စိတ်၀င်စားစရာ ပွဲကောင်းတစ်ချို့နဲ့…ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ဒီကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကစားသွားမှာ ဖြစ်ပြီး လီဗာပူး နဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်း အို၀င် ဒီပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြသွားခဲ့ပါတယ်။

၁~ဘရန့်ဖို့ဒ် vs မန်ယူနိုက်တက်
ကျွန်တော် ဒီပွဲကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ၀က်ဖို့ဒ်ကို နိုင်ခဲ့တာဟာ ဘရန့်ဖို့ဒ်အတွက် အရေးပါတဲ့နိုင်ပွဲ ဖြစ်ခဲ့ပြီး ဒါဟာ အသင်းကို ယုံကြည်မှု တိုးပွားစေပါတယ်။ တန်းဆင်းဇုန် ၃ သင်းနဲ့ အမှတ်တွေ ကွာဟအောင် လုပ်ထားနိုင်တာကလည်း ဘရန့်ဖို့ဒ် အတွက် ပွဲကစားရတာ စိတ်အေးလက်အေး ဖြစ်စေပါတယ်။

နော့ရစ်ခ်ျနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံ မကောင်းခဲ့ပေမယ့် ရန်းနစ် အတွက်ကတော့ လိဂ်ပြိုင်ပွဲ ၂ ပွဲကစား ၂ ပွဲနိုင် clean sheet ၂ ပွဲ စလုံး ရယူနိုင်ခဲ့တာဟာ အရေးပါလှပါတယ်။ ဒီဂီယာဟာ အဲဒီပွဲမှာ တကယ့်ကို စူပါလက်စွမ်းပြခဲ့ပြီး အကောင်းဆုံး ပုံစံ ရနေသလိုပါပဲ။ ဒါဟာ ယူနိုက်တက်အတွက် စမ်းသပ်မှု တစ်ခု ဖြစ်နိုင်ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ pressing ဟာ ကစားရတာ ခက်ခဲတက်ပြီး အထူးသဖြင့် အိမ်ကွင်းပရိတ်သတ်လည်း နောက်မှာ ရှိနေလို့ပါ။ ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် အတွက် အင်အားကောင်းလွန်းနေမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ဘရန့်ဖို့ဒ် ၁-၂ မန်ယူနိုက်တက်

၂~မန်စီးတီး vs လိဒ်
စီးတီးဟာ ဝုဖ်ကို ခက်ခက်ခဲခဲ ကစားကာ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒါဟာ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ စုစည်းမှု အားကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာဟာ ဘယ်တော့မှ လွယ်ကူမှု မရှိပေမယ့် စီးတီးဟာ အနိုင်ရဖို့ အတွက် လုံလောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ပြီးခဲ့တဲ့ ပွဲကထက် အပြန်အလှန် ဖြစ်မယ့်ပွဲကို ကျွန်တော် မျှော်လင့်ထားပါတယ်။ လိဒ်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ လက်ဗလာနဲ့ ပြန်ခဲ့ရတာဟာ တကယ့်ကို ကံမကောင်းခဲ့လို့ ဖြစ်ပါတယ်။ ဒီပွဲကနေ အနည်းဆုံး သရေတစ်မှတ်တော့ ရခဲ့သင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် လိဒ်ဟာ အဲဒီပွဲမှာ ကစားပုံ ကောင်းခဲ့ပြီး ဒုတိယဂိုးဟာ မြင်နေကျ လိဒ်ရဲ့ သွင်းဂိုးဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ သွင်းဂိုးတွေကို မြင်တွေ့ရမှာပါ။ လိဒ်ဟာ ဘယ်တုန်းကမှ ခံစစ်ကို အထိုင်ချပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတဲ့ အသင်း မဟုတ်ခဲ့ပါဘူး။ သူတို့ဟာ ပြန်လည် တိုက်စစ်ဆင်ဖို့ ကြိုးစားသွားမှာပါ။ ဒါဟာ စီးတီးအတွက် အံကိုက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ စီးတီးတို့ ဂိုးပြတ်နိုင်ပွဲ ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : မန်စီးတီး ၄-၁ လိဒ်

၃~အာဆင်နယ် vs ၀က်ဟမ်း
ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ။ အာဆင်နယ်ဆီက ဘာတွေ မျှော်လင့်ရမလဲဆိုတာ ကျွန်တော် ဘယ်တော့မှ မသိပါဘူး။ သူတို့ဟာ အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့ပေမယ့် ဆောက်သမ်တန်ကိုတော့ လွယ်ကူစွာ နိုင်ခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ဒီပွဲကိုသာ နိုင်ခဲ့မယ် ဆိုရင် ဟမ်းမားတို့ကို ကျော်တက်နိုင်မှာ ဖြစ်တာကြောင့် ဒါဟာ အခွင့်အရေးကောင်းပါပဲ။ ဘန်လေကို အဝေးကွင်းမှာ ကစားရတာ ဘယ်တော့မှ မလွယ်ကူပေမယ့် ၀က်ဟမ်းအနေနဲ့ တစ်မှတ်နဲ့သာ ပြန်လာနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေမှာပါ။

၀က်ဟမ်းဟာ အဆင့် ၄ နေရာမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် နောက်ကလိုက်နေတဲ့ အသင်းတွေဟာ သူတို့နဲ့ နီးကပ်လာပြီ ဖြစ်ပါတယ်။ ၀က်ဟမ်း အနေနဲ့ ဒီပွဲကို မရှုံးဖို့ အတွက် အသဲအသန် ကစားသွားမှာ ဖြစ်ပြီး ခံစစ်ကို ကျစ်လစ်အောင် ကစားသွားဖို့ ရှိပါတယ်။ ကျွန်တော်ကတော့ ၀က်ဟမ်းဟာ အာဆင်နယ်ကို စိတ်ကသိကအောင် ဖြစ်စေလိမ့်မယ်လို့ မြင်မိပြီး တစ်မှတ် ခွဲယူသွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းချက် : အာဆင်နယ် ၁-၁ ၀က်ဟမ်း

၄~လက်စတာ vs စပါး
နယူးကာဆယ်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ လက်စတာဟာ ဒီရာသီရဲ့ အကောင်းဆုံး ပုံစံကို ပြသခဲ့ပါတယ်။ ဘောလုံးကို ကောင်းစွာ ရွေ့လျားကစားခဲ့ပြီး ကစားပုံ တစ်ချို့ဟာ အတော့်ကို ကောင်းခဲ့ပါတယ်။ ဒီပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် လက်စတာ တို့ ဇယားထိပ်ပိုင်းကို တက်လာနိုင်မှာပါ။ စပါးဟာ ကိုဗစ်ကိစ္စကြောင့် ပြီးခဲ့တဲ့ ၂ ပွဲကို ရွေ့ဆိုင်းထားခဲ့ရပါတယ်။ ကွန်တီ အနေနနဲ့ လေ့ကျင့်ရေးကွင်းမှာ အချိန်ပိုရသွားမှာ ဖြစ်ပြီး ဒီပွဲမှာ ကွန်တီ ကောင်းကောင်း မောင်းထားတဲ့ အသင်းကို မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ကျွန်တော် ဒီပွဲအတွက် စပါးကိုပဲ ရွေးပါတယ်။ သူတို့ဟာ ကွန်တီရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ပြသထားခဲ့ပြီး ဒါဟာ ပြိုင်ဘက်တွေကို သတိပေးတဲ့ နိုင်ပွဲ ဖြစ်လာမှာပါ။

ခန့်မှန်းချက် : လက်စတာ ၁-၂ စပါး

၅~ချဲလ်ဆီး vs အဲဗာတန်
ချဲလ်ဆီးဟာ ပုံစံကောင်း မပြနိုင်ခဲ့ပေမယ့်လည်း လိဒ်ကို အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးရဲ့ ကစားပုံ သိပ်မကောင်းဘဲ ဖြစ်နေပြီး ခံစစ်ကစားပုံကလည်း သောမတ်တူချယ် အတွက် စိတ်ပူစရာပါ။ အဲဗာတန် အသင်းကတော့ mood မကောင်းဘဲ ဖြစ်နေမှာပါ။ အာဆင်နယ်ကို နိုင်ခဲ့ပြီးနောက် ဒါဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာစေမယ့် အရာလို့ ကျွန်တော်တွေးခဲ့ပေမယ့် ပဲလေ့စ်နဲ့ပွဲမှာ သူတို့ရဲ့ ကစားပုံဟာ ဆိုးရွားလှပါတယ်။

ဘင်နီတက်ဇ် အတွက် ဖိအားတွေ များနေပါပြီ။ အသင်းဟောင်းတွေ ထဲက တစ်သင်းနဲ့ ပြန်လည်တွေ့ဆုံရမယ့် ပွဲမှာလည်း အခြေအနေတွေ ပိုကောင်းလာဖို့ သိပ်ပြီး မရှိပါဘူး။ ချဲလ်ဆီးရဲ့ ခံစစ်ဟာ အံ့အားသင့်ဖွယ် ပေးဂိုးတွေ များနေပေမယ့် ကျွန်တော် ကတော့ ချဲလ်ဆီးပဲ နိုင်သွားလိမ့်မယ်လို့ အကြိုက်ပေးမိပါတယ်။

ခန့်မှန်းချက် : ချဲလ်ဆီး ၃-၁ အဲဗာတန်

၆~လီဗာပူး vs နယူးကာဆယ်
ဗီလာဟာ အန်ဖီးမှာ လီဗာပူးကို အချိန်အကြာကြီး စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် နိုင်ပွဲရဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ လီဗာပူးဟာ အကောင်းဆုံး အရှိန်အဟုန်ကို ရဖို့အတွက် တည်ဆောက်နေပြီး ဒီပွဲစဉ်မှာလည်း သွင်းဂိုးတွေ ထပ်ပြီး ရရှိဖို့ အတွက် ပစ်မှတ်ထားနေမှာပါ။ ဘန်လေကို အနိုင်ရခဲ့ပြီးနောက် နယူးကာဆယ်တို့ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာပြီလို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဒီလို မဟုတ်ခဲ့ပါဘူး။

လက်စတာနဲ့ပွဲဟာ တကယ့်ကို disaster ဖြစ်ခဲ့ပြီး ခံစစ်ကစားပုံကလည်း အံ့အားသင့်ဖွယ် ဆိုးရွားခဲ့ပါတယ်။ အက်ဒီဟောင်း အနေနဲ့ ဇန်နဝါရီ အမြန်ရောက်ဖို့ အတွက် ဆန္ဒပြင်းပြနေမှာ ဖြစ်ပြီး ကစားသမားကောင်း တစ်ချို့ အားဖြည့်နိုင်ဖို့ မျှော်လင့်နေမှာပါ။ ကျွန်တော်ကတော့ ဒီပွဲမှာ နိုင်မယ့်အသင်းက တစ်သင်းပဲ ရှိတယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : လီဗာပူး ၃-၁ နယူးကာဆယ်

အခြားပွဲစဉ်များ
နော့ရစ်ခ်ျ ၀-၁ အက်စတွန်ဗီလာ
ဘရိုက်တန် ၁-၁ ဝုဖ်
ဘန်လေ ၁-၀ ၀က်ဖို့ဒ်
ခရစ်စတယ်ပဲလေ့စ် ၂-၁ ဆောက်သမ်တန်

SM