စာချုပ်သစ် ကိစ္စ အဆင်မပြေဖြစ်သွားတာကြောင့် ဒမ်ဘီလီ ကို အလွတ်ကြေး နဲ့ လက်လွှတ်ရဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းရဲ့ တာဝန် ရှိသူတွေ က ဒမ်ဘီလီ ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အတွက် အဆင်ပြေတော့မယ်လို့ ယုံကြည်ထားခဲ့ကြတာပါ။

ဒါကြောင့် နောက်ဆုံး တရားဝင် အတည်ပြုနိုင်မယ်လို့ မျှော်လင့်ချက်တွေ နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးကို မနေ့ညက ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ ဆစ်ဆိုခို နဲ့ ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေ အကြား တရားဝင် ကျင်းပခဲ့ကြပါတယ်။

စပိန် ဂျာနယ်လစ် Gerard Romero ကတော့ အစည်းအဝေး ဟာ ညှိနှိုင်းလို့ မရတဲ့ အကြောင်းအရင်းများစွာ နဲ့ ဂွပြဲခဲ့တယ်လို့ ရေးသားလိုက်ပြီး ၊ ဒမ်ဘီလီ ကလဲ ရာသီ အကုန်မှာ ဘာစီလိုနာ နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း ဖော်ပြသွားခဲ့ ပါတယ်။

ကတ်တလန် အခြေစိုက် အားကစား သတင်းစာတွေ မှာတော့ အဆိုပါ အစည်းအဝေးက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ဝန်ခံထားပြီး ၊ ကာယကံရှင် ကစားသမား ကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်ပြီး ကစားချင်တဲ့ ဆန္ဒ ရှိနေဆဲ ဖြစ်လို့ လုံး၀ ညှိလို့ မရတဲ့ အခြေအနေမျိုး မဟုတ်သေးဘူးလို့ ရေးသားလျှက် ရှိနေပါတယ်။ သို့သော် ဘာစီလိုနာ အသိုင်းဝိုင်း မှာတော့ ဒမ်ဘီလီ ဟာ အသင်းမှာ ဆက်ရှိနေဖို့ထက် ၊ လမ်းခွဲဖို့က ပိုများနေတယ်လို့ ပြောဆိုနေကြပါတယ်။

ကလပ် အသင်း တာဝန်ရှိသူတွေ ကတော့ မနေ့ညက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးမျိုး ဖြစ်မယ်လို့ မျှော်လင့်ထားခဲ့ပြီး ၊ ဒီတစ်ကြိမ်ပြီးတာ နဲ့ တရားဝင် ကြေငြာချက်တောင် ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်ရှိ စာချုပ် သက်တမ်း ကလဲ ဒီရာသီ အကုန်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

သို့သော် ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ မူဆာ ဆစ်ဆိုခို တောင်းဆိုတဲ့ လစာ ပမာဏ က အရမ်းကို များလွန်းနေပြီး ၊ ကလပ် က ပေးနိုင်တဲ့ အနေအထား က အရမ်းကြီး ကွာဟနေတယ်လို့ သိရပါတယ်။ ဒမ်ဘီလီ ဘက်ကလဲ ကလပ် အသင်းဟာ ဖာရန် တောရက် ကိုတောင် ယူရို 55 သန်းပေးပြီး ခေါ်ယူထားတာ ဖြစ်လို့ ၊ ဘာစီလိုနာမှာ လစာပေးချေနိုင်တဲ့ ပမာဏမျိုး ရှိတယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့် လစာ ကိစ္စပြောဆိုကြတဲ့ အခြေအနေမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု အပေးအယူ ရှိပုံ မကြရပါဘူး။

မနေ့ညက အစည်းအဝေးမှာ ရလာဒ် တစ်ခု မထွက်ခဲ့ပေမယ့် ၊ ကစားသမား က ဘာစီလိုနာမှာပဲ ဆက်ရှိ နေချင်တဲ့ ဆန္ဒကြောင့် နောက်ထပ် ဆွေးနွေးပွဲတွေ ကို ရှေ့လာမယ့် ရက်ပိုင်းအတွင်းမှာ ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ ဒမ်ဘီလီ ဟာ ဇန်နဝါရီ လ 1 ရက်နေ့ ရောက်တာ နဲ့ ၊ အခြား ကလပ်အသင်း တစ်ခု နဲ့ တရားဝင် လွတ်လပ်စွာ ဆွေးနွေး ပြောဆိုခွင့် ရရှိသွားတော့မှာပါ။

နာမည်ကြီး အားကစား သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ကတော့ ဒမ်ဘီလီ ရဲ့ စာချုပ်သစ် ကိစ္စဟာ အရမ်းကို ရှုပ်ထွေးလွန်းနေတယ်လို့ သုံးသပ်ပြီး ၊ ဘယ်လို ရလာဒ်မျိုး ထွက်လာမလဲ ဆိုတာ ခန့်မှန်းရ ခက်နေတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ် နှစ်ခုက ဒမ်ဘီလီ ကို ရာသီ အကုန်မှာ အလွတ်ကြေး နဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ ရှိလာနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

စည်းကမ်းပိုင်း ဆိုင်ရာ အရ စဉ်းစားစရာတွေ ရှိနေပေမယ့် ၊ ခြေစွမ်းပိုင်း အရတော့ ဒမ်ဘီလီ လို ကစားသမားမျိုးကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှားမယ် မထင်ပါဘူး။ ဒါကြောင့် ဘာစီလိုနာ နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်သွားတဲ့ သတင်းဟာ သူ့ကို လိုချင်တဲ့ ပြိုင်ဘက် ကလပ်တွေကို အချက်ပေး ခေါင်းလောင်း ထိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

SM