” စိတ်မနှံ့ခြင်း ” ပရီးမီးယားလိဂ် အပေါ် ပေါက်ကွဲလိုက်တဲ့ နောက်ထပ် နည်းပြ တစ်ဦး (သို့) ဒင်းစမစ်

နောဝှစ်ချ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒင်းစမစ် ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ဒဏ်ကို ပရီးမီးယားလိဂ် အသင်းတိုင်းနီးပါး ကြုံတွေ့ ခံစားနေရတဲ့ ယခုလို အချိန်ကာလမျိုးမှာ 48 နာရီသာ နားပြီး နောက်တစ်ပွဲ ကစားစေခြင်းက စိတ်မနှံ့ခြင်းပဲလို့ ပေါက်ကွဲလိုက်ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် 10 ပွဲ ကစားဖို့ ပွဲချိန် ဇယား ရေးဆွဲခံခဲ့ရပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ပြသနာတွေ ကျယ်ပြန့်နေမှုကြောင့် ပွဲစဉ် 6 ပွဲ ရက်ရွှေ့ခဲ့ရပြီး 4 ပွဲသာ ကစားခဲ့ရပါတယ် ။ အဲ့ဒီထဲမှာ နောဝှစ်ချ် နဲ့ ဝက်စ်ဟမ်း ပွဲလည်း ရွှေ့ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ဘောက်ဆင်ဒေး ပွဲစဉ်အဖြစ် ရင်ဆိုင် ကစားကြမယ့် လီဗာပူး Vs လိဒ်စ် ၊ ဝက်ဖို့ဒ် Vs ဝုလ်ဗ် ၊ ဘန်လေ Vs အဲဗာတန် ပွဲစဉ် တွေကိုလည်း ကိုရိုနာ ဗိုင်းရပ်စ် ဒဏ်ကြောင့် ပွဲကစားချိန်ကို ရွှေ့ဆိုင်း ထားခဲ့ရပါသေးတယ် ။

ဒါပေမဲ့ ဒီတစ်ပါတ် ဘောက်ဆင်ဒေးမှာတော့ နောဝှစ်ချ် အသင်းဟာ အာဆင်နယ် အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေပြီး 2 ရက် အကြာ ( 48 နာရီ တိတိ ) မှာပဲ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ဆက်လက် ကစားသွားရဖို့ ရှိနေပါတယ် ။

ဒီအတွက် နောဝှစ်ချ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒင်းစမစ် က အထူးပေါက်ကွဲခဲ့ပြီး ခေတ်ကာလ မကောင်းတဲ့ အချိန်မျိုးမှာ အခုလို အနားယူချိန် အနည်းငယ်သာ ပေးပြီး 2 ပွဲဆက် ကစားစေခြင်းက တကယ့်ကို စိတ်မနှံ့ခြင်းပဲလို့ ဝေဖန်ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့မှာ ရောဂါ ဝေဒနာ ခံစားရသူတွေ ထပ်မံ ရှိလာခဲ့ပါတယ် ။ ဒါပေမဲ့ အချို့ကတော့ အသင်းဆီ ပြန်လာနိုင်ခဲ့ကြပါပြီ ။ လက်ရှိ အနေအထား အရတော့ ဘောက်ဆင်ဒေး ပွဲစဉ်ကို ကစားခွင့် ဘယ်နှစ်ယောက်လောက် လွဲချော်ကြမလဲဆိုတာ ကျွန်တော်တို့ မသိကြသေးပါဘူး ”

” ကျွန်တော်တို့တွေဟာ အမြန်ဆုံး အနားယူ အားမွေးနိုင်ဖို့ တွန်းအားတွေ ပေးနေခဲ့ကြရပါတယ် ။ ဒီလို လုပ်ဆောင်ခြင်းတွေကြောင့် ကစားသမား အချို့ဟာ လေ့ကျင့်ရေး ကွင်းထဲမှာ ဒဏ်ရာရသွားတာမျိုးလည်း ရှိနေခဲ့ရပါတယ် ။ ဒါဟာ အသင်းမှာ ရှိနေသူတွေ အားလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ ”

” ပြီးတော့ ကျွန်တော်တို့တွေ 48 နာရီ အတွင်း ပွဲစဉ် 2 ပွဲဆက် ကစားရမယ် ဆိုတာကလည်း တကယ့်ကို စိတ်မနှံ့တဲ့ စီမံမှု တစ်ခုပါပဲ ။ အခုလို ကစားနေရမယ်ဆိုရင် ကွင်းထဲမှာ ပွဲချိန် ပြင်းထန်မှု ရှိ ၊ မရှိ အပေါ် မေးခွန်းထုတ်စရာ ဖြစ်သွားရပါလိမ့်မယ် ”

” အကယ်လို့ အသင်း တစ်သင်းက ရက်သတ္တပါတ်တိုင်း အခုလိုချည်း ကစားသွားရမယ်ဆိုရင် အဲ့တာက အဆိုပါ အသင်းရဲ့ လိဂ် အမှတ်ပေး ဇယား ရပ်တည်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်သွားစေပါလိမ့်မယ် ” လို့ ဒင်းစမစ် က အကျိုးအကြောင့်သင့် ဝေဖန်ထိုးနှက်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar