ယောက် ရှိနေပါတယ် ။ ကျွန်တော်တို့ အသင်းမှာ လိုနေတာက ပေါ့ဂ်ဘာ တစ်ဦးထဲပါပဲ ။ သူကတော့ ကြံ့ခိုင်မှုတွေ ပြန်လည် ကောင်းမွန်ဖို့ လိုအပ်နေသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ”

” ဟန်နီဘယ် (မေ့ချ်ဘရီ) ကတော့ ကျွန်တော် ဒီကို ရောက်လာခဲ့တဲ့နောက် စီနီယာ အသင်းကြီးနဲ့ ပထမဆုံး အကြိမ်အဖြစ် လာရောက် လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ် ။ သူဟာ နိုင်ငံ့ အသင်းအတွက် အာရပ်ဖလား ပြိုင်ပွဲမှာ ကစားပေးပြီးချင်းပဲ ဒီကို လာရောက်ပူးပေါင်းခဲ့တာပါ ”

” ဇန်နဝါရီ မှာ အာဖရိက ဖလား ပြိုင်ပွဲ ကစားရဖို့ ရှိနေသေးတာကြောင့် ကံမကောင်းစွာပဲ ကျွန်တော်တို့ သူ့ကို ဆက်လက် ဆုံးရှုံးသွားကြရဖို့ ရှိနေပါသေးတယ် ။ ကျွန်တော်ကတော့ အာရပ် ဖလား ဖိုင်နယ် ပွဲစဉ် ကို စောင့်ကြည့်ဖြစ်ခဲ့ပါသေးတယ် ”

” ဒါကို ကြည့်ပြီးနောက် သူဟာ အကယ်ဒမီ ကနေ ရောက်လာတဲ့ ပါရမီ ကောင်းတဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်တယ်ဆိုတာကို ကျွန်တော် သိနိုင်ခဲ့ပါတယ် ။ အာဖရိက ဖလားပွဲ ကစားပြီးချိန်မှာ သူ ကျွန်တော်တို့နဲ့ ပူးပေါင်း လေ့ကျင့်ပြီး အသင်းရဲ့ အစိတ်အပိုင်း ဖြစ်လာဖို့ မျှော်လင့်နေပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar