စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့သလို အငြင်းပွားစရာများနဲ့ လန်ဒန်မှာ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ စပါး ၂-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

အငြင်းပွားစရာများနဲ့ အတူ လီဗာပူးနဲ့ တော့တင်ဟမ် တို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက် ၂ ဂိုးစီ သရေကျကာ ပွဲပြီးသွားခဲ့ပါတယ်။ တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက ဒီပွဲရဲ့ အဓိက ပြောစရာတွေ ဖြစ်သွားခဲ့ပြီး နှစ်သင်းစလုံး ကိုယ့်အမြင်နဲ့ကိုယ် ဒေါသထွက်စရာတွေ ဖြစ်ခဲ့ပါတယ်။

အစောပွဲမှာ မန်စီးတီး အနိုင်ရခဲ့ပြီး ချဲလ်ဆီးတို့ သရေကျခဲ့တာကြောင့် လီဗာပူးဟာ ဖိအားတွေ များခဲ့ပြီး ဒီပွဲစဉ်ကို တီယာဂို နဲ့ ဟန်ဒါဆန် တို့လို ကွင်းလယ်လူတွေ လွဲချော်သွားခဲ့တာကလည်း အကူအညီ မဖြစ်ခဲ့ပါဘူး။ ကလော့ရဲ့ set-up ဟာ တကယ့်ကို စွန့်စားလွန်းခဲ့ပြီး လီဗာပူး နောက်တန်းဟာ ပထမပိုင်းမှာ ပေါက်ထွက်နေခဲ့ကာ စပါးတို့ကို အခွင့်အရေး များစွာ ပေးခဲ့ရပါတယ်။

ကိန်း နဲ့ ဆွန် တို့အတွဲဟာ ဒီပွဲစဉ်မှာ ကိုနာတေး မာတစ် တို့အတွဲနဲ့ အကြိမ်များစွာ ၂ ဦးချင်းတွေ ရင်ဆိုင်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်လို့သာ ဂိုးတွေ မရခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~VAR ဒိုင်ရဲ့ ဆိုးရွားတဲ့ အမှားအယွင်းများ

ဟယ်ရီကိန်း အနေနဲ့ ပထမပိုင်းမှာ ရောဘတ်ဆန်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ပေမယ့်လည်း အနီကတ် ပြသခံခဲ့ရခြင်း မရှိတာက ပြောစရာ ဖြစ်ခဲ့တဲ့ အပြင် ဒီထက် ဆိုးတာကတော့ VAR ဒိုင် ခရစ်ကာဗာနက်ဟာ ပင်နယ်တီ ဧရိယာအတွင်း ဂျိုတာ သိသိသာသာ ပြစ်ဒဏ် ကျူးလွန်ခံခဲ့ရတာကို လျစ်လျူရှုခဲ့တာကတော့ အဆိုးဆုံး ဖြစ်ပါတယ်။

အဲဒီနောက် ရောဘတ်ဆန်ဟာ ဒုတိယပိုင်းမှာ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် အနီကတ် ထိခဲ့ပေမယ့် ကိန်းသာ အနီကတ် ထိခဲ့မယ် ဆိုရင် ပွဲဟာ လုံးဝကို အပြောင်းအလဲ ဖြစ်သွားမှာပါ။

ကလော့ဟာ ကွင်းဘေးစည်းမှာ ပေါက်ကွဲနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာ ကွင်းလယ်ဒိုင် ပေါလ်တီယာနေးကို အပြင်းအထန် စောဒကတက်ခဲ့ပါတယ်။

 

အဓိက ကစားသမားတွေ လွဲချော်ထားခဲ့တဲ့ လီဗာပူးဟာ ကွင်းထဲမှာ တော့တင်ဟမ်နဲ့ တိုက်ပွဲဝင်ခဲ့ရရုံသာမကဘဲ ဒိုင်တွေနဲ့ပါ တိုက်ပွဲဝင်သွားခဲ့ရပြီး ဒီတစ်ခါမှာတော့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ပါတယ်။

၂~အန်ဖီးမှာ ကြယ်ပွင့်တစ်ဦး ပေါ်ထွက်လာခြင်း

တိုင်လာမော်တန်ဟာ ဂျိမ်းမီနာ လိဒ်ယူနိုက်တက်နဲ့ အတူ ပထမဦးဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ အချိန်တုန်းက ၁၀ ရက်သား သာ ရှိပါသေးတယ်။ ဒါဟာ မော်တန်အတွက် ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပြီး ကွင်းလယ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ပါတယ်။

တစ်ချို့ အချိန်တွေမှာ မော်တန် အနေနဲ့ ခံစစ် ကစားရာမှာ အခက်အခဲတွေ ရှိခဲ့ပြီး သက်တောင့်သက်သာ မဖြစ်ခဲ့ပေမယ့်လည်း ဒါဟာ ၎င်းရဲ့ အမှား မဟုတ်ဘဲ ကွင်းလယ် ခံစစ်မှာ တစ်ဦးတည်း ကစားခဲ့ရတဲ့ system ကြောင့် ဖြစ်ပါတယ်။

မော်တန်ရဲ့ ဘောလုံး ကိုင်ကစားပုံကတော့ တကယ့်ကို ကောင်းမွန်လှပြီး ၎င်းရဲ့ ဘောလုံး ဖြန့်ဝေမှုတွေက ထိပ်တန်း အဆင့် ဖြစ်ပါတယ်။

၃~ဟီးရိုးလက်စွမ်းပြခဲ့တဲ့ အလီဆွန်

ဒီပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ် ကစားပုံဟာ တကယ့်ကို စွန့်စားလွန်းခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ဗီလာကို ၇-၂ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်တုန်းကလိုမျိုး ပထမပိုင်းမှာ ခံစစ်က ပေါက်ထွက်နေခဲ့ပါတယ်။ စပါး အနေနဲ့ ပထမပိုင်းမှာတင် အနည်းဆုံး ၃ ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပြီး အလီဆွန်ကြောင့်သာ လီဗာပူးတို့ ပွဲအတွင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်က ဒယ်လီအလီ ၊ ကိန်း ၊ ဆွန် တို့ရဲ့ အပိုင် အခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်မှုတွေဟာ ကာကွယ်မှုပေါင်း များစွာထဲက အကောင်းဆုံးတွေ ဖြစ်ပြီး အလီဆွန်ကြောင့်သာ မဟုတ်ဘူးဆိုရင် လီဗာပူး အနေနဲ့ ဒီပွဲမှာ အနည်းဆုး ၅ လောက် ပေးရမှာ အသေအချာ ပါပဲ။

ဆွန်ရဲ့ သွင်းဂိုးမှာတော့ အလီဆွန် အနေနဲ့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ကာ အမှားအယွင်း ကျူးလွန်ခဲ့ပေမယ့်လည်း အဲဒီအချိန် မတိုင်မီ အလီဆွန်ဟာ လီဗာပူး အတွက် ကာကွယ်မှုပေါင်းများစွာ လုပ်ပေးထားခဲ့ပါတယ်။

၄~ကိန်းရဲ့ သွင်းဂိုးနဲ့ ပွဲရှိန်ပြန်ရသွားခဲ့တဲ့ စပါး

စပါးဟာ ကိုဗစ် outbreak ကြောင့် ၂ ပတ်လောက် ပွဲကစားထားခြင်း မရှိတဲ့ အသင်း ဖြစ်ပြီး လီဗာပူးနဲ့ ပွဲစဉ်မှာ ပထမပိုင်း ၁၀ မိနစ်လောက်ထိ ပွဲရှိန်မရ ဖြစ်နေခဲ့ပါတယ်။ လီဗာပူးဟာ အစောပိုင်းမှာ စပါးကို လွှမ်းမိုးကစားသွားခဲ့ကာ ရောဘတ်ဆန်ရဲ့ အပိုင်ခေါင်းတိုက်မှု လွဲချော်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။

ဒါပေမယ့် စပါးရဲ့ အဓိကကစားသမား ကိန်းဟာ ပွဲကို အပြောင်းအလဲ လုပ်ပေးသွားခဲ့ပြီး အန်ဒွန်ဘီလီရဲ့ မျှောပေးမှုကနေ အပိုင်ကန်သွင်းမှုခဲ့ပြီး စပါးကို ဦးဆောင်စေခဲ့ပါတယ်။

ဒီဂိုးကြောင့်လည်း ကွန်တီရဲ့ အသင်းဟာ ယုံကြည်မှု အားကောင်းလာခဲ့ပြီး ကွင်းလယ်ပိုင်း အားနည်းနေတဲ့ လီဗာပူးရဲ့ အားနည်းချက်တွေကနေ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အလီဆွန် လက်စွမ်းပြခဲ့ပြီး ကိန်း ဆွန် ဒယ်လီအလီ တို့ အပိုင်အသုံးမချနိုင်ခဲ့လို့သာ ပွဲကို မဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စပါးဟာ top 4 အတွက် အရေးပါလှတဲ့ အဖိုးတန် တစ်မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာ လာမည့် ပွဲစဉ်တွေ အတွက် အားတက်စရာ ခြေစွမ်း ဖြစ်ပါတယ်။

၅~အဓိက ကစားသမားတွေ လွဲချော်မှု ဒဏ်ကို ခံခဲ့ရတဲ့ လီဗာပူး

လီဗာပူး အသင်းရဲ့ အဓိက ကျောရိုးတွေ ဖြစ်ကြတဲ့ ဗန်ဒိုက် ဖာဘင်ညို တီယာဂို ဟန်ဒါဆန် တို့ဟာ ကိုဗစ် နဲ့ အဖျားဝေဒနာတွေကြောင့် ဒီပွဲကို လွဲချော်ခဲ့ကြပါတယ်။

ပွဲထွက်စာရင်း ထွက်ပေါ်လာကတည်းက လီဗာပူး ကွင်းလယ်ဟာ အတော့်ကို အားနည်းနေခဲ့ပြီး ကလော့ အနေနဲ့ တိုင်လာမော်တန်ကို ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့် ပေးခဲ့ရပါတယ်။

ဒါ့အပြင် မီနာ နဲ့ ကီတာ တို့ကလည်း ခံစစ်ကို ကူညီနိုင်မှု အားနည်းခဲ့တာကြောင့် လီဗာပူး ခံစစ်ပိုင်းက တောက်လျှောက်ကို ပေါက်ထွက်နေခဲ့ပြီး စပါးတို့ ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့်သာ သက်သာ ခဲ့ရတာပါ။ လီဗာပူး အနေနဲ့ ပွဲကျပ်တွေ တောက်လျှောက် ကစားသွားရမှာ ဖြစ်တာကြောင့် ဒီကစားသမား ၄ ဦးကို အမြန်ဆုံး ပြန်လည် လိုအပ်နေပါတယ်။

SPORTS MYANMAR